“လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက် စတင်ခြင်းအခမ်းအနား”ကို ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက In person ဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝှမ်း ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို နိုင်ငံအများကြုံတွေ့ခံစားနေရပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ရာသီဥတုပေါ်မူတည်ကာ တစ်နှစ်ပတ်လုံးသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလေ့ရှိကြောင်း၊ မကြာမီတွင် ဆောင်းအကုန် နွေအကူးကာလကို ရောက်ရှိမည်ဖြစ်သည့်အတွက် နွေဦးရာသီအစနှင့် မုတ်သုန်အဝင်ကာလများတွင်လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး လေပြင်းဘေးကြောင့် ထိခိုက်ပျက်စီးမှုသည်အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့်လည်း လေတိုက်နှုန်းပေါ်မူတည်ကာလေပြင်းတိုက်ခတ်နိုင်မှုများ၊ မုန်တိုင်းဖြစ်ပေါ်နိုင်မှုများကိုအဆင့်များသတ်မှတ်အသိပေးလျက်ရှိကြောင်း၊လေပြင်းတိုက်ခတ်မှုများကြောင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခုတွင် နေအိမ်ပေါင်း(၂၃၇၀၀၀)ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အဆိုပါထိခိုက်ပျက်စီးမှုများ လျော့နည်းစေရန်အတွက် လေပြင်းဘေးဖြစ်ပွားမှုများပြားခဲ့သည့်ဒေသများကို ရွေးချယ်ပြီး လေပြင်းဒဏ်ပိုမိုခံနိုင်ရည်ရှိသည့် အိုးအိမ်များဖြစ်စေရေး အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကစတင်၍ နှစ်စဉ်ဆောင်ရွက်ခဲ့ရာ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခုတွင် နေအိမ်ပေါင်း(၇၅၀၀၀)ကျော်ကို ကျပ်သန်း(၂၇၀၀)ကျော်ကျခံ၍ အားဖြည့်၊ မွမ်းမံဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့နေအိမ်များ အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းနှင့်အတူ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကိုပါ တစ်ပါတည်းထည့်သွင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ Myanmar National Building Codeတွင် အဆောက်အအုံများအား သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိစေရေးအတွက် ဒီဇိုင်းပြုတည်ဆောက်ရမည့်စံနှုန်းများကို သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးက တာဝန်ရှိသူများအနေဖြင့် အမှန်တကယ်ဆောင်ရွက်ရန်လိုအပ်သည့် နေအိမ်များကို စိစစ်ရွေးချယ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ပြည်သူလူထုအနေဖြင့်လည်း ရပ်ရွာအတွင်းသဘာဝဘေးကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများတွင်ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း၊ မိမိတို့၏ နေအိမ်များကို ပိုမိုခိုင်ခံ့အောင်ပြုလုပ်ခြင်း၊ ပြန်လည်အားဖြည့် မွမ်းမံခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများမှ လျော့နည်းစေနိုင်မည်ဖြစ်ကြောင်းတို့ကို ပြောကြားပါသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်မည့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ စီမံချက်ဖွင့်ပွဲအခမ်းအနားတွင် လက်တွေ့ဆောင်ရွက်မှုပြသမည့် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို Online မှ တင်ပြကြပါသည်။ထို့နောက်မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ဂွေးဇီးကျေးရွာအုပ်စု၊ ဂွေးဇီးကျေးရွာ၌ လေပြင်းဒဏ်ခံနိုင်ရည်အားနည်းသည့်နေအိမ်များမွမ်းမံခြင်းလက်တွေ့ဆောင်ရွက်နေမှု၊ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ တောင်ရပ်ကွက်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်နေမှုနှင့် လက်ကမ်းစာစောင်များဖြန့်ဝေနေမှု၊ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ တာကောကျေးရွာအုပ်စု၊ ကန်စုကျေးရွာတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်နေမှုနှင့် နေအိမ်ကြံ့ခိုင်ရေးဆောင်ရွက်နေမှုအခြေအနေများကို Online မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုခဲ့ပြီး ကျေးရွာပြည်သူများအားOnline မှတစ်ဆင့် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို ပြောကြားပြီးစီမံချက်ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ်(၁၄)ခုတွင် နေအိမ်ပေါင်း(၇၅၀၀၀)ကျော်ကို ရန်ပုံငွေကျပ်(၂.၇)ဘီလီယံကျော်ကျခံသုံးစွဲ၍ အားဖြည့်မွမ်းမံခြင်း များ ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း ယခင်နှစ်များနည်းတူ တိုင်းဒေသကြီး/ပြည်နယ်(၇)ခုတွင် နေအိမ်ပေါင်း(၁၁၀၂၀)လုံးကိုရန်ပုံငွေကျပ်(၇၅၂.၄၀၀)သန်းဖြင့် အားဖြည့်မွမ်းမံမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။