သက်ကြီးရွယ်အိုများ၏ဘဝ မြှင့်တင်ရန်၊ လိုအပ်သော ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှုများပေးနိုင်ရန်နှင့် သက်ကြီးရွယ်အိုများအတွက်ရသင့်ရထိုက်သည့် အခွင့်အရေး များ ရရှိခံစားနိုင်စေရန် ရည်ရွယ်၍ “သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ”ကို ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၄၄ ဖြင့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။ ဥပဒေပါ သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုရှိစေရန် လူမှုရေးပင်စင် ထောက်ပံ့ခြင်းအစီအစဉ်ကို ၂၀၁၇ ခုနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
ဥပဒေပါ ရည်ရွယ်ချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ သက်ကြီး ရွယ်အိုများ၏ အခွင့်အရေးများကို ကာကွယ်နိုင်ရေးနှင့် သက်ကြီးရွယ်အိုအား ကြည့်ရှု စောင့်ရှောက်ရေးအတွက် မူဝါဒများနှင့် လမ်းညွှန်ချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်မှုကို ကြီးကြပ်ခြင်းများ ပြုလုပ်နိုင်ရေးအတွက် “မြန်မာနိုင်ငံသက်ကြီးရွယ်အိုများ ဆိုင်ရာကော်မတီ” ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ(၃၁)ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၉/၂၀၁၇)ဖြင့် အတည်ပြုဖွဲ့စည်းခဲ့ပြီး ဖြစ်ပါသည်။ ကော်မတီဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် ဆက်စပ်ဝန်ကြီးဌာနများ၊ သက်ကြီး ရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ပြည်တွင်း/ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းတို့ ပါဝင်ဖွဲ့စည်းထားရှိပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ၂၀၂၁ခုနှစ်၊ မတ်လ ၂၁ရက်နေ့ရက်စွဲပါ၊ အမိန့်ကြော်ငြာစာအမှတ်၊ ၆၄/၂၀၂၁ဖြင့် မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီကို အမြဲတမ်းအတွင်းဝန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအား ကော်မတီအဖွဲ့ဝင်အဖြစ် ဖြည့်စွက်၍ လည်းကောင်း၊ ကော်မတီအဖွဲ့ဝင်အဖြစ် ကော်မတီဝင်-၅ (ရန်ကုန်စည်ပင်)မှ ကော်မတီဝင် (ရန်ကုန်စည်ပင်) အဖြစ်လည်းကောင်း၊ ဒုတိယဉက္ကဋ္ဌ(ဆည်းဆာရိပ်) မှ ဉက္ကဋ္ဌ(ဆည်းဆာရိပ်) အဖြစ် လည်းကောင်း စုစုပေါင်းကော်တီဝင် (၂၄)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ကော်မတီအနေဖြင့် သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင် ရေးနှင့် သက်ကြီးရွယ်အိုအခွင့်အရေးများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးများကို ကျင်းပခဲ့ရာ (၄)ကြိမ်မြောက် ဆောင်ရွက်ပြီး ဖြစ်ပါသည်။
သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေပါ ဖော်ပြချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သက်ကြီးရွယ်အိုများဆိုင်ရာနည်းဥပဒေ(နောက်ဆုံးမူကြမ်း)ကို အတည်ပြု ပြဋ္ဌာန်းနိုင်ရန် တင်ပြဆောင်ရွက်ထားရှိပါသည်။