နောက်ခံသမိုင်း
၁။ မြန်မာနိုင်ငံတွင်အမျိုးသမီးများ၏အခွင့်အရေးများနှင့်ကျား၊မဆိုင်ရာကိစ္စရပ်များကိုအစိုးရ၏မူဝါဒများတွင်ထည့်သွင်းပေါင်းစပ်နိုင်ရေးအတွက်၀န်ကြီးဌာနများအချင်းချင်းပူးပေါင်းဆောင်ရွက်ရန်နှင့်အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားတစ်ခုဖြစ်သည့်မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအား(၃.၇.၁၉၉၆)ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ပါသည်။စတင်ဖွဲ့စည်းစဉ်ကမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအဖြစ်ဖွဲ့စည်းခဲ့ပြီး၂၀၁၂ခုနှစ်၊၂၀၁၆ခုနှစ်တွင်ပြင်ဆင်ဖွဲ့စည်းခြင်း၊၂၀၁၈ခုနှစ်တွင်ကော်မတီ၏အမည်ကိုမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအဖြစ်ပြင်ဆင်ခြင်းနှင့်၂၀၁၉ခုနှစ်တွင်ကော်မတီအဖွဲ့ဝင်ဖြည့်စွက်ဖွဲ့စည်းခြင်းတို့ဆောင်ရွက်ခဲ့ရာ အစိုးရဌာနများအပြင်အမျိုးသမီးအရေးကိုတက်ကြွစွာဆောင်ရွက်နေကြသည့်အမျိုးသမီးအဖွဲ့များကိုပါဝင်ဖွဲ့စည်းထားပါသည်။
၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုအောက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း အမျိုးသမီးများ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအားကျယ်ပြန့်ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၃.၃.၂၀၂၁)ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂၇/၂၀၂၁) ဖြင့်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကော်မတီအားမူဝါဒ (၄) ရပ်၊လုပ်ငန်းတာဝန်(၇)ရပ်ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
၃။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ်ဦးဆောင်ကာ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးလုပ်ငန်းများကိုရှေးရှုဆောင်ရွက်လျက်ရှိရာယင်းလုပ်ငန်းစဉ်များအောင်မြင်ရေးအတွက်ဥပဒေများရေးဆွဲခြင်း၊လုပ်ငန်းစီမံချက်များချမှတ်ခြင်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
၄။ ထို့အပြင်ဒေသအလိုက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် နေပြည်တော်ကော်စီ၊ တိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်၊မြို့နယ်အမျိုးသမီးကော်မတီများကို ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်၍ (၈.၃.၂၀၂၁)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် Online အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
၆။ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအနေဖြင့်တစ်နှစ်လျှင်အစည်းအဝေး(၂) ကြိမ်ကျင်းပဆောင်ရွက်ပြီးအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအစီအစဉ်များကိုပြန်လည်သုံးသပ်ခြင်း၊ဒေသအလိုက်အကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ်လိုအပ်သည့်ကြီးကြပ်လမ်းညွှန်မှုများဆောင်ရွက်ခြင်း၊ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းများကိုဆောင်ရွက်လျက်ရှိပါသည်။
၇။ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဦးဆောင်မှုဖြင့်အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးများဆိုင်ရာလုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း၊အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းအကောင်အထည်ဖော်မှုများနှင့်တိုင်းဒေသကြီး၊ပြည်နယ်များတွင်ဆောင်ရွက်မှုများနှင့်ရလဒ်များအပေါ်ညှိနှိုင်းဆွေးနွေးကြခြင်းဖြင့်အမျိုးသမီးအခွင့်အရေးများပိုမိုမြှင့်တင်ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏မူဝါဒ(၄)ရပ်
(၁) အမျိုးသမီးများသည်နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးကဏ္ဍအသီးသီးတွင်အမျိုးသားများနှင့်တန်းတူအခွင့်အရေးရရှိစေရေးအတွက်ပြဋ္ဌာန်းထားသောဥပဒေများထိရောက်မှုရှိစေရေးနှင့်လိုအပ်သောဥပဒေများရေးဆွဲပြဋ္ဌာန်းနိုင်ရေးအကြံပြုဆောင်ရွက်ရန်၊
(၂) အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်ရန်နှင့်စောင့်ရှောက်မှုများပေးရန်၊
(၃) အမျိုးသမီးများအားမိမိကိုယ်မိမိကာကွယ်ပေးထားသောဥပဒေများနားလည်လာစေရေးနှင့်ဗဟုသုတများပြည့်စုံစေရေးအတွက်ဆောင်ရွက်ပေးရန်၊
(၄) ကုလသမဂ္ဂမှချမှတ်ပေးထားသောစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပန်းတိုင်များ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနှင့်အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များ၊လုပ်ငန်းအစီအစဉ်များကိုနိုင်ငံတော်၏မူဝါဒနှင့်အညီအကောင်အထည်ဖော်ဆောင်ရွက်ရန်။
မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏လုပ်ငန်းတာဝန်များ
(၁) မြန်မာနိုင်ငံမှအတည်ပြုလက်မှတ်ရေးထိုးထားသည့်အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ ဘေဂျင်းကြေညာစာတမ်းနှင့် ဘေဂျင်းလုပ်ငန်းစီမံချက်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ၊အပြည်ပြည်ဆိုင်ရာလူဉီးရေနှင့်ဖွံ့ဖြိုးမှုညီလာခံအပါအဝင်အမျိုးသမီးများဘဝတိုးတက်ရေးအတွက်အပြည်ပြည်ဆိုင်ရာနှင့်ဒေသဆိုင်ရာလုပ်ငန်းစဉ်မူဝါဒများကိုအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုအပ်သောမူဝါဒများ၊လမ်းညွှန်ချက်များနှင့်အစီအမံများချမှတ်ခြင်း၊
(၂) ချမှတ်သည့်မူဝါဒများ၊လမ်းညွှန်ချက်များနှင့်အစီအမံများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လိုအပ်သောအရင်းအမြစ်များရရှိရေးအတွက်ဆောင်ရွက်ခြင်း၊
(၃) ကော်မတီ၏လုပ်ငန်းတာဝန်များထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန် လိုအပ် သောလုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီများ၊ဒေသဆိုင်ရာအမျိုးသမီးကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊
(၄) ဒေသဆိုင်ရာအမျိုးသမီးကော်မတီအဆင့်ဆင့်၏အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ကြီးကြပ်လမ်းညွှန်မှုပေးခြင်း၊
(၅) အမျိုးသမီးအခွင့်အရေးဆိုင်ရာအသိပညာပေးသင်တန်းများ၊ဆွေးနွေးပွဲများနှင့်ဟောပြောပွဲများကိုသက်ဆိုင်ရာအစိုးရဌာန၊အစိုးရအဖွဲ့အစည်းများ၊ကုလသမဂ္ဂအဖွဲ့အစည်းများ၊အပြည်ပြည်ဆိုင်ရာနှင့်ဒေသဆိုင်ရာအဖွဲ့အစည်းများ၊လူမှုရေးအဖွဲ့အစည်းများနှင့်အစိုးရ မဟုတ်သောအဖွဲ့အစည်းများ လိုအပ်သလိုပူးပေါင်းဆောင်ရွက်ခြင်း၊
(၆) သက်ဆိုင်ရာအစိုးရဌာန၊အစိုးရအဖွဲ့အစည်းများ၊ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာနှင့်ဒေသဆိုင်ရာအဖွဲ့အစည်းများ၊လူမှုရေးအဖွဲ့အစည်းများနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအကောင်အထည်ဖော်ဆောင်ရွက်မှုများကိုလိုအပ်သလိုပေါင်းစပ်ညှိနှိုင်းပေးခြင်းနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊
(၇) သက်ဆိုင်ရာအစိုးရဌာန၊အစိုးရအဖွဲ့အစည်းများ၊လူမှုရေးအဖွဲ့အစည်းများနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းအစီအစဉ်များတိုးတက်မှုအခြေအနေကိုအခါအားလျော်စွာ စိစစ်သုံးသပ်ခြင်း၊အကဲဖြတ်ခြင်နှင့် ကြီးကြပ်ဆောင်ရွက်ခြင်း။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် Online အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကအဖွင့်အမှာစကားပြောကြားခြင်း (၈.၃.၂၀၂၁)