၁။ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို (၂၅.၄.၂၀၂၀) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ (ဦးဆောင်အဖွဲ့၏ အဓိက လုပ်ငန်းတာဝန်(၉)ရပ်ရှိပြီး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများကို လိုအပ်သည့် ကူညီပံ့ပိုးမှု
များပေးနိုင်ရန်နှင့် အသိအမှတ်ပြုပေးရန်အတွက်ဖြစ်ပါသည်။)
၂။ စေတနာ့ဝန်ထမ်းနည်းပြသင်တန်းဖွင့်လှစ်ရန်နှင့် စေတနာ့ဝန်ထမ်းသင်တန်းလက်စွဲစာအုပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ “စေတနာ့ ဝန်ထမ်းလက်စွဲ” ကို ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ပြုစုထုတ်ဝေခဲ့ပါသည်။
၃။ ပထမဦးစွာ စေတနာ့ဝန်ထမ်းနည်းပြများကို Online ဖြင့် သင်တန်းပေးခြင်းကို မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ရွေးချယ်စာရင်း ပေးပို့လာသော ဆရာဝန်များနှင့်(၅.၅.၂၀၂၀) ရက်နေ့တွင် Online TOT သင်တန်းစတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်ထိ TOT သင်တန်း (၈)ကြိမ်ဖြင့် နည်းပြ(၄၅၀)ဦး ကို လေ့ကျင့်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
၄။ စေတနာ့ဝန်ထမ်း(နည်းပြ)ဆရာများအတွက် စေတနာ့ဝန်ထမ်းဆင့်ပွားသင်တန်းများ ပြုလုပ် ရာတွင် လွယ်ကူစနစ်ကျစေရန် နှင့် အကိုးအကားအဖြစ် အသုံးပြုနိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ပူးပေါင်း၍ “စေတနာ့ဝန်ထမ်းသင်တန်းနည်းပြလက်စွဲ” ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ပြုစုထုတ်ဝေခဲ့ပါသည်။
၅။ စေတနာ့ဝန်ထမ်းနည်းပြများမှ၎င်းတို့သက်ဆိုင်ရာအလိုက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး/ပြည်နယ်အသီးသီးရှိ ခရိုင်/မြို့နယ်များတွင် စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်းများကို (၁၅.၅.၂၀၂၀)ရက်မှ စတင်ပြီး သင်တန်းများ ပို့ချဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိတင်ပြပါကာလ အထိ ဆင့်ပွားသင်တန်း(၅၀၁)ကြိမ်ဖြင့် စေတနာ့ဝန်ထမ်း (၂၁၉၃၆)ဦးကို ဆင့်ပွားသင်တန်းပို့ချ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထပ်မံပြီး အတွင်းစည်းဆောင်ရွက်နေပြီး သင်တန်းမတက်ရောက်ရသေး သူများနှင့် သင်တန်းဖွင့်လှစ်စေရန် ခက်ခဲသောနေရာများမှ စေတနာ့ဝန်ထမ်းများအား Online မှ အသိပညာပေးခြင်းကို ယနေ့အထိ သင်တန်း (၇)ကြိမ်ဖြင့် (၄၇၂)ဦးအား သင်တန်းပို့ချဆောင်ရွက် ခဲ့ပါသည်။
၆။ စေတနာ့ဝန်ထမ်းများနှင့် ပြည်ထောင်စုဝန်ကြီးတို့၏ တွေ့ဆုံဆွေးနွေးချက်အရ လုပ်ငန်း ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအတွက် စိတ်လူမှုပိုင်းဆိုင်ရာနှစ်သိမ့်မှုပေးခြင်း Psycho Social Support ပေးရန်လိုအပ်လျက်ရှိကြောင်း တင်ပြချက်အရ ရန်ကုန်တိုင်းဒေသကြီးတွင် (၂၇.၉.၂၀၂၀) ရက်နေ့တွင်စတင်ပြီး သင်တန်း(၄)ကြိမ်ဖြင့် သင်တန်းသား (၄၇၉) ဦးအား သင်တန်းပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် စေတနာ့ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားစေရန်အတွက် UNFPA, UNICEF တို့နှင့်ပူးပေါင်း၍ အမျိုးသမီးများအကြမ်းဖက်မှုနှင့်ပတ်သက်၍နှင့်ပတ်သက်၍ အသိပညာပေးရေး သင်တန်းများကို သင်တန်း (၈)ကြိမ်ဖြင့် သင်တန်းသား (၅၆၄)ဦးအားလည်းကောင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအသိပညာပေးရေး သင်တန်း များကို သင်တန်း(၄)ကြိမ်ဖြင့် သင်တန်းသား (၂၈၅)ဦးအားလည်းကောင်း (၂၅.၉.၂၀၂၀) ရက်နေ့မှ စတင်ပြီးသင်တန်းပေး ဆောင်ရွက်လျက်ရှိပါသည်။
၇။ မြန်မာနိုင်ငံဆရာဝန်အသင်း (MMA)နှင့် ပူးပေါင်း ၍ စေတနာ့ဝန်ထမ်း မော်တော်ယာဉ်မောင်း များနှင့် ယာဉ်ပေါ်တွင်လိုက်ပါဆောင်ရွက်သူများအား ရောဂါကာကွယ်ရေး၊ ရောဂါပိုးမပြန့်ပွားစေရေး တို့အတွက် စနစ်တကျပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းစဉ်အား အသိပညာပေးခြင်း၊ ကျန်းမာရေးသုံး ပစ္စည်းများအသုံးပြုပုံ၊ နာတာရှည်ရောဂါနှင့် ကိုယ်ဝန် ဆောင်သည်များအားပြုစုစောင့်ရှောက်ပုံ၊ PPE စနစ်တကျဝတ်ဆင်ပုံနှင့် စွန့်ပစ်အမှိုက်များစနစ်တကျစွန့်ပစ်ရန် လုပ်ငန်းစဉ်များအား အသိပညာပေး ခြင်းတို့ကို သင်တန်း(၅)ကြိမ်ဖြင့် သင်တန်းသား(၆၆၂)ဉီးအား သင်တန်းပေးခဲ့ပါသည်။
၈။ COVID-19 ပိုးတွေ့လူနာများနှင့် သံသယလူနာများ သယ်ယူပို့ဆောင်ပေးသော စေတနာ့ဝန်ထမ်းအရေးပေါ်လူနာတင်ယာဉ် ယာဉ်မောင်းနှင့်အကူတို့အတွက် အသိပညာပေးလက်စွဲ ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ထုတ်ဝေခဲ့ပါသည်။
၉။ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းများနှင့်ပရဟိတအဖွဲ့အစည်းများကို အသိအမှတ်ပြုဂုဏ်ပြု လက်မှတ်ပေးခြင်းကို ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့စတင် ဖွဲ့စည်းသည့်အချိန်မှစ၍ မြို့နယ်စေတနာ့ဝန်ထမ်း ကူညီပံ့ပိုးရေးအဖွဲ့များမှတစ်ဆင့် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ထောက်ခံတင်ပြလာသော စေတနာ့ဝန်ထမ်း (၅၈၉၀၀)ဦးနှင့် ပရဟိတအဖွဲ့အစည်း(၂၅၈၁)ဖွဲ့တို့ကို အသိအမှတ်ပြုဂုဏ်ပြု လက်မှတ်များပေးအပ်နိုင်ခဲ့ပါသည်။
၁၀။ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏အစီအစဉ်ဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ခွင့်ပြုချက်ဖြင့် အမျိုးသားသဘာဝဘေးအရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ COVID-19 ကူးစက် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးတွင် ပါဝင်ကူညီနေသော ပရဟိတအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၏ ဆောင်ရွက်ချက်များအပေါ် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များအရ လက်ရှိအချိန်အထိ ပေးပို့ထားထားသော တိုင်းဒေသကြီး/ပြည်နယ်(၁၁)ခုတို့အတွက် ကျန်းမားရေးသုံးအကာအကွယ် ပစ္စည်းများထောက်ပံ့ပေးခြင်း၊ အစားအသောက်စရိတ်နှင့် စက်သုံးဆီစရိတ်ထောက်ပံ့ပေးခြင်းတို့ အတွက် ကုန်ကျငွေ ကျပ်သန်းပေါင်း (၁၅၉၆.၈၃၅၂) ထောက်ပံ့ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
၁၁။ ထို့အပြင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ Quarantine Center များတွင် ခေတ္တနေထိုင်ရသော ကိုယ်ဝန်ဆောင်မိခင်(၂၄၄၆)ဦး၊ အသက်(၅)နှစ်အောက် (၁၈၃၉)ဦး၊ (၆၀)နှစ်အထက်သက်ကြီး(၅၀၀)ဦးနှင့် မသန်စွမ်း(၄၁)ဦး စုစုပေါင်းဦးရေ(၄၈၂၆)ဦးတို့အား တစ်ဦးလျှင် ၃၀,၀၀ဝိ/-နှုန်းစီဖြင့် (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်တွင် ထောက်ပံ့ခဲ့ပါသည်။ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် အသက်(၆၀)နှစ်အထက်သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား ဆက်လက် ထောက်ပံ့ပေးမည်ဖြစ်ရာ ထပ်တိုးတင်ပြလာသော အသက်(၆၀)နှစ်အထက်သက်ကြီးရွယ်အို (၈၈၉)ဦး၊ မသန်စွမ်း(၂၆)ဦးတို့အား ထောက်ပံ့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။
၁၂။ ရခိုင်ပြည်နယ်၏ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်၌ ယာယီတာဝန်ထမ်းဆောင်နိုင်ရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ စေတနာ့ဝန်ထမ်းဆင့်ပွါးသင်တန်း တက်ရောက်ပြီး စေတနာ့ဝန်ထမ်းများထဲမှ မိမိဆန္ဒအလျောက် ရခိုင်ပြည်နယ်သို့ ရန်ကုန်တိုင်းဒေသကြီးမှ ပရဟိတအဖွဲ့များ နှင့် စေတနာ့ဝန်ထမ်းများ စုစုပေါင်း (၂၅)ဦးအား (၂၇-၈-၂၀၂၀)ရက် နေ့မှ(၁၅-၁၀-၂၀၂၀) ရက်နေ့အထိ Relief Flight ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့(၁)လခွဲခန့် သွားရောက် တာဝန်ထမ်းဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
၁၃။ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ စေတနာ့ဝန်ထမ်းများ ပါဝင် ကူညီဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီး/ပြည်နယ်များမှ တင်ပြလာသောစာရင်းများအရ စေတနာ့ဝန်ထမ်းဦးရေမှာ (၇၂၃၄၃) ဦးအား တာဝန်ချထားပေးနိုင်ခဲ့ပါသည်။