ဥဇဘက်ကစ္စတန်နိုင်ငံ၊ဆာမာကန်မြို့တွင်ကျင်းပလျက်ရှိသည့်ကလေးသူငယ်များ၏သာယာဝပြောရေး၊အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကမ္ဘာ့ထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများကိုအောက်တိုဘာ၂၁၊၂၂ရက်များတွင်စတင်ကျင်းပခဲ့ရာမြန်မာနိုင်ငံလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ဦးဆောင်သည့်ကိုယ်စား လှယ်နှစ်ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးကိုကလေးသူငယ်များ၏ဘဝသာယာဝပြောရေးနှင့်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရင်းနှီးမြှုပ်နှံခြင်း၊လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များပိုမိုအားကောင်းလာစေရန်ဆောင်ရွက်ခြင်းနှင့်နိုင်ငံတကာအတွေ့အကြုံများဖလှယ်ခြင်းတို့ကိုအဓိကထားကျင်းပခြင်းဖြစ်သည်။
“Investing in Children’s Wellbeing: A Path to Sustainable and Equitable Development for Future Generations” ဟူသောခေါင်းစဉ်ဖြင့်ကျင်းပသည့်ကမ္ဘာ့ထိပ်သီးအစည်းအဝေးသည်အောက်တိုဘာ၂၁ရက်မှ၂၂ရက်အထိနှစ်ရက်ကြာကျင်းပမည်ဖြစ်ပြီးနိုင်ငံပေါင်း၁၀၀ကျော်မှအစိုးရကိုယ်စားလှယ်များ၊နိုင်ငံတကာအဖွဲ့အစည်းများ၊ကျွမ်းကျင်ပညာရှင်များနှင့်အခြားသက်ဆိုင်သူများပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင်ကလေးသူငယ်များနှင့်မိသားစုများအတွက်လူမှုကာကွယ်စောင့်ရှောက်ရေး၊ကလေးသူငယ်များအပေါ်အကြမ်းဖက်မှုနှင့်အလွဲသုံး စားပြုမှုများမှကာကွယ်ရေး၊ကလေးသူငယ်ကျန်းမာရေး၊ငယ်ရွယ်စဉ်ကလေးဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်အားလုံးပါဝင်နိုင်သောပညာရေးစနစ်ဖော်ဆောင်ရေးတို့ကိုအဓိကဆွေးနွေးလျက်ရှိသည်။
ထို့ပြင်ကလေးသူငယ်များ၏အခွင့်အရေးများကိုထိရောက်စွာကာကွယ်နိုင်ရန်၊လူမှုဝန်ဆောင်မှုလုပ်ငန်းများ၏အရည်အသွေးမြှင့်တင်ရန်နှင့်အကူအညီလိုအပ်နေသည့်ကလေးသူငယ်များအတွက်ကျန်းမာရေး၊ပညာရေးနှင့်လူမှုရေးဆိုင်ရာဝန်ဆောင်မှုများလက်လှမ်းမီရရှိစေရန်နိုင်ငံအလိုက်အကောင် အထည်ဖော်နေသည့်မူဝါဒများနှင့်လုပ်ငန်းအတွေ့အကြုံများကိုလည်းဖလှယ်ဆွေးနွေးလျက်ရှိသည်။
အထူးသဖြင့်မသန်စွမ်းကလေးသူငယ်များနှင့်ထိခိုက်လွယ်သည့်အခြေအနေများတွင်ရှိနေသောကလေးသူငယ်များအတွက်သင့်လျော်သည့်ဝန်ဆောင်မှုများပံ့ပိုးပေးရေး၊၎င်းတို့၏ဖွံ့ဖြိုးတိုးတက်မှုနှင့်လူမှုအသိုင်းအဝိုင်းအတွင်းပါဝင်ဆောင်ရွက်နိုင်မှုတို့ကိုမြှင့်တင်ရေးသည်လည်းအစည်းအဝေး၏အရေးပါသောကဏ္ဍများအနက်ပါဝင်သည်။
အဆိုပါထိပ်သီးအစည်းအဝေးနှင့်အတူကလေးသူငယ်ကင်ဆာရောဂါဆိုင်ရာဒုတိယအကြိမ်နိုင်ငံတကာကွန်ဂရက်ကိုလည်းကျင်းပလျက်ရှိပြီးရောဂါကိုစောစီးစွာရှာဖွေဖော်ထုတ်နိုင်ရေး၊ကုသမှုများလက်လှမ်းမီရရှိရေးနှင့်ကလေးလူနာများအတွက်ရေရှည်စောင့်ရှောက်မှုပိုမိုကောင်းမွန်လာစေရေးတို့ကိုဆွေးနွေးလျက်ရှိသည်။
ကမ္ဘာ့ထိပ်သီးအစည်းအဝေးမှတစ်ဆင့်နိုင်ငံများအကြားပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရန်၊ကလေးသူငယ်များအတွက်ရင်းနှီးမြှုပ်နှံမှုများကိုပိုမိုဦးစားပေးလာစေရန်နှင့်အနာဂတ်မျိုးဆက်များအတွက်ပိုမိုလုံခြုံမျှတသည့်လူမှုဝန်းကျင်တစ်ရပ်ဖော်ဆောင်နိုင်ရန်ရည်ရွယ်ထားသည်။
မြန်မာနိုင်ငံလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့၏တက်ရောက်မှုသည်ကလေးသူငယ်များနှင့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာနိုင်ငံတကာဆွေးနွေးမှုများတွင်မြန်မာနိုင်ငံ၏ပါဝင်မှုတစ်ရပ်ဖြစ်သည်။







