၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ကျောက်စိမ်းခန်းမ၌ကျင်းပရာဒုတိယသမ္မတဦးညိုစောတက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့သီချင်းဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတကအမှာစကားပြောကြားရာတွင် ယခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့၏ဆောင်ပုဒ်မှာ “Resilience Starts at Home - ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှစတင်စို့” ဖြစ်ပြီးသဘာဝဘေးအန္တရာယ်များကိုရင်ဆိုင်တုံ့ပြန်နိုင်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့တွင် ဘေးဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံ၊ မိသားစုနှင့် လူမှုအသိုက်အဝန်းများကိုဦးစွာတည်ဆောက်ရန် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် နိုင်ငံဖြစ်သဖြင့် ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ (၂၀၁၃) တို့နှင့်အညီဘေးအန္တရာယ်မဖြစ်မီကြိုတင်ကာကွယ်ရေးနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများကိုအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် မန္တလေးငလျင်အပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း “ပိုမိုကောင်းမွန်စွာပြန်လည်တည်ဆောက်ခြင်း (Build Back Better)” ကိုအလေးထားပြီးငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများတည်ဆောက်နိုင်ရန် Myanmar National Building Code 2025 ကိုရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။
သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးကိုဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်ပြည့်ဝခြင်းနှင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းသည် အရေးပါသည့်အချက်ဖြစ်ကြောင်း၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကိုတစ်အိမ်ချင်းစီကအစပြု၍ နိုင်ငံတော်အဆင့်ထိအဆင့်ဆင့်ကြိုးပမ်းတည်ဆောက်သွားရေးကိုအမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူဆောင်ရွက်ကြရန်တိုက်တွန်းကြောင်းပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတကအလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများ၊ အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများ၊ သဘာဝဘေးအသိပညာပေး Animation ဗီဒီယိုပြိုင်ပွဲတွင် ဆုရရှိသူများအားဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများကသဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်ဒီဇိုင်းပြိုင်ပွဲ၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်ဒီဇိုင်းပြိုင်ပွဲ (မြန်မာ့ရိုးရာပန်းချီ)၊ အခြေခံအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအားဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီးကုလသမဂ္ဂသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးရုံးမှပေးပို့သည့် သတင်းစကားရုပ်သံဗီဒီယိုနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုတို့ကိုပြသသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် တက်ရောက်လာသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အသိပညာပေးပြဇာတ်တင်ဆက်မှုကိုကြည့်ရှုအားပေးပြီးအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။






