မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းဟန်သူ၊ ကော်မတီဝင်အမျိုးသမီးရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီးတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ လူမှုရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများသည် လူ့အဖွဲ့အစည်း၏ အရေးပါသည့် အစိတ်အပိုင်းဖြစ်ပြီး အများနှင့်နည်းတူ တူညီသည့် အခွင့်အရေးများ ရရှိခံစားပိုင်ခွင့်ရှိအောင် ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများအတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများကို အပြည့်အဝအကောင်အထည်ဖော်ပြီး ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နှင့် သွားလာရေး အခွင့် အလမ်းများ တူညီစွာဖန်တီးပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းမှုအမျိုး အစားအလိုက် ကွဲပြားနေသည့် မသန်စွမ်းသူများနှင့် ၎င်းတို့ကို ပြုစုစောင့်ရှောက်ပေးနေကြသည့် မိဘဆွေမျိုးများ သိရှိထားသင့်သည့် အချက်အလက်များနှင့် အကူအညီရယူရန် လိုအပ်သည့် အချက်အလက်များကို စိစစ်ဖော်ထုတ်ပြီး လူထုကိုမျှဝေနိုင်ရန် အမျိုးသားကော်မတီကတစ်ဆင့် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် မသန်စွမ်းသူများအပေါ် လှောင်ပြောင်သရော်မှုပပျောက်စေရန်နှင့် လူ့အခွင့်အရေးအပေါ်အခြေခံသည့် အမြင်ပျံ့နှံ့စေရန်ကိုလည်း ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မသန်စွမ်းသူများဆိုင်ရာအရေးကိစ္စများကို ဆောင်ရွက်ရာတွင် လွယ်ကူစွာသွားလာနေထိုင်အသုံးပြုနိုင်ရေးသည် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများ၊ စည်ပင်သာယာရေးကော်မတီများအနေဖြင့် Myanmar National Building Code နှင့်အညီ သတ်မှတ်ဘတ်ဂျက်ခွင့်ပြုငွေအတွင်း ဦးစားပေးကဏ္ဍများ သတ်မှတ်ဖော်ထုတ်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ မသန်စွမ်းသူများ ပညာသင်ယူနိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဌာနပိုင်ကျောင်း ကိုးကျောင်း ဖွင့်လှစ်ထားရှိပြီး စနစ်တကျပြုစုစောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊ မိမိတို့အစိုးရ၏ ရက် (၁၀၀) အတွင်း နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း တစ်ကျောင်းကို ထပ်မံဖွင့်လှစ်ပေးခဲ့ပြီး မသန်စွမ်းကလေးငယ်များကို စတင်စောင့်ရှောက်ပေးနေပြီဖြစ်ကြောင်း။
မသန်စွမ်းသူများ မှီခိုမှုအနည်းဆုံးဖြင့် ရှင်သန်ရပ်တည်နိုင်ရန် ပညာသင်ယူမှုအပါအဝင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးချိန်တွင် လက်တွေ့လုပ်ငန်းခွင်ထဲ ဝင်ရောက်နိုင်ရန် နိုင်ငံတော်နှင့်အတူ ပုဂ္ဂလိကကဏ္ဍကပါ ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ မတူညီသည့် မသန်စွမ်းမှုများအလိုက် သာလွန်စွမ်းဆောင်နိုင်မှုအရ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများကို စီးပွားရေးလုပ်ငန်းအပြင် လူမှုအသိုက်အဝန်း၊ ယဉ်ကျေးမှု၊ အားကစားနှင့် အနုပညာနယ်ပယ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ကျန်းမာရေးကဏ္ဍအနေဖြင့် မသန်စွမ်းသူများကို ဆေးရုံဆေးခန်းများတွင် တန်းစီစောင့်ဆိုင်းစရာမလိုဘဲ ပြသနိုင်ရန်နှင့် ဦးစားပေးအစီအစဉ်ဖြင့် ကုသပေးရန်၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဓာတ်ခွဲစမ်းသပ်မှုများ၊ ပုံရိပ်ဖော်နည်းပညာဖြင့် ရောဂါရှာဖွေသည့်အခါတွင် ဦးစားပေးအုပ်စုအနေဖြင့် အခမဲ့ဆောင်ရွက်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ မသန်စွမ်းသူများသည်သဘာဝဘေးနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ပိုမိုထိခိုက်ခံစားရနိုင်ခြေမြင့်မားသူများဖြစ်ကြသောကြောင့် သဘာဝဘေးလျော့ပါးရေး လုပ်ငန်းစဉ်များတွင် မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။
မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် ပြည်ထောင်စုအစိုးရနှင့်အတူ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများက တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် မသန်စွမ်းသူများ၏ အခွင့်အရေးကို အားပေးခြင်းသည် လူမှုတရားမျှတမှုအတွက် အခြေခံတာဝန်အဖြစ် မှတ်ယူပြီး နိုင်ငံတော်၏ ဦးဆောင်မှုတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်ကြရန်နှင့် ယနေ့အစည်းအဝေးတွင် မသန်စွမ်းသူများအတွက် ထိရောက်အကျိုးရှိစေမည့် အကြံပြုချက်များကို ဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ အမျိုးသားကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကိုလည်းကောင်း၊ ကော်မတီဝင်မသန်စွမ်းကိုယ်စားလှယ်များက ဆောင်ရွက်ပေးစေလိုသည့်အချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။








