လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)၌ စခန်းအခြပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားအား (၃၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ကျိုင်းတုံမြို့ရှိ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ယနေ့ခေတ် မူးယစ်ဆေးဝါးပြဿနာသည် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေးများကိုထိခိုက်ပျက်ဆီးစေပြီး နိုင်ငံအတွင်းအကြမ်းဖက်မှု၊ ငွေကြေးခဝါချမှု၊ တရားမဝင်ငွေကြေးစီးဆင်းမှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုများနှင့် နိုင်ငံဖြတ်ကျော်မှုခင်းတွေကိုဖြစ်ပေါ်စေသကဲ့သို့ မူးယစ်ဆေးဝါးမှ ရရှိလာသောငွေကြေးများကြောင့် အကြမ်းဖက်များကို ဆက်စပ်ဖြစ်ပေါ်စေနိုင်ပါကြောင်း၊မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုသည်အသံတိတ်ရန်ပုံငွေ ရရှိသည့်လုပ်ငန်းတစ်ခုဖြစ်ပြီး အကြမ်းဖက်ဆူပူမှုများနှင့်လည်းဆက်စပ်နေသည်ကို တွေ့ရှိရပါ ကြောင်း၊မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာများ များပြားလာပြီး ဘိန်းဖြူထုတ်လုပ်မှု၊ စိတ်ကြွ ရူးသွပ်ဆေးပြားများထုတ်လုပ်မှုနှင့်သယ်ဆောင်ရောင်းဝယ်မှုများကို ဆက်လက်ထိန်းချုပ်လျှက်ရှိပါ ကြောင်း၊ အစပျိုးဓာတုပစ္စည်းများ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုရှိနေခြင်း၊ မူးယစ် ဆေးဝါးသုံးစွဲမှုနှင့်ဆက်စပ်လျှက်ရှိသော နောက်ဆက်တွဲအန္တရာယ်များမြင့်တက်နေခြင်းနှင့် Online နည်းပညာအသုံးပြု၍ရောင်းဝယ်မှုများနှင့်လည်းရင်ဆိုင်နေရသည်ကိုအားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာကိုထိန်းချုပ်နိုင်ရေး အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုများနှင့်အညီ ဆောင်ရွက်လျှက်ရှိပါ ကြောင်း၊ ထို့အပြင် ဥပဒေများ၊ နည်းဥပဒေများ ထုတ်ပြန်ခြင်း၊ တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပပျောက်အောင်ဆောင်ရွက်ခြင်း၊ အသိပညာများပေးခြင်း၊ ဆေးကုသပေးခြင်း၊ ပြန်လည်ထူထောင် ရေးစခန်းများဖွင့်လှစ်ပြီး လူ့အသိုက်အဝန်းတွင်ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကိုနည်းလမ်းပေါင်းစုံဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ မူးယစ် ဆေးဝါးအန္တရာယ်ပြဿနာရှိနေသမျှ တိုင်းပြည်၏ အနာဂတ်လူငယ်များစွာ ဆုံးရှုံးနေမည်ဖြစ်ပါ ကြောင်း၊နိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းများတွင်ပညာသင်ကြားနေသော ကျောင်းသား/သူများ မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်၍ ပါဝင်ပတ်သက်မှုမရှိစေရေးအတွက် မူးယစ်အသိပညာပေး ဟောပြောပွဲများကိုလည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ပြန်လည်ထူထောင်ရေးဦးစီးဌာန၊မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသက်ထွန်းက မိမိတို့စခန်းအနေဖြင့် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းနှင့် ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း များဖွင့်လှစ်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေး လျှက်ရှိပြီး အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးလျှက်ရှိပါကြောင်း၊ မူးယစ်ဆေးစွဲသည့် လူငယ်များသည်အများအားဖြင့် လူမှုအသိုက်အဝန်းကနေဖယ်ကြဉ်ပစ်ပယ်ခြင်းခံရတာ၊လမ်းမှန်ပြန် မရောက်ဘဲပညာရေး၊ကျန်းမာရေး၊လူမှုရေးကဏ္ဍတွေအကုန်လုံး လူငယ်တွေမှာအနာဂတ် ပျောက် ဆုံးသွားခြင်းများကို တွေ့ရပါကြောင်း၊ နိုင်ငံ၏မျိုးဆက်သစ် လူငယ်များကို လူညွှန့်တုံးစေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကိုတားဆီးကာကွယ်ရန် တစ်နိုင်ငံလုံး၊ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်အရေးကြီးပါကြောင်း၊ မူးယစ်ဆေးဝါးကြောင့် အနာဂတ်ခေါင်းဆောင်မည့် လူငယ်များလျော့နည်းလာနိုင်သည့်အတွက် ဆေးစွဲလူငယ်တွေကို ပစ်ပယ်မထားဘဲ ဆေးဖြတ်လိုစိတ်ဖြစ်လာအောင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်၍ ယခု ကဲ့သို့ သင်တန်းများဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် မူးယစ် ဆေးဝါးကိုအမှီအခိုကင်းကင်းနှင့်နေထိုင်ရန်အရေးကြီးပါကြောင်း၊သို့မှသာမိသားစုအတွင်း ပြန်လည် ဝင်ဆံ့ပြီးနွေးထွေး သည့် မိသားစုဘဝကို ပိုင်ဆိုင်နိုင်ပြီး ရပ်ရွာအတွင်း အဆင်ပြေစွာရပ်တည်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်ကျိုင်းတုံခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဦးကျော်ဌေးက သင်တန်းသားများအတွက် အားကစားပစ္စည်းများပေးအပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသားများ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ခဲ့ပြီး နံနက်(၁၁:၃၀)နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။