လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀:၀၀)နာရီတွင် လူကုန်ကူးခံရသူ များအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးကြည် ဦးဆောင်၍ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ဒုတိယဝန်ကြီး အဖွင့်အမှာစကား ပြောကြားရာတွင် လုပ်ငန်းကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများကို ကျင်းပဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းကော်မတီဝင်ဌာနများ၊ အဖွဲ့အစည်း များ၏ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာပြီး လူကုန်ကူးခံရသူများကို အရည်အသွေး ပြည့်ဝသည့်ဝန်ဆောင်မှုများပေးနိုင်ရန်ဖြစ်ကြောင်း၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဝန်ဆောင်မှုပေးနေသည့်ဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ အခန်းကဏ္ဍ၊ တာဝန်ဝတ္တရားနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းရှင်းလင်းလင်းသိရှိပြီး ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရန်  "လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်း အစီအစဉ်"ကို ၂၀၂၀ ပြည့်နှစ်မှစ၍ ထုတ်ဝေဖြန့်ချိပြီးဖြစ်ကြောင်း၊ စံလုပ်ငန်းအစီအစဉ်ပါ လုပ်ငန်းစဉ် များအတိုင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ် စီမံကိန်း(၂၀၂၂-၂၀၂၆)၏ (၂၀၂၅)ခုနှစ်၊ လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပထမ(၆)လပြီးဆုံးခဲ့ပြီဖြစ်သည့်အတွက် မိမိတို့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်းများကို မှတ်တမ်းမှတ်ရာ၊ အချက်အလက်အတိအကျနှင့် ဓါတ်ပုံ မှတ်တမ်းများမှအစ စနစ်တကျပြုစုထားရှိပြီး ၂၀၂၅ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြ နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ ဂေဟာနှင့်စခန်းများတွင် လူကုန်ကူးခံရသူများကို သက်ဆိုင်ရာ တရားရုံး များတွင် သက်သေထွက်ဆိုပြီးသည်အထိ ယာယီလက်ခံစောင့်ရှောက်ရခြင်းဖြစ်သည့်အတွက် တရားစွဲ ဆိုရေး၊ တရားစီရင်ရေးလုပ်ငန်းစဉ်များတွင် လူကုန်ကူးခံရသူများအနေဖြင့် အချိန်နှင့်တပြေးညီ သက်သေထွက်ဆိုနိုင်ရေး သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း၊ ထိရောက်သည့် ပြန်လည်ထူထောင်ရေးဖြစ်စေရန် အဖွဲ့အစည်းအားလုံး ပူးပေါင်း ပံ့ပိုးကူညီပေးရန်လိုကြောင်း၊ ထို့အပြင် ၂၀၂၅ ခုနှစ် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် အားသာချက်၊ အားနည်းချက်၊ အခက်အခဲများကို သင်ခန်းစာယူ၍ ၂၀၂၆ ခုနှစ် အတွက် လုပ်ငန်းစီမံချက်ရေးဆွဲရာတွင် ပိုမိုကောင်းမွန်ပြည့်စုံသည့် စီမံချက်ဖြစ်လာစေရေး ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာဌာနများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကိုယ်စားလှယ်(၂၃)ဦး တက်ရောက်ခဲ့ပြီး၊ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ချက်၊ အကြံပြုချက်၊ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကျင်းပ ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးသင့်ဝန်ထမ်းများအတွက်မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ အလှူငွေ၊ဆိုလာမီးအိမ်နှင့်ဆေးဝါးများပေးအပ်လှူဒါန်း

MOS

DSW

DDM

DOR