အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဆေးဘက်ဆိုင်ရာ ကုထုံးအသစ်များ၊ ကျန်းမာရေးဆိုင်ရာ အသိပညာများ၊ ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာပြီး လူတစ်ဦးချင်း၏ မျှော်မှန်းသက်တမ်းများ မြင့်တက်လာကာ သက်ကြီးပုဂ္ဂိုလ်ဦးရေသည် တဖြည်းဖြည်း တိုးပွားလာနေပါကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ ခန့်မှန်း လူဦးရေ ၅၁ သန်းကျော်အနက် အသက် ၆၀ နှစ်နှင့်အထက် ဦးရေသည် ၆ ဒသမ ၁ သန်း ကျော်ရှိသည့်အတွက် စုစုပေါင်း လူဦးရေ၏ ၁၂ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ ၂၀၅၀ ပြည့်နှစ်တွင် အသက် ၆၀နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်ဦးရေသည် ၁၃သန်းခန့်ရှိလာပြီး စုစုပေါင်းလူဦးရေ၏ ၂၀ရာခိုင်နှုန်းထိ တိုးပွား လာမည်ဟု ခန့်မှန်းထားကြောင်း၊ မြန်မာနိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်းကို ကြည့်မည်ဆိုပါက ၂၀၁၄ခုနှစ်တွင် ၂.၅ရာခိုင်နှုန်းရှိရာမှ ၂၀၂၃ ခုနှစ်တွင် ၂.၁ရာခိုင်နှုန်း ဖြစ်သည့်အတွက် ဆက်လက် ကျဆင်းနေကြောင်း၊ ၂၀၁၉ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းတွင် ၅နှစ်အောက် ကလေး သေဆုံးမှုနှုန်းသည် ၄ရာခိုင်နှုန်း နီးပါးဖြစ်ပြီး ၂၀၂၄ခုနှစ်တွင် ၃ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သော် လည်း မွေးဖွားနှုန်းနှင့် နှိုင်းယှဉ်လျှင် သေဆုံးမှုနှုန်းက ပိုများနေသည်ကို တွေ့ရကြောင်း၊ အချိန်ကြာ လာသည်နှင့်အမျှ လူဦးရေ ပြန်ဖြည့်ရန် ခဲယဉ်းလာမည်ဖြစ်ပြီး လူအိုအများစု ဖြစ်လာသော Ageing Society ဘဝကို မကြာမီ ရောက်ရှိလာနိုင်ကြောင်း၊ ကမ္ဘာတစ်ဝန်း ဒေသအလိုက် မတူကွဲပြားသော ပထဝီဝင်အနေအထား၊ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား၊ ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်  ဓနအင်အားတို့အပေါ်အခြေခံပြီး သက်ကြီးပုဂ္ဂိုလ်များအတွက် အစီအမံများနှင့် မူဝါဒများ ချမှတ်၍ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များ၏ဘဝ သာယာလှပစေဖို့ ဖြည့်ဆည်းပေးလိုသောဆန္ဒ၊ ချမ်းသာသုခ ပြည့်ဝစေလိုသော စိတ်စေတနာ၊ ဆောင်ရွက်ပေးနိုင်သော လုပ်ပိုင်ခွင့်များဖြင့် ဘက်စုံထောင့်စုံက ဖြည့်စွမ်းပေးဖို့ လိုအပ်ပါကြောင်း၊ ထိုသို့ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းဖြင့် သက်ကြီးသူများသည် စိုးရိမ်သောက ဖြစ်ရမှုများနှင့်  နောက်ဆံတင်းရမှုများမရှိဘဲ မိမိအတွက်သာမက မိသားစုဝင်များနှင့် လူ့အဖွဲ့အစည်းအတွက် ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းအဖြာဖြာကို လွတ်လပ်ပေါ့ပါး ပျော်ရွှင်စွာ ဆောင်ရွက်နိုင်ကြမှာဖြစ်ပါကြောင်း၊ သက်ကြီးသူများသည် အတွေ့အကြုံ၊ ဗဟုသုတ၊ အသိပညာ အတတ်ပညာများ ပြည့်ဝသူများဖြစ်ပါကြောင်း၊ တက်ကြွသော သက်ကြီးသူများဘဝအဖြစ် ပံ့ပိုးပေးခြင်းဖြင့် မိသားစုအကျိုး၊ရပ်ရွာအကျိုး၊ နိုင်ငံအကျိုးကိုများစွာ ပံ့ပိုးပေးနိုင်သူများဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ ဦးတည်ချက် ဆောင်ပုဒ်ကို ဘဝချမ်းသာ အခွင့်အရေးများရရှိရေး သက်ကြီးသူများ ဦးဆောင်ပါဝင်ပေးဟုချမှတ် တိုက်တွန်းနှိုးဆော်လိုက်ခြင်းဖြစ်ပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များဘဝ မြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းကိုဦးဆောင် ဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီနှင့်  ဒေသဆိုင်ရာကော်မတီအဆင့်ဆင့်ကိုဖွဲ့စည်းပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များအတွက်ဘိုးဘွားရိပ်သာတည်ထောင်ခွင့်ပြုမိန့်များ ထုတ်ပေးခြင်း၊ ဘိုးဘွားရိပ်သာများအား  အဆင့်အလိုက် ငွေကြေးထောက်ပံ့ခြင်းနှင့် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်သည့်နည်းပညာများပံ့ပိုးပေးခြင်းနှင့် တစ်နိုင်ငံလုံးတွင် လူမှုရေးပင်စင်အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် (၆)လစာကိုသက်ကြီးပုဂ္ဂိုလ် (၁၂၁,၆၂၂)ဦးကို ထောက်ပံ့ငွေ စုစုပေါင်းကျပ်(၇ ဒသမ ၂၁၇) ဘီလီယံကျော်အား သက်ဆိုင်ရာ မြန်မာ့စီးပွားရေး ဘဏ်ခွဲများကနေ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာတစ်နိုင်ငံလုံးမှ အသက်အကြီးဆုံး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးကို ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်းစီကို ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သက်ကြီးပုဂ္ဂိုလ်ပြုစုစောင့်ရှောက်ရေးနှင့် အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက် ဗီဒီယိုမှတ်တမ်းကို ပြသပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များက အခမ်းအနားသို့ တက်ရောက်လာသော ဘိုးဘွားများအား လူသုံးကုန်၊ ဆေးဝါးပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ


MOS

DSW

DDM

DOR