အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကြီးမှူး၍မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပသောပဉ္စမအကြိမ်မြောက်အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(5thASEAN Ministerial Meeting on Women – 5thAMMWand Related Meetings)၏ဖွင့်ပွဲအခမ်းအနားကိုယနေ့မြန်မာစံတော်ချိန်နံနက်(၀၉:၀၀)နာရီတွင်နေပြည်တော် M.Gallery ဟိုတယ်၌ ကျင်းပခဲ့ရာပဉ္စမအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေးအလှည့်ကျဥက္ကဋ္ဌဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်၊ အာဆီယံအမျိုးသမီးကော်မတီ(ACW)နှင့် အာဆီယံအမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးကော်မရှင်(ACWC) ကိုယ်စားလှယ်များ၊ ဖွင့်ပွဲအခမ်းအနားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းက အဖွင့်မိန့်ခွန်းပြောကြားရာတွင်အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေး (5thASEAN Ministerial Meeting on Women – 5th AMMW)ကိုမြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်အတွက်ဂုဏ်ယူပါကြောင်း၊အစည်းအဝေးတွင် အာဆီယံဒေသတစ်ဝှမ်းလုံးရှိကျား၊မတန်းတူညီမျှရေး၊အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့်အမျိုးသမီးအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးတို့ကိုမြှင့်တင်နိုင်ရေးအတွက်ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ ယခုပဉ္စမအကြိမ်မြောက်အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သော “Towards an Inclusive Society through Gender Mainstreaming and Women Empowerment”အရကျား၊မခွဲခြားမှုမရှိဘဲလူသားတိုင်းတန်းတူညီမျှစွာ ဖွံ့ဖြိုးတိုးတက်ရန်နှင့်ပါဝင်ဆောင်ရွက်ရန်အခွင့်အလမ်းများရှိသောလူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်နိုင်ရန်ဖြစ်ပါကြောင်း၊ကျား၊မရေးရာထည့်သွင်းစဉ်းစားခြင်းနှင့်အမျိုးသမီးများ၏စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့သည်ယခုအစည်းအဝေး၏ ရည်မှန်းချက်များသာမကမိမိတို့အာဆီယံဒေသတွင်ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှု၊လူမှုရေးတရားမျှတမှုနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကိုရရှိရန်အတွက်မရှိမဖြစ်လိုအပ်သောမဟာဗျူဟာများဖြစ်ပါကြောင်း၊ ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်၅ (SDG 5) သည်အမျိုးသမီးနှင့်မိန်းကလေးများအပေါ်ခွဲခြားဆက်ဆံမှု၊အကြမ်းဖက်မှုနှင့်အန္တရာယ်ရှိသောအလေ့အထများအားလုံးကိုပပျောက်စေရေးအတွက်လမ်းညွှန်ပေးသောရည်မှန်းချက်များနှင့်အညွှန်းကိန်းများပါဝင်နေသဖြင့်မိမိတို့ရည်မှန်းချက်ပန်းတိုင်၏အဓိကအချက်ဖြစ်ပါကြောင်း၊ထို့ပြင်အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်၂၀၄၅သည်ငြိမ်းချမ်းပြီးအားလုံးပါဝင်နိုင်သော၊ရေရှည်တည်တံ့ခိုင်မြဲသည့်ဒေသတစ်ခုဆီသို့ဦးတည်သည့်လမ်းကြောင်းကိုရေးဆွဲထားပြီးကျား၊မတန်းတူညီမျှရေးကိုရည်မှန်းချက်များ၏အခြေခံအဖြစ်ထားရှိသည်ကိုတွေ့ရပါကြောင်း၊ ဤမျှော်မှန်းချက်ကိုအကောင်အထည်ဖော်ရန်အတွက်မိမိတို့အနေဖြင့်အဓိကနယ်ပယ်များကိုဦးစားပေးရမည်ဖြစ်ပြီးပညာရေး၊ကျန်းမာရေးစောင့်ရှောက်မှုနှင့်ခေါင်းဆောင်မှုအခွင့်အလမ်းများကိုသာတူညီမျှဝင်ရောက်ခွင့်ရရှိစေရန်နှင့်၂၁ရာစုတွင်အမျိုးသမီးများနှင့်မိန်းကလေးငယ်များရှင်သန်ဖွံ့ဖြိုးလာစေရန်အရေးကြီးပါကြောင်း၊မိမိတို့အနေဖြင့်ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့်အမျိုးသမီးများနှင့်မိန်းကလေးငယ်များအတွက်အတားအဆီးများကိုကျော်လွှားပေးမည့်အားလုံးပါဝင်သောမူဝါဒများမှတစ်ဆင့်ကျား၊မအခြေပြုအကြမ်းဖက်မှုနှင့်ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့အပါအဝင်စိန်ခေါ်မှုများကိုကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးများကိုစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းသည်ကျင့်ဝတ်ဆိုင်ရာတာဝန်ဝတ္တရားတစ်ခုသာမကတည်ငြိမ်၍သာယာဝပြောပြီးစည်းလုံးညီညွတ်သောအာဆီယံကိုတည်ဆောက်ရန်အတွက်မဟာဗျူဟာကျသောအရေးပါမှုတစ်ခုလည်းဖြစ်ပါကြောင်းနှင့်မိမိတို့၏အတူတကွပူးပေါင်းကြိုးပမ်းမှုများမှတစ်ဆင့်ဤမျှော်မှန်းချက်ကိုလက်တွေ့ဖြစ်မြောက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင်အာဆီယံအမျိုးသမီးကော်မတီ (ACW) နှင့်အာဆီယံအမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးကော်မရှင်(ACWC)တို့သည်ကျား၊မတန်းတူညီမျှရေးနှင့်အမျိုးသမီးအခွင့်အရေးများကိုအထောက်အကူပြုသောလုပ်ငန်းစဉ်များကိုမောင်းနှင်ရာတွင်အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့ပြီး၎င်းတို့၏လုပ်ငန်းစီမံချက်များနှင့်ဆောင်ရွက်ချက်များသည်မိမိတို့ဒေသတွင်သိသာထင်ရှားသောတိုးတက်မှုအတွက်အခြေခံအုတ်မြစ်ကိုချမှတ်ပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးသည် ဤအောင်မြင်မှုများအပေါ် ဆက်လက်တည်ဆောက်ရန်နှင့် မိမိတို့၏ကတိကဝတ်ကို ပိုမိုခိုင်မာအားကောင်းစေရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ လာမည့်ရက်များတွင်ဆက်လက်ကျင်းပမည့်အစည်းအဝေးများမှထွက်ပေါ်လာမည့်ဆွေးနွေးမှုများသည် ပိုမိုအကျိုးဖြစ်ထွန်းစေမည့် ရလဒ်များ ရရှိမည်ဟု မျှော်လင့်မိပါကြောင်း၊မိမိတို့၏ဒေသတွင်း၌ကျား၊မတန်းတူညီမျှရေးနှင့်အမျိုးသမီးများ၏စွမ်းဆောင်ရည်အားမြှင့်တင်ခြင်းဖြင့်အားလုံးပါဝင်နိုင်သောလူ့အဖွဲ့အစည်းကိုတည်ဆောက်နိုင်စေရေးဆုမွန်ကောင်းတောင်းအပ်ပါကြောင်းစသည်ဖြင့်ပြောကြားခဲ့ပါသည်။
ထို့နောက်အခမ်းအနားအစီအစဉ်အရအာဆီယံဒုတိယအတွင်းရေးမှူးချုပ်ဦးစံလွင် က video message ဖြင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍(၂၉)ကြိမ်မြောက် အာဆီယံကလေးသူငယ်အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးကော်မရှင်အစည်းအဝေး၊(၁၁)ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးကော်မရှင်အစည်းအဝေးနှင့် အာဆီယံအမျိုးသမီးကော်မတီညှိနှိုင်းအစည်းအဝေး၊ (၂၃) ကြိမ်မြောက်အာဆီယံအမျိုးသမီးကော်မတီအစည်းအဝေး၊ (၁၆)ကြိမ်မြောက်အာဆီယံအမျိုးသမီးကော်မတီနှင့်အာဆီယံ+၃နိုင်ငံများအစည်းအဝေးနှင့် (၅)ကြိမ်မြောက်အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအဆင့်အစည်းအဝေးတို့ကို နိုဝင်ဘာလ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ဆက်လက်ကျင်းပမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။