ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်မှုဖြင့် လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်တွင် ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်း Volunteer များအားအသိပညာပေးသင်တန်းကို (၂၅.၄.၂၀၂၂) ရက်နေ့မှ (၂၇.၄.၂၀၂၂) ရက်နေ့အထိOnline အစီအစဉ်ဖြင့် ဖွင့်လှစ်လျက်ရှိရာ (၂၆.၄.၂၀၂၂) ရက်နေ့ မွန်းလွဲပိုင်းတွင်ပြည်ထောင်စုဝန်ကြီးကစေတနာ့ဝန်ထမ်း Volunteer များအား  Online  ဖြင့်တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပါသည်။

ရှေးဦးစွာပြည်ထောင်စုဝန်ကြီးကယနေ့ ကလေးသူငယ်များဟာအနာဂတ်နိုင်ငံရဲ့ ရတနာများဖြစ်တာကြောင့် ကောင်းမွန်စွာရှင်သန်ကြီးပြင်းဖို့လိုအပ်ပါကြောင်း၊ သို့ရာတွင် လူမှုစီးပွားအခြေအနေများအရယနေ့ မြို့ကြီးများမှာလမ်းပေါ်နေကလေးသူငယ်တွေကိုပုံစံမျိုးစုံနဲ့ မြင်တွေ့ကြားသိနေရသည်မှာအလွန်စိတ်ထိခိုက်ဖွယ်ဖြစ်ရပါကြောင်း၊  ရာသီဥတုပြောင်းလဲမှုများ၊ သဘာဝဘေးအန္တရာယ် အခြေအနေများ၊ တိုးပွားလာတဲ့ လူဦးရေပမာဏ၊ ကိုဗစ်-၁၉ ကဲ့သို့ ကပ်ရောဂါများဖြစ်ပွားမှု၊ စီးပွားရေးသက်ရောက်မှုများအရမိဘမဲ့ကလေးသူငယ်၊ စွန့်ပစ်ခံကလေးသူငယ်၊ လမ်းပေါ်နေကလေးသူငယ်၊ ကလေးလုပ်သား၊ အကြမ်းဖက် ခံရသောကလေးသူငယ်စသည်ဖြင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်တဲ့ ကလေးသူငယ်များတိုးတက်များပြားနေတာကိုတွေ့ရှိရပြီးဒါဟာမိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ခိုင်မာတိကျတဲ့ ဥပဒေများ၊ မူဝါဒများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များချမှတ်ခြင်းအပြင် စေတနာ့ဝန်ထမ်း Volunteer များကိုစနစ်တကျ သင်ကြားလေ့ကျင့်မွေးထုတ်ပေးဖို့ လည်းလိုအပ်လျက်ရှိတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းအင်အားဖွဲ့စည်းပုံအရခရိုင်နှင့် မြို့နယ်တိုင်းမှာဝန်ထမ်းများခန့်အပ်နိုင်ခြင်းမရှိသေးတာကြောင့် စေတနာ့ဝန်ထမ်း Volunteer များရဲ့အင်အားကိုရယူပြီးယခုလိုကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းမှာအားဖြည့်ကူညီဖို့ စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊စေတနာ့ဝန်ထမ်းများဟာရပ်ရွာအတွင်းအခြေချ နေထိုင်သူများဖြစ်ပြီးရပ်ရွာဒေသရဲ့ လက်ရှိအခြေအနေကိုကောင်းစွာသိမြင်နိုင်ကြသူများဖြစ်တဲ့ အတွက်သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကလေးသူငယ်များရဲ့အကျိုးစီးပွားအတွက်အကောင်းဆုံးပံ့ပိုးဖြည့်ဆည်းပေးနိုင်မှာလည်းဖြစ်ပါကြောင်း၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ ကနဦးစီမံချက် မြို့နယ်များရွေးချယ်ခြင်း၊ ရန်ပုံငွေများသတ်မှတ်လျာထားခြင်း၊ လမ်းပေါ်နေကလေးများအတွက် နားခိုရာနေရာ (Drop in Center) များသတ်မှတ်ခြင်း၊ စီမံချက်ကာလသတ်မှတ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊စေတနာ့ဝန်ထမ်း Volunteer များအနေနဲ့လည်းလုပ်ငန်းများဆောင်ရွက်တဲ့နေရာမှာမည်သို့ပင် အခက်အခဲများနှင့် ကြုံတွေ့ရစေသော်လည်းစေတနာ့ဝန်ထမ်းများရဲ့သည်းခံစိတ်၊ စာနာနားလည်စိတ် မေတ္တာ၊ စာဂ၊ ဝီရိယတို့ဖြင့် မိမိတို့ရဲ့ အချိန်၊ လုပ်အားအကူအညီများဖြင့် စီမံချက် ဒေသများဖြစ်တဲ့ သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံးများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်၍ လမ်းပေါ်နေကလေးသူငယ်များအတွက် ပံ့ပိုးဆောင်ရွက်ပေးကြစေလိုပါကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များတက်ရောက်ခဲ့ပြီးစီမံချက်နယ်မြေ(၃)ခုရှိလူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းVolunteer (၈၅) ဦးတို့မှ Online ဖြင့်တက်ရောက်ခဲ့ကြပါသည်။

အလားတူ (၂၇-၄-၂၀၂၂) ရက်နေ့ မွန်းလွဲပိုင်းတွင် မသန်စွမ်းသူများအတွက် ပုဂ္ဂလိကပညာသင်အထူးကျောင်း၊ ပုဂ္ဂလိကအသက်မွေးမှုအထူးသင်တန်းကျောင်း၊ပုဂ္ဂလိကပြန်လည်ထူထောင်ရေးဌာနများနှင့်ညှိနှိုင်းအစည်းအဝေးကို အဆိုပါဝန်ကြီးရုံး EC ခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများ၊ မသန်စွမ်းသင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊မသန်စွမ်းပုဂ္ဂလိကအထူးကျောင်းများမှတာဝန်ခံများကအွန်လိုင်းမှတဆင့်တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်မသန်စွမ်းသူများအပါအဝင် သက်ဆိုင်ရာဦးတည်အုပ်စုများဖြစ်ကြသောကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့်ထိခိုက်လွယ်အုပ်စုများအတွက် အခွင့်အရေးများဖော်ဆောင်ပေးခြင်းနှင့်ကာကွယ်စောင့်ရှောက် ခြင်းတို့ကိုအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများနှင့်အညီမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများကိုချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊    ၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ (၁၂.၈) ရာခိုင်နှုန်းဖြစ်သည့် (၅.၉၆၈) သန်းသည် တစ်မျိုး (သို့) တစ်မျိုးထက်ပိုသော မသန်စွမ်းမှုများကို ခံစားနေရသူများဖြစ်ပြီး၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း၏ မသန်စွမ်းလူဦးရေ (၂.၃) သန်းနှင့် နှိုင်းယှဉ်ကြည့်ပါက (၂) ဆကျော်မြင့်တက်လာသည်ကို တွေ့ရှိရသည့်အတွက် အစိုးရလက်အောက် မသန်စွမ်းကျောင်းများသာမက  မသန်စွမ်းပုဂ္ဂလိကအထူးကျောင်းများ၏ အခန်းကဏ္ဍများသည် အရေးကြီးသော အစိတ်အပိုင်းဖြစ်လာပါကြောင်း၊ထို့ကြောင့် မသန်စွမ်းကလေးများအား နည်းစနစ်တကျ သင်ကြားနိုင်ပြီး ပြုစုစောင့်ရှောက်တတ်သောကျွမ်းကျင်ဆရာ၊ဆရာမများထွက်ပေါ်လာစေရန် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံအထူးပညာရေးအသင်း(MSEA) တို့ ပူးပေါင်း၍ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိအထူးဂရုပြုစောင့်ရှောက်ရန်လိုအပ်သောကလေးများအတွက် အခြေခံသင်တန်း PreLevel-1နှင့်နည်းပြသင်တန်းPreLevel-2 သင်တန်း(၃၃)ကြိမ် ကိုဖွင့်လှစ်နိုင်ခဲ့ပြီးစုစုပေါင်း အခြေခံသင်တန်းဆရာ(၄၈)ဦးနှင့်အဆင့်မြင့်သင်တန်းဆရာ(၁၅၅၀)ဦးတို့ကို သင်တန်းပေးနိုင်ခဲ့ပါကြောင်း၊ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ၊အခန်း (၁၃) နှင့် နည်းဥပဒေများ၊ အခန်း (၁၀) တို့တွင် ပုဂ္ဂလိကပညာသင်အထူးကျောင်း၊ ပုဂ္ဂလိကအသက်မွေးမှုအထူးသင်တန်းကျောင်းနှင့်ပုဂ္ဂလိကပြန်လည်ထူထောင် ရေးဌာနများတည်ထောင်ဖွင့်လှစ်ခြင်းကိုဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တရားဝင်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါကြောင်း၊ ယခုအချိန်အထိ တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားလာသည့် မသန်စွမ်းပုဂ္ဂလိကအထူးကျောင်းများအနက် စံသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းပုဂ္ဂလိကအထူးကျောင်း (၈) ကျောင်းအား တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးထားပါကြောင်း၊  တည်ထောင်ဖွင့်လှစ်ခွင့်ရရှိသော ကျောင်းများအနေဖြင့် သတ်မှတ်ထားသည့် ခွင့်ပြုမိန့်ထုတ်ပေးခကို မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅)၊ အခန်း (၁၅)၊ ပုဒ်မ (၆၉)၊ ပုဒ်မခွဲ (ဃ) အရ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာရန်ပုံငွေသို့ ထည့်သွင်းရမှာဖြစ်ပါကြောင်း၊ အခြားတည်ထောင်ခွင့်ပြုမိန့်မရရှိသေးသော မသန်စွမ်းပုဂ္ဂလိကအထူးကျောင်းများအနေဖြင့် တည်ထောင်ဖွင့်လှစ်ခြင်းကို  ဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိစေရေး မဖြစ်မနေ လျှောက်ထားကြရန် တိုက်တွန်းလိုပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးက အမှာစကား‌ပြောကြားရာတွင်မိမိတို့နိုင်ငံကဲ့သို့ အထူးပြုစုစောင့်ရှောက်ရန်လိုအပ်သောမသန်စွမ်းကလေးအရေအတွက်နှင့် အထူးကျောင်းအရေအတွက် အချိုးမညီမျှမှုကြောင့် မသန်စွမ်းပုဂ္ဂလိကကျောင်းများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ မသန်စွမ်းသူများသည် Disabled Persons များမဟုတ်ကြဘဲ Differently Able Persons များဖြစ်ကြသည့်အတွက်  ၎င်းတို့၏စွမ်းဆောင်နိုင်မှုများ၊ အားသာချက်များကို အလေးထားရမှာဖြစ်ပါကြောင်း၊ သူတစ်ပါးအပေါ်မှီခိုနေရခြင်းမှ မသန်စွမ်းသူများကိုယ်တိုင် နိုင်ငံတော်အတွက် ထောက်ပံ့ပေးကြသူများဖြစ်လာနိုင်စေရန် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့် မသန်စွမ်းပုဂ္ဂလိကအထူးကျောင်း  (၂၂) ကျောင်းမှ တာဝန်ခံများက မသန်စွမ်းပုဂ္ဂလိကအထူးကျောင်းများ၏ တည်ထောင်ဖွင့်လှစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင်တွေ့ကြုံရသည့်အခြေအနေများနှင့်လိုအပ်ချက်များအားအသီးသီးဆွေးနွေးတင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရာသီဥတုဖြစ်စဉ်များကြောင့်ထိခိုက်ခံရနိုင်မှုလျော့ပါးစေရေးဆိုင်ရာလုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်သည့်အခမ်းအနားနှင့် ပြည်ထောင်စုနယ်မြေအတွင်းမြို့နယ်(၄)ခုတွင် ဖြစ်ပွားခဲ့သောလေဘေးသင့်သူများအားထောက်ပံ့ခြင်းအခမ်းအနားများသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတောင်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့်သန်လျင်လူငယ်သင်တန်းကျောင်းများသို့ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့်အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)များသို့ကြည့်ရှုစစ်ဆေး
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR