ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၆)ကို(၂၇-၂-၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်ကော်မတီအဖွဲ့ဝင်ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊အစိုးရမဟုတ်သောအဖွဲ့အစည်းများမှဥက္ကဋ္ဌများ၊အတွင်းရေးမှူးများ၊ အရပ်ဖက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအဖွဲ့အစည်းများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (The United Nations Convention on the Rights of the Child- UNCRC) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် UNCRC ပါ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေး ၄ ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်များကို ကလေးသူငယ်တိုင်းရရှိရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊လုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၅ ခုနှစ်၊ဩဂုတ်လ၂၁ ရက်နေ့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီကို အဖွဲ့ဝင် (၄၀) ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီကိုလည်းအဖွဲ့ဝင် ၄၂ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊ မွေးစမှအသက် ၈ နှစ်ထိ ရှေးဦးအရွယ်ကလေးသူငယ်များစနစ်တကျဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းခဲ့ပြီး ဌာနမူလတန်းကြိုကျောင်းများဖွင့်လှစ်ခြင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအားထောက်ပံ့ခြင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများကို တည်ထောင်ခွင့်ပြုမိန့်များ ထုတ်ပေးပြီးကြီးကြပ်ခြင်းမိခင်ဝိုင်းများကိုအားပေးအကူအညီပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊လူ့ဘဝအစရက် (၁,၀၀၀) ကာလအတွင်း အာဟာရနှင့် ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များ ပြည့်မီ၍ ကလေးသူငယ်များ၏ ဦးနှောက်နှင့် ခန္ဓာကိုယ်ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်ကိုယ်ဝန်ဆောင်နှင့် အသက် (၂)နှစ်ထိ ကလေးများအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) အကျိုးခံစားခွင့်ရှိသူ (၁၂၉,၃၅၅)ဦးအတွက်ထောက်ပံ့ငွေ စုစုပေါင်း (၁၂,၀၁၆.၃၉၅) ကျပ်သန်းကို မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ပြစ်မှုကျူးလွန်သည့် ကလေးသူငယ်များအတွက်လည်းကလေးအခွင့်အရေးများရရှိစေရန်ကလေးသူငယ်ကြီးကြပ်သူ အစီရင်ခံစာများတင်ပြဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအတွင်းရေးမှူး၊လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၄) ၏ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားတင်ပြခဲ့ပြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ကကလေးသူငယ်ကြီးကြပ်သူအစီရင်ခံစာဆောင်ရွက်မှုအခြေအနေများအား တင်ပြခဲ့ပါသည်။
ထို့နောက်ဝန်ကြီးဌာနအသီးသီးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာသူများမှ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာအစည်းအဝေးကို နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။





