ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


မသန်စွမ်းသူများ၏ အခွင့်ရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်အဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ၊ အခွန်အယူ ခံခုံအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ် (ယာယီဗဟို အလုပ်အမှုဆောင်အဖွဲ့) နှင့် မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ က ကိုဗစ်-၁၉ကပ်ရောဂါ အလွန်ကာလများတွင် မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ထားရှိကြောင်း၊ အမျိုးသားကော်မတီ၏ လမ်းညွှန်မှု ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ကာ မသန်စွမ်းသူများအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ(၂၀၂၂-၂၀၂၇) အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊ မသန်စွမ်းမှု အဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယအကြိမ် နှစ်ပတ်လည် အစီရင်ခံစာစာအုပ် (မြန်မာ+အင်္ဂလိပ်) ထုတ်ဝေခြင်း စသည့် လုပ်ငန်းရပ်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရကြောင်း။

မသန်စွမ်းသူများ၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်နိုင်ရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇)ကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)၊ မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော အာဆီယံမဟာဗျူဟာ လုပ်ငန်းအစီအစဉ် ၂၀၂၅ (ASEAN Enabling Masterplan: 2025)တို့နှင့်အညီ ရေးဆွဲထားပြီး မကြာမီ အတည်ပြုနိုင်တော့မည်ဖြစ်သည့်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက် လာနိုင်မည် ဖြစ်ကြောင်း။ မဟာဗျူဟာ(၅)နှစ် စီမံကိန်းကိုအတည်ပြုပြီး နောက်ပိုင်းတွင်လည်း သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက်၊ ဆပ်ကော်မတီအလိုက် လုပ်ငန်းစီမံချက် (Action Plan) များရေးဆွဲပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းစဉ်များ အတွက် အသုံးစရိတ်များကျခံသုံးစွဲနိုင်ရေး၊ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တင်ပြတောင်းခံသွားနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်း။

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင် ခြင်းလုပ်ငန်းများကို ကနဦးစီမံကိန်း နယ်မြေ(၄)ခုဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်နှင့် ကရင်ပြည် နယ် ဘားအံမြို့နယ် တို့တွင် ဆောင်ရွက်သွားမည်ကို သိရှိရကြောင်း။ ၂၀၁၄ခုနှစ် သန်းခေါင် စာရင်းအရ မိမိတို့နိုင်ငံတွင် မသန်စွမ်းသူဦးရေ (၂ ဒသမ ၃)သန်း (နိုင်ငံ့လူဦးရေ၏ ၄ ဒသမ၆ ရာခိုင်နှုန်း)ရှိသည့်အတွက် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင် ခြင်းကိစ္စကို ပိုမိုအလေးထား လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း။ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းဖြင့် မသန်စွမ်းမှုအခြေအနေ အလိုက် လိုအပ်သောပံ့ပိုးမှုများကို သိရှိပံ့ပိုး ပေးလာနိုင်မည်ဖြစ်ပြီး မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မသန်စွမ်းသူများအပေါ် ကူညီထောက်ပံ့မှုများထိရောက်စွာ ဆောင်ရွက်လာနိုင်ပြီး မသန်စွမ်းသူများအတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း။

(၂၀၂၂- ၂၀၂၃)ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်း များအနေဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။ ကနဦးစီမံကိန်း မြို့နယ်များမှ ရရှိလာသည့် အတွေ့အကြုံများကို ပြန်လည်သုံးသပ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များတွင် တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်စေရေး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ ဒုတိယအကြိမ် နှစ်ပတ်လည် အစီရင်ခံစာကို ယခုလအတွင်း ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်ပြီး မသန်စွမ်းသူ များအတွက် နိုင်ငံ၏ဆောင်ရွက်ချက်များကို စုစည်းဖော်ပြထားသည့် သမိုင်းမှတ်တိုင် တစ်ခုလည်းဖြစ်ကြောင်း၊ ကုလသမဂ္ဂ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကော်မတီသို့လည်း တင်သွင်းသွားမည် ဖြစ်သည့်အတွက် အင်္ဂလိပ်ဘာသာပြန်ဆို ထုတ်ဝေနိုင်ရန် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့(IDPD)၏ ဆောင်ပုဒ်ဖြစ်သည့် အားလုံးအကျုံးဝင် လက်လှမ်းမီပြီး ရေရှည်တည်တံ့သည့် ကိုဗစ်-၁၉အလွန် ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင် ပါဝင်ကြိုးစားပေးနှင့်အညီ မသန်စွမ်းသူများ၏ အခန်းကဏ္ဍကို တိုးတက်အောင် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

ထိုမျှမက မသန်စွမ်းသူများအနေဖြင့် ဂုဏ်သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာ ဘဝရပ်တည်နိုင်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ဖြစ်သော မသန်စွမ်းမှု အမျိုးအစားအလိုက် သက်ဆိုင်ရာဒေသနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင် ဝင်ငွေများရရှိစေရန်အတွက် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။ မသန်စွမ်းသူများ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားနိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော Vocational Training သင်တန်းများတွင် မသန်စွမ်းသူများ တက်ရောက်သင်ကြားနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း။ အလုပ်ခန့်ထားရာတွင် မသန်စွမ်းသူများ အလုပ်အကိုင်ရရှိစေရေးအတွက် အမျိုးသားကော်မတီက သတ်မှတ်ပေးရမည် ဖြစ်ကြောင်း။

မသန်စွမ်းသူများအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမည့် ရန်ပုံငွေကျပ်(၃) ဘီလီယံကို အရင်းမပျောက် မတည်ငွေအဖြစ် ထားရှိပြီး ဖြစ်သည့်အတွက် ကိုဗစ်-၁၉ အလွန် ကာလများတွင် Microfinance Institute များနှင့် ပူးပေါင်းပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအတွက် ဘဏ္ဍာရေးစည်းမျဉ်းကိုလည်း ရေးဆွဲအတည်ပြုထားပြီး ဖြစ်သည်ဟု သိရှိရကြောင်း။ မသန်စွမ်းသူများနှင့် မိသားစုများအတွက် အရင်းမပျောက် ချေးငွေများ ထုတ်ချေးပေးခြင်းဖြင့် မသန်စွမ်းသူများအနေဖြင့် အသေးစားစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်လာနိုင်မည်ဖြစ်သည့်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ပူးပေါင်း၍ လုပ်ငန်းစီမံချက်ရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။

မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော ပတ်ဝန်းကျင် (Barrier Free Community) ဖြစ်စေရန်အတွက် နေပြည်တော်မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့တွင် စံနမူနာပြ ဆောင်ရွက်ထားရှိခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ တာဝန်ရှိသူများမှ မိမိတို့ဒေသအလိုက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုကြောင်း။

Barrier Free Tourism Pilot Project အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ အလုပ်အကိုင်ရေးရာ ဆပ်ကော်မတီနှင့် မသန်စွမ်းအဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်ကို သိရှိရကြောင်း။ နေပြည်တော်ပြည်ထောင်စု နယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပုဂံမြို့များရှိ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် ဦးစားပေး သတ်မှတ်ထားသော နေရာများတွင် Myanmar Barrier Free Tourism Pilot Project ကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုပ်ငန်းစီမံချက် ရေးဆွဲ ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်း တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိ စေရေးအတွက် သက်ဆိုင်ရာကဏ္ဍများ အလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က  မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့်  မသန်စွမ်းသူများ၏လူမှုစီးပွားဘဝ ဖွံဖြိုးတိုး တက်ရေးဆိုင်ရာ များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသားကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၂/၂၀၂၀) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံ အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ် (ယာယီဗဟိုအလုပ်အမှုဆောင်အဖွဲ့) ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် အမျိုးသားကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်အဝေး (၁/၂၀၂၂) ၏ လျာထားအစည်အဝေး ဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများ၏ လူမှု ဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာစီမံ ကိန်း(၂၀၂၂-၂၀၂၇)ကို အကောင်အထည်ဖော်ရာတွင် မိမိတို့ အမျိုးသားအဆင့်ကော်မတီ အဖွဲ့ဝင်များအနေဖြင့် တာဝန်ဝတ္တရားအရတင် မဟုတ်ဘဲ လူ့အခွင့်အရေးအရပင်ဖြစ်စေ၊ လူသားချင်းစာနာ ထောက်ထားခြင်းအရပင်ဖြစ်စေ စေတနာ၊ ကိုယ်ချင်းစာတရားတို့ဖြင့် မိမိတို့၏ ကျရာကဏ္ဍအလိုက် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ အလားတူ မသန်စွမ်းမှုများအပေါ် အကြမ်းဖက်သူများ ကိုလည်း ထိရောက်မြန်ဆန်သည့် တရားစီရင်ရေးဖြင့် အမြင့်ဆုံးနှင့် အပြင်းထန်ဆုံး ပြစ်ဒဏ်စီရင် ချမှတ်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး အဖွဲ့အစည်းများက အခြားသော ပြစ်မှုများနှင့် မတူဘဲ မသန်စွမ်းသူများ၏ သွားလာရေး၊ ငွေကြေး ကန့်သတ်ချက်များအပေါ် ငဲ့ညှာလျက် အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများအပေါ် သက်ဆိုင်ရာ ကူညီပံ့ပိုးပေးနိုင်မည့် ဝန်ကြီးဌာနများ အားလုံး၊ အမျိုးသားအဆင့် ကော်မတီအဖွဲ့ဝင်များ အားလုံးတို့က ဝိုင်းဝန်းကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြရန် လိုကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR