ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းအတွင်း လက်ရှိဖြစ်ပေါ်နေသည့် အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း ASANI ဖြတ်သန်းရာ ခန့်မှန်းလမ်းကြောင်းနှင့်ဆက်စပ်သတင်း အချက်အလက်များကို အခြေခံ၍ လိုအပ်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၂) ရက်နေ့၊ (၉:၃၀)နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် အရေးပေါ် အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနသို့ ရောက်ရှိကာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ၊ နိုင်ငံတကာမိုးလေဝသ Website များမှ အချက်အလက်များကို ရယူ၍ လိုအပ်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူ အဆင့်ဆင့်က တင်ပြဆောင်ရွက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ယင်းသို့ ကြည့်ရှုစစ်ဆေးရာတွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အာစန်နီ (ASANI)” ၏ တည်နေရာ၊ ဗဟိုလေတိုက်နှုန်း၊ အိန္ဒိယနိုင်ငံကမ်းခြေဘက်သို့ မုန်တိုင်းကမ်းကပ်မည့် ခန့်မှန်းရွေ့လျားလမ်းကြောင်း များနှင့်တကွ ၎င်းဆိုင်ကလုံးမုန်တိုင်း၏ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မှုအခြေအနေများကို တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များ ဖြည့်စွက် တင်ပြခဲ့ပါသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံကမ်းခြေအနီး ကမ်းကပ် ဝင်ရောက်မည့် အာစန်နီမုန်တိုင်းနှင့်ပတ်သက်၍ မုန်တိုင်းဖြစ်ပေါ်နေစဉ် အချိန်ကာလအတွင်း မုန်တိုင်းဖြတ်သန်းမည့်ခန့်မှန်းလမ်းကြောင်းကို နေ့ရက်အချိန်အလိုက် စဉ်ဆက်မပြတ် စောင့်ကြည့် စေလိုပါကြောင်း၊ မုန်တိုင်းသည် မြန်မာနိုင်ငံသို့တိုက်ရိုက်သက်ရောက်မှု မရှိသေးသော်လည်း မုန်တိုင်းလမ်းကြောင်း ပြောင်းလဲမှုနှင့် ဆက်စပ်သတင်းအချက်အလက်များကို အချိန်မီသိရှိနိုင်ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအား အချိန်နှင့်တပြေးညီကြိုတင်စီမံဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ယခု အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေအနီးဖြစ်ပွားနေသည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အာစန်နီ (ASANI)”နှင့်ပတ်သက်၍နေ့ရက်အလိုက် ပြောင်းလဲလာသည့် သတင်း အချက်အလက်များကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ဆက်လက်ဖြန့်ဝေပေးရန် လိုအပ်ကြောင်း၊ ယခုမုန်တိုင်းအရှိန်ကြောင့် ဖြစ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်မှန်းဆ၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံး များကလည်း မိမိတို့ဒေသအလိုက် လိုအပ်သော သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအား ကြိုတင်ပြင်ဆင်နိုင်ရေး ဒေသအလိုက်အစိုးရအဖွဲ့များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ယခုဖြစ်ပေါ်နေသည့်မုန်တိုင်းသည် ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၏ ခန့်မှန်းချက်များအရ လတ်တလောတွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ဖြတ်သန်းနိုင်မည့် အခြေအနေမှာ နည်းပါးသော်လည်း မကြာမီကာလတွင် မြန်မာနိုင်ငံသည် မိုးဦးကာလ အနောက်တောင် မုတ်သုံလေများ ဝင်ရောက်လာတော့မည်ဖြစ်ရာ မိုးတွင်းကာလ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် လျှပ်တစ်ပြက်ရေကြီးခြင်းစသည့် သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်လာနိုင်သည်ဖြစ်ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် ဦးစီးမှူးရုံးများ အနေဖြင့် ဒေသအလိုက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရုံးများထံမှ မိမိတို့ဒေသနှင့်ဆိုင်သည့် မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များ အချိန်မီရရှိနိုင်ရေး ကြိုတင်ချိတ်ဆက်ထားနိုင်ရန်မှာလည်း အရေးကြီးကြောင်း၊ သို့မှသာ ထိရောက်သည့် ကြိုတင်ပြင်ဆင်ခြင်းနှင့် စီမံခန့်ခွဲမှုများကိုဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ လက်ရှိ အာစန်နီမုန်တိုင်းဒဏ်ခံရနိုင်သည့် အိန္ဒိယနိုင်ငံ၏ ဘေးတုံ့ပြန်ရေးအစီအမံများ ဆောင်ရွက်ထားရှိမှုကို မပြတ်လေ့လာထားကြရန်နှင့် လိုအပ်သလိုအသုံးပြုနိုင်ရေး ဆန်းစစ်မှတ်တမ်းတင်ထားကြရန် လိုအပ်ကြောင်းလမ်းညွှန်မှာကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်
အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် သုဇနကာရီလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများသို့ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)သို့ သွားရောက်စစ်ဆေးကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ဂေဟာ၊ICT Training Centerများသို့ ကြည့်ရှုစစ်ဆေးခြင်းနှင့် ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ကြည့်မြင်တိုင်မျက်မမြင်သင်တန်းကျောင်းနှင့် ရွှေဂုံတိုင်ကလေးပြုစုရေး ဌာနများသို့ ကြည့်ရှုစစ်ဆေး
(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်းလူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်းအစည်းအဝေးဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ရန်ကုန်တိုင်းဒေသကြီး စံပြရင်သွေးအိမ်မူလတန်းကြိုကျောင်းနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR