ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်မှုများဆိုင်ရာအစည်းအ‌ဝေးကျင်းပ

 ၃ မတ်လ၊  နေပြည်တော်            လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ယင်းဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်‌‌ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်အား တာဝန်ခန့်ထားခံရမှု အတွက် ဂုဏ်ပြုကြိုဆိုပါ‌ကြောင်း၊ ဝန်ကြီးဌာနနှင့်ပတ်သက်၍ ကျွမ်းကျင်သူဖြစ်သည့်အတွက်ဌာန ကောင်းကျိုးအတွက်ပိုမိုဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ရာ ဒုတိယဝန်ကြီးက မိမိအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနတွင် နှစ်ကာလရှည် တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် ယခုကဲ့သို့ ဒုတိယဝန်ကြီးတာဝန်ဖြင့် ဤဝန်ကြီးဌာနသို့ ပြန်လည်ရောက်ရှိလာရာတွင် မိသားစုအိမ်သို့ပြန်လည်ရောက်ရှိလာသကဲ့သို့ ခံစားရပါကြောင်း၊ ဝန်ကြီးဌာနနှင့်ကင်းကွာခဲ့သည့် ကြားကာလတွင် ဝန်ကြီးဌာန၏ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းများကို အမြဲမပြတ်စိတ်ဝင်တစား လေ့လာခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကဲ့သို့ ဆိုးရွားသည့် အခြေအနေမျိုး ရင်ဆိုင်ခဲ့ရချိန်တွင်  ထိုစဉ်က အလွန်နည်းပါးသော ဝန်ထမ်းအင်အားဖြင့် ရင်ဆိုင်ကျော်လွှားခဲ့ရပါကြောင်း၊ ယခုကဲ့သို့ ဝန်ထမ်းအင်အားများ အများအပြားတိုးတက်လာချိန်တွင် တွေ့ကြံနေရသည့် အခက်အခဲများ စိန်ခေါ်မှုများကို မိမိ၏ အရင်းနှီးဆုံးမိသားစုဖြစ်သည့် ဤဝန်ကြီးဌာန ဝန်ထမ်းများနှင့်အတူ  အောင်မြင်စွာကျော်လွှား နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။  

 ဆက်လက်၍ သက်ဆိုင်ရာဦးစီးဌာနများက အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်မှု အခြေအနေ များကို အသီးသီးတင်ပြကြရာ လူမှုဝန်ထမ်းဉီးစီးဌာနက တင်ပြရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ (ASEAN Socio-Cultural Community Council-ASCC)အောက်ရှိ အာဆီယံ ဝန်ကြီးအဆင့် ကဏ္ဍအလိုက်အဖွဲ့အစည်းများတွင် Focal Point အဖြစ် ပါဝင် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့် (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ရေးရာ ဝန်ကြီးများအဆင့်အစည်းအဝေး (13th AMMY)နှင့်(၁၂)ကြိမ်မြောက် အာဆီယံလူငယ်ရေးရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး(12th SOMY)တို့အား အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန် ကိစ္စများအား တင်ပြပါသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက တင်ပြရာတွင် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် အာဆီယံဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးများအား အလှည့်ကျ ဥက္ကဌနိုင်ငံက အိမ်ရှင် အဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်လေ့ရှိကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ်၏ လုပ်ငန်း အစီအစဉ် (၂၀၂၁-၂၀၂၅)အား အကောင်အထည်ဖော်ရန် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားရာ၌ မြန်မာ နိုင်ငံသည် ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့တွင် အခြားနိုင်ငံ များနှင့်အတူ ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက်လည်း အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အာဆီယံထိပ်သီး   အစည်းအဝေးများ၌ ဆွေးနွေး သဘောတူချက်များအရ မြန်မာနိုင်ငံအား ပံ့ပိုးဆောင်ရွက်နေကြောင်း၊ အာဆီယံအရေးပေါ် တုံ့ပြန်ရေး နှင့် ဆန်းစစ်လေ့လာမှုအဖွဲ့ဝင်များက ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှုအစီရင်ခံစာပါ အကြံပြုချက်များအား အကောင်အထည်ဖော်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာကူညီမှု ထောက်ပံ့ ပေးခြင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအားလည်း AHA Center နှင့်အတူ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းအတွက် ပြီးပြည့်စုံသည့် ဆန်းစစ် လေ့လာမှုဆောင်ရွက်နိုင်ရန်လည်း ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း၊ အာဆီယံနှင့်ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များအတွက် ပေါင်းစပ် ဆောင်ရွက်ရန်များအား လမ်းညွှန်မှုများ နှင့်အညီ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ 

ပြန်လည်ထူထောင်ရေးဦးစီးဌာနက ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် အာဆီယံဒေသတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေး ဗဟိုဌာန (ARMAC)သို့ စေတနာအလျောက်နှစ်စဉ်ကြေးရန်ပုံငွေ ထည့်ဝင်မှု ကိစ္စရပ်များ၊ မြေမြှုပ်မိုင်းအန္တရာယ်အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများအား ဦးစီးဌာနက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်နေမှုများ၊ မြန်မာနိုင်ငံတွင် National Mine Authority ထူထောင်ရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပါသည်။ 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှု ရုံးက ညွှန်ကြားထားရှိသည့်အတိုင်း အာဆီယံနှင့် ဆက်စပ်ဆောင်ရွက်ရမည့်ကိစ္စများကိုအရှိန်အဟုန် မပျက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အချို့သောကိစ္စရပ်များတွင်မူ ကော်မတီများ ပြန်လည်ဖွဲ့စည်းရန် လိုအပ်ပါက ကော်မတီအသစ်ပြန်လည်ဖွဲ့စည်းနိုင်ရန် အမြန်တင်ပြရန်လိုပါကြောင်း၊ အချို့သော ဆက်သွယ်ရန်ပုဂ္ဂိုလ်များ (Focal Points) သတ်မှတ်မှုများကိုမူ မူဝါဒပြန်လည်ခံယူမည် ဖြစ်ပါကြောင်း၊ အာဆီယံဒေသဆိုင်ရာ အဖွဲ့အစည်းများသို့ မြန်မာနိုင်ငံအနေဖြင့် ရန်ပုံငွေထည့်သွင်း ထားရှိမှုများရှိရာ မိမိတို့ဌာနအလိုက် လိုအပ်သော စီမံကိန်းအဆိုပြုလွှာများ ပြုစုပေးပို့သွားရန်၊ သုတေသနလုပ်ငန်းများ ကိုလည်း ဦးစားပေးဆောင်ရွက်ရန်၊ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ပါဝင်ဆောင်ရွက်သင့်သည့် လုပ်ငန်းများဖော်ထုတ်ရန် လမ်းညွှန်မှုပြုခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR