ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

     သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေး လုပ်ငန်း လမ်းညွှန်(မူကြမ်း)ဒုတိယအကြိမ်နှင့်ပတ်သက်၍ သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့် သင်တန်းကျောင်းအသီးသီးက တာဝန်ခံများ၊ ကျောင်းအုပ်များOnline ဖြင့် တက်ရောက်ခဲ့ကြပါသည်။

    ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းများရှိပြစ်ဒဏ်ချမှတ်ခြင်းခံရ သော ကလေးသူငယ်များ စိစစ်ရေးဗဟိုကော်မတီနှင့် သက်ဆိုင်ရာသင်တန်းကျောင်းများအလိုက် ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေးကော်မတီများကို ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ရှေးရှု၍ သင်တန်းကျောင်းများအားလုံးအနေဖြင့် တပြေးညီဆောင်ရွက်နိုင် စေရန်လုပ်ငန်းလမ်းညွှန် ချမှတ်ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းလမ်းညွှန်(ပထမမူကြမ်း) အပေါ် ကလေးသူငယ်တစ်ဦး ချင်းစီအလိုက် စိစစ်ရေးပုံစံများထည့်သွင်းရန် မူဝါဒချမှတ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းကျောင်းသို့ ရောက်ရှိသော ကလေးသူငယ် အများစု၏ အဓိကအခြေခံ အကြောင်းရင်းသည် မိသားစုတွင်းပြဿနာ၊ စားဝတ်နေရေး၊ စီးပွားရေးအခက်အခဲနှင့် ပညာသင်ကြားမှုအခွင့်အလမ်းတို့ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊  ဗဟိုကော်မတီအစည်းအဝေးကို  ကျင်းပနိုင်ရေးနှင့် သင်တန်းကျောင်းများ အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် Standardized ဖြစ်စေရေးအတွက် အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းလမ်းညွှန် ဒုတိယမူကြမ်း အပေါ် တက်ရောက်လာသူအသီးသီးမှ ဝိုင်းဝန်းဖြည့်စွက် အကြံပြုပေးစေလိုကြောင်း၊ ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ဒုတိယဝန်ကြီးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ  သင်တန်းကျောင်းများတွင် ကလေးသူငယ်များကို တိုးမြှင့်လက်ခံခဲ့ရပါကြောင်း၊ ကလေးသူငယ် တစ်ဦးချင်းစီအလိုက်ပြစ်မှုကျူးလွန်ရခြင်း အကြောင်းအရင်းများရှိပါကြောင်း၊ သင်တန်းကျောင်း များရှိ ကလေးသူငယ်များအနက်မှ စည်းကမ်းလိုက်နာ၍ ပြစ်မှုကျူးလွန်ရခြင်း အကြောင်းအရင်းအပေါ်မူတည်ပြီး ပြစ်ဒဏ်ကာလလျှော့ပေါ့ရေးအတွက် ဦးတည်၍ စဉ်းစား ရန်လိုအပ်သကဲ့သို့ သင်တန်းကျောင်းများရှိ ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်စဉ်ကာလ အတွင်း အပြစ်ပေးအရေးယူမှုများမရှိစေရေးအတွက်လည်း ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဉပဒေတွင်ပြင်ဆင်ရန်သော်လည်းကောင်း၊ သင်တန်းကျောင်းဆိုင်ရာလုပ်ငန်း လမ်းညွှန်တွင်သော်လည်းကောင်း ထည့်သွင်းပြဋ္ဌာန်းရန်လိုအပ်ပါကြောင်း၊ ကလေးသူငယ် များအတွက် အခွင့်အရေးကိုဦးတည်ဆောင်ရွက်ရာတွင် ပြုစုစောင့်ရှောက်သူများ အပါအဝင် ရပ်ရွာပတ်ဝန်းကျင်နှင့် ရေရှည်အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

       ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းလမ်းညွှန် (ဒုတိယမူကြမ်း) ရေးဆွဲထားရှိမှုအခြေအနေနှင့် သင်တန်းကျောင်းများရှိပြစ်ဒဏ်ချမှတ်ခြင်း ခံရသောကလေးသူငယ်များစိစစ်ရေး ဗဟိုကော်မတီ၊ သက်ဆိုင်ရာသင်တန်းကျောင်းများ အလိုက် ကော်မတီများဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)က လုပ်ငန်းလမ်းညွှန်(ဒုတိယမူကြမ်း)နှင့်ပတ်သက်၍အတည်ပြုနိုင်ရေး ပြင်ဆင်၊ ဖြည့်စွက်ရမည့်အချက်များအား တင်ပြဆွေးနွေးခဲ့ပါသည်။

      ဆက်လက်၍ တက်ရောက်လာသော သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး များနှင့် သင်တန်းကျောင်းအသီးသီး၏ တာဝန်ခံများ၊ ကျောင်းအုပ်များက ပြင်ဆင်၊ ဖြည့်စွက် ရမည့်အချက်များအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းလမ်းညွှန်(ဒုတိယမူကြမ်း) အပေါ် အတည်ပြုနိုင်ရေးလိုအပ် သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး သင်တန်းကျောင်းများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR