ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

အဖွင့်အမှာစကားပြောကြား

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် European Centre for Medium-Range Weather Forecasts (ECMWF)Global Forecast System (GFS) Model (၂) ခုနှင့် မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနတို့၏ ကြိုတင်ခန့်မှန်းမှုအရ ဘင်္ဂလားပင်လယ်အော်အတွင်း မေလ ၈ ရက်၌ လေဖိအားနည်းရပ်ဝန်းမှ တစ်ဆင့် မုန်တိုင်းဖြစ်ပေါ်ရာမှ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲကာ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး စပ်ကြားနယ်မြေ(သို့မဟုတ်) ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းချက်အရ ရုံးပိတ်ရက်ဖြစ်သော်လည်း နိုင်ငံတော်အတွက် အချိန်ပြည့်တာဝန်ထမ်းဆောင်ရန် တာဝန်ရှိကြသည့် မိမိတို့ ပြည်သူ့ဝန်ထမ်းများက အားလပ်ရက် အနားမယူဘဲ ပြည်သူများ သဘာဝဘေးအန္တရာယ်မှ အဆုံး အရှုံးအနည်းဆုံးဖြင့် ကျော်လွှားနိုင်ရေး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အရေးပေါ်အစည်းအဝေးအား ခေါ်ယူကျင်းပရခြင်း ဖြစ်ပါကြောင်း။

မြန်မာ့ကမ်းရိုးတန်းဒေသသို့ မုန်တိုင်းဝင်ရောက်မည့် လမ်းကြောင်းအား ဖြစ်နိုင်ခြေအရ လမ်းကြောင်း (၂) ကြောင်း ခန့်မှန်းထားပါကြောင်း၊ ပထမလမ်းကြောင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့အကြားမှ ကုန်းတွင်းပိုင်းသို့ဝင်ရောက်မည့် ခန့်မှန်း လမ်းကြောင်းနှင့် ဒုတိယလမ်းကြောင်းအနေဖြင့် ရခိုင်ကမ်းရိုးတန်းသို့ဖြတ်သန်း၍ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်မည်ဆိုသည့် လမ်းကြောင်းကိုလည်း ခန့်မှန်းထားပါကြောင်း၊ ယင်းတို့သည် ခန့်မှန်းချက်များ ဖြစ်ပါကြောင်း၊ အတိအကျအနေဖြင့် လေဖိ အားနည်းရပ်ဝန်းစတင်၍ မုန်တိုင်းဖြစ်ပေါ်လာမှသာ ဝင်ရောက်မည့်လမ်းကြောင်းကို သိရှိရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းသို့ မေ ၁၃ ရက်နှင့် ၁၄ ရက်ခန့်တွင် မုန်တိုင်းဝင်ရောက်မည်ဟု ခန့်မှန်း ထားကြပါကြောင်း။

 

လုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်

ထို့ကြောင့် မုန်တိုင်းဝင်ရောက်လာမည်ဆိုပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ယခုကတည်းကပင် စတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု တည်မြဲအမိန့် (၂၀၂၂) ခုနှစ်ကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ တပ်မတော်ပိုင်းဆိုင်ရာတွင်လည်း ထုတ်ပြန်ထားသကဲ့သို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှလည်း ပြုစုပြီး ထုတ်ပြန်ထားခြင်းများ ရှိပါကြောင်း၊ အလားတူ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် တည်မြဲအမိန့်၊ လုပ်ထုံး လုပ်နည်းများကို ရေးဆွဲထားပြီးဖြစ်မည်ဟု ယုံကြည်ပါကြောင်း။

အကယ်၍ မုန်တိုင်းသည် တခြားနေရာများသို့ လမ်းကြောင်းပြောင်း၍ ဝင်ရောက်သွားပါကလည်း မိမိတို့အတွက် ယခုလိုကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းသည် လေ့ကျင့်ဆောင်ရွက်ပြီး အကျိုးကျေးဇူးကို ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြင်ဆင်မှုသည် မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စတစ်ရပ်ဖြစ်သည့်အတွက် ယနေ့ အရေးပေါ်အစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ အပိုင်း (၂) ပိုင်းရှိပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ အမျိုးသားအဆင့် တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် တုံ့ပြန်ဆောင်ရွက်ခြင်းဟူ၍ ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် တုံ့ပြန်ဆောင်ရွက်ခြင်းတွင် စီမံချက်များ၊ ညွှန်ကြားချက်များ ရှိပြီးဖြစ်ပါကြောင်း၊ ယင်းတို့ကို ယခုမှစတင်၍ ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မုန်တိုင်းနှင့်ပတ်သက်၍ အတွေ့အကြုံများ ရှိပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းများအနက် ၂၀၀၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နာဂစ်မုန်တိုင်းသည် ထိခိုက်ဆုံးရှုံးမှု များပြားသည့် မုန်တိုင်းကြီးဖြစ်ပါကြောင်း။

 

ပူးပေါင်းဆောင်ရွက်ရန်လိုအပ်

ထို့ကြောင့် အရေးပေါ်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အချက်အလက်များကို ပြုစုထားပြီးလည်းဖြစ်ပါကြောင်း၊ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရသည့် ပစ္စည်းကိရိယာများကိုလည်း ပြည့်ပြည့်စုံစုံ ဖြစ်စေရန် ကြိုတင်စုံစမ်းဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်သည့်အခါတွင် အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသာမက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင်ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် စေတနာ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ ပေါင်းစပ်ညှိနှိုင်း၍ ပြင်ဆင်သင့်သည့် လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အလားတူ ကမ်းရိုးတန်း တစ်လျှောက်တွင် နေထိုင်ကြသည့် ပြည်သူများအတွက်လည်း မြို့နယ်၊ ကျေးရွာများအလိုက် ယခုကတည်းကပင် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

အဆိုပါ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု တည်မြဲအမိန့် (၂၀၂၂ ခုနှစ်) ပါအတိုင်း အမျိုးသားအဆင့် အရေးပေါ်စီမံခန့်ခွဲမှု၊ တုံ့ပြန်မှုအတွက် အခန်း (၄) ခန်းပါ လုပ်ငန်းကော်မတီ (၁၂) ရပ်မှ ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း စသည့် လုပ်ငန်းတာဝန်များအရ ဆောင်ရွက်ကြရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှု၊ တုံ့ပြန်မှုအတွက် အခန်း (၅) ပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွဲ့စည်းထားသည့်လုပ်ငန်း ကော်မတီများက ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလားတူ အခန်း (၆) ပါ တပ်မတော်ပိုင်းဆိုင်ရာ ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများကိုလည်း (ကြည်း၊ ရေ၊ လေ) တပ်မတော်သားများက လုပ်ငန်းတာဝန် အသေးစိတ် အလိုက် လုပ်ဆောင်ကြရန်လိုအပ်ကြောင်း။

 

တာဝန်များခွဲဝေ၍ စီမံဆောင်ရွက်ရန် လိုအပ်

မုန်တိုင်းမဝင်ရောက်မီ ပြင်ဆင်သည့်လုပ်ငန်းများ၊ ရွှေ့ပြောင်းသည့်လုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေးတွင် အသုံးပြုမည့်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ၊ အစားအသောက်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ယခုကတည်းကပင် တည်မြဲအမိန့်ပါအတိုင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ပေါင်းစပ်ကာ တာဝန်များခွဲဝေ၍ စီမံ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသူများအနေဖြင့် မိမိတို့အတွေ့ အကြုံအရ ဌာနအလိုက် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည့် ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် နှင့် ဒေါက်တာသက်သက်ခိုင်တို့က သဘာဝဘေးအန္တရာယ် အရေးပေါ်ကျရောက်လာပါက တုံ့ပြန်ရေး၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) တို့က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သော ဆိုင်ကလုန်းမုန်တိုင်းအပါအဝင် သဘာဝဘေးအန္တရာယ်များအား အရေးပေါ်တုံ့ပြန်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

 

ဆွေးနွေးတင်ပြ

ထို့နောက် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်သည့်အခြေအနေများ၊ မုန်တိုင်းနှင့် ပတ်သက်သည့် သတိပေးချက်များအား နိုင်ငံပိုင်မီဒီယာများနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ တစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်သွားမည့် အခြေအနေတို့ကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သဘာဝဘေးအန္တရာယ် အရေးပေါ်ကျရောက်ခဲ့ပါက အရေးပေါ် ရင်ဆိုင်တုံ့ပြန်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားမှု၊ ဘေးကင်းခိုလှုံရာ အဆောက်အဦများ တည်ဆောက်ထားမှု၊ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ နေရာဒေသ မရွေးဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက သဘာဝဘေးအန္တရာယ် အရေးပေါ်ရင်ဆိုင် တုံ့ပြန်ရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးကြည်က အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အရေးပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအား ရှင်းလင်းတင်ပြပြီး ကော်မတီ၏ အတည်ပြုချက်ရယူသည်။

ယနေ့ကျင်းပပြုလုပ်သည့် အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု စင်တာ(Disaster Management Center) ကို မေ ၈ ရက်မှ စတင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ရုံးအမှတ် (၂၃) ၌ ဖွင့်လှစ်၍ ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်း မုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်ရေး ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajidအားလက်ခံတွေ့ဆုံ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သောရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသောဒေသများအတွက် ရုရှား-မြန်မာစီးပွားရေးကောင်စီ(Russian-Myanmar Business Council-RMBC) မှ အမေရိကန်ဒေါ်လာ(၅,၀၀၀)လှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်မြို့တွင်ကျင်းပသည့် ၁၂ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်လှုပ်ရှားမှုအစီအစဥ်များသို့ဆက်လက်ပါဝင်တက်ရောက်

MOS

DSW

DDM

DOR