ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန် ယူ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်လျက်ရှိသော ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်(MCCT)အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် အဆိုပါအစီအစဉ်အတွက် ထောက်ပံ့ကြေးငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ယနေ့ နံနက်(၁၀း၀၀)နာရီတွင် Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ ဦးဆောင်သော တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဒီကနေ့အစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ယူပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အစီအစဉ်ဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ် (MCCT) အကောင်အထည်ဖော်မှုနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးလိုခြင်းနှင့်အဆိုပါအစီအစဉ်အတွက် ထောက်ပံ့ကြေးများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ပါကြောင်း၊ MCCT အစီအစဉ်အနေနဲ့ ၂၀၂၁-၂၀၂၂ ခု၊ (၆)လ ဘဏ္ဍာရေးနှစ်ရဲ့ ပထမ(၃)လပတ်အတွက် ထောက်ပံ့သွားမှာဖြစ်ပြီး အကျိုးခံစား ခွင့်ရှိသူ ပေါင်း (၁၅၅,၁၇၁) ဦးဖြစ်ပြီး စုစုပေါင်းထောက်ပံ့ကြေးမှာ ကျပ် (၆၈၁၅.၇၃၀) သန်း ဖြစ်ပါကြောင်း၊ ယခင် ဆောင်ရွက်နေကြ နည်းလမ်းအတိုင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှတဆင့် ငွေသားတိုက်ရိုက် ထောက်ပံ့ပေးသွားမှာဖြစ်ပါကြောင်း၊ အစီအစဉ် အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရေးမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ အခန်းကဏ္ဍက အထူးအရေးကြီးပါကြောင်း၊ ကြီးကြပ်ဆောင်ရွက်ပေးခြင်းနှင့် ပေါင်းစပ် ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးစေလိုပါကြောင်း၊ အဓိကအားဖြင့် ငွေထုတ်စာရင်း အလိုက် သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်များမှ ထောက်ပံ့ကြေးငွေ အဆင်ပြေပြေ ထုတ်ယူနိုင်ရေးနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် မြေပြင်ထောက်ပံ့မှု အဆင်ပြေပြေ ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါဘေး ကြုံတွေ့နေရချိန်မှာ ထောက်ပံ့ကြေးဟာ အကျိုးခံစားခွင့်ရှိသူများအတွက် အမှန်တကယ် အထောက်အကူဖြစ်စေမှာဖြစ်တဲ့အတွက် အားလုံးဝိုင်းဝန်းပြီး ကူညီဆောင် ရွက်ပေးစေလိုပါကြောင်း၊ ယခင်ဘဏ္ဍာရေးနှစ်က ကူညီဆောင်ရွက်ပေးခဲ့သည်များကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ အချိန်ပေးတက်ရောက်ပေးကြတဲ့အတွက် ဝန်ကြီးဌာနကိုယ်စား အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် အမှာစကားပြောကြားရာ၌ ယခုလိုကပ်ရောဂါဘေးကြုံတွေ့နေရတဲ့ အခိုက်အတန့်မှာ လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များဟာ အကျိုး ခံစားခွင့်ရှိသူ ပြည်သူတွေအတွက်များစွာ အထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်း၊ ကိုယ်ဝန် ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရပြည့်ပြည့်ဝဝ စားသောက်နိုင်ရေးအတွက် အထောက် အကူဖြစ်စေမယ်လို ယုံကြည်ပါကြောင်းနှင့် အကျိုးခံစားခွင့်ရှိသူ ပြည်သူတွေအတွက် အမှန် တကယ် အကျိုးရှိစေမည့်ကိစ္စဖြစ်တဲ့အတွက် အောင်အောင်မြင်မြင် အကောင်အထည်ဖော် နိုင်ဖို့ ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၏ အရေးပါမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပေါင်းစပ်ညှိနှိုင်းလိုသည့် အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဧရာဝတီတိုင်းဒေသကြီး အစိုးရဖွဲ့၊ တာဝန်ရှိသူများက ဆွေးနွေးပြောကြားခဲ့ပြီး ၂၀၂၁-၂၀၂၂ခု၊ (၆)လ ဘဏ္ဍာရေးနှစ်၏ ပထမ(၃)လပတ်အတွက် အကျိုးခံစားခွင့်ရှိသူ ပေါင်း (၁၅၅,၁၇၁) ဦးအတွက် စုစုပေါင်း ထောက်ပံ့ကြေး ကျပ် (၆၈၁၅.၇၃၀) သန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းထံသို့ ဝန်ကြီးဌာနကိုယ်စား ဧရာဝတီတိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်နော်သဝါးက လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနား အား နံနက်(၁၁း၁၅) တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR