အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များ၊ နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကယနေ့ခေတ်မှာ ကျန်းမာရေးစောင့်ရှောက်မှုများတိုးတက်ကောင်းမွန်လာပြီး လူတစ်ဦးချင်းစီ၏ မျှော်မှန်းသက်တမ်း မြင့်မားလာမှု၊ ကလေးမွေးဖွားမှုနှုန်းကျဆင်းလာမှု၊  ရွေ့ပြောင်းသွားလာသူ များပြားလာမှုများကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ လူကြီးနှင့် လူငယ်ဦးရေအချိုးအစား ပြောင်းလဲလာပြီး သက်ကြီးပုဂ္ဂိုလ်ဦးရေသည် မြင့်တက်နေပြီဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်က အသက်(၆၅)နှစ်နှင့်အထက် ကမ္ဘာ့သက်ကြီးပုဂ္ဂိုလ် အရေအတွက်မှာ ၇၆၁ သန်းကျော်စုစုပေါင်း ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းရှိရာမှ နောင်ဆယ်စုနှစ်သုံးခုအကြာ ၂၀၅၀ ပြည့်နှစ်တွင် ၁ ဒသမ ၆ ဘီလီယံကျော် စုစုပေါင်း လူဦးရေ၏ ၁၆ ရာခိုင်နှုန်းကျော် ရှိလာနိုင်သည်ဟု  ကုလသမဂ္ဂက ခန့်မှန်းထားပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၆၀နှစ်နှင့်အထက် သက်ကြီးဦးရေသည် ၅.၂ သန်းခန့်ရှိရာမှ ပြည်သူ့အင်အားဦးစီးဌာန၏ ၂၀၂၄ ခုနှစ် ခန့်မှန်းလူဦးရေစာရင်းအရ သက်ကြီးဦးရေသည် ၆.၅ သန်းကျော်အထိ တိုးလာပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနှင့်အဝန်းရှိ သက်ကြီးပုဂ္ဂိုလ်များကို ပြီးပြည့်စုံသည့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပြုစုစောင့်ရှောက်မှုနှင့် လူမှုရေးဝန်ဆောင်မှုတွေပေးဖို့ လိုအပ်လာပါကြောင်း၊ ထို့ကြောင့် ယခုနှစ် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ဆောင်ပုဒ်ကို သက်ကြီးပုဂ္ဂိုလ်များဂုဏ်သိက္ခာရှိစွာရပ်တည်ရေးကမ္ဘာအနှံ့ဘက်စုံပြုစုစောင့်ရှောက်ပေး”“Ageing with Dignity: The Importance of Strengthening Care and Support Systems for Older Persons Worldwide” လို့ သတ်မှတ်ပေးထားတာကို တွေ့ရှိရပါကြောင်း၊ထို့ကြောင့် သက်ကြီးများ၏ အခွင့်အရေးအတွက် ပိုမိုခိုင်မာသည့် ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်များနှင့် အလုံးစုံပြည့်စုံသော နိုင်ငံတကာ စာချုပ်စာတမ်းတစ်ရပ်ထွက်ပေါ်လာဖို့ လိုအပ်လာသလို ပြုစုစောင့်ရှောက်မည့်သူမရှိသည့် ခိုကိုးရာမဲ့ သက်ကြီးများအတွက်လည်း ရေရှည်စောင့်ရှောက်မှုပေးနိုင်မည့် Center များ၊ ပြုစုစောင့်ရှောက်သူများ၊ အိမ်တိုင်ရာရောက်ပြုစုစောင့်ရှောက်ပေးသည့် ဝန်ဆောင်မှုများကို အထူးအလေးထားဆောင်ရွက်ပေးရန် လိုအပ်တာကို ဒီဆောင်ပုဒ်က မီးမောင်းထိုးပြလိုက်ကြောင်း၊မြန်မာနိုင်ငံတွင်လည်း သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ(၂၀၁၆)အရ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို ဖြည့်ဆည်းပေးရေးနှင့်ပြုစုစောင့်ရှောက်ရေးတို့အတွက် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စေတနာရှင်ပြည်သူများက တည်ထောင်ဖွင့်လှစ်ထားသော ဘိုးဘွားရိပ်သာများကို ဥပဒေ/နည်းဥပဒေများအရ တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးခြင်း၊ ငွေကြေးနှင့်  နည်းပညာအကူအညီများ ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အထီးကျန်ဆန်နေသော သက်ကြီးသူများအတွက် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို ရန်ကုန်မြို့တွင် ၂၀၁၃ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး  အသက်(၇၀)နှစ်နှင့်အထက် ဘိုးဘွားများကို လက်ခံစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် သက်ကြီးပုဂ္ဂိုလ်များအတွက် ဝင်ငွေလုံခြုံမှုရရှိစေရန်အတွက် လူမှုရေးပင်စင်ထောက်ပံ့မှုအစီအစဉ်ကို တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ်၂၀၁၇ ခုနှစ်က စတင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အကျိုးခံစားခွင့်ရှိသူ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ် ၁၁၀,၇၉၆ ဦးကို လူမှုရေးပင်စင် ပေးအပ်နိုင်ရေးစီစဉ်လျက်ရှိပါကြောင်း၊အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့်မြန်မာတစ်နိုင်ငံလုံးမှာအသက်အကြီးဆုံးအဘိုးတစ်ဦးနှင့် အဘွားတစ်ဦးကိုယခင်နှစ်များကဲ့သို့ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်းစီကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များမှတစ်ဆင့် လွှဲပြောင်းပေးအပ် ဂုဏ်ပြုသွားရန် စီစဉ်ထားရှိပါကြောင်း၊တိုးပွားလာသော သက်ကြီးဦးရေနှင့်အညီ သက်ကြီးသူများအား စနစ်တကျ ပြုစုစောင့်ရှောက်ရေးသင်တန်းကိုရန်ကုန်မြို့ရှိ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်သက်ကြီးပုဂ္ဂိုလ် ပြုစုစောင့်ရှောက်ရေးနှင့်အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်ဗီဒီယိုမှတ်တမ်းပြသခြင်း၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များက အခမ်းအနားသို့ တက်ရောက်လာသည့် ဘိုးဘွားများကို လူသုံးကုန်၊ ဆေးဝါး ပစ္စည်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊တက်ရောက်လာသော ဘိုးဘွားများကိုယ်စားအဘိုးတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajidအားလက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး

MOS

DSW

DDM

DOR