၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှ (၁၆) ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟာလောင်းမြို့တွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာဆီယံလူမှု ဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့  လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာသက်သက်ဇင်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ပါသည်။  

အစည်းအဝေးအား “Responsive Social Protection in the Changing World” ဆောင်ပုဒ်ဖြင့်ကျင်းပခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံ၊ အလုပ်သမားနှင့် လူမှုရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြား၍ အစည်းအဝေးအား စတင်ဖွင့်လှစ်ခဲ့ပါသည်။ 

(၁၃.၁၁.၂၀၂၃) ရက်နေ့မှ (၁၄.၁၁.၂၀၂၄) ရက်နေ့အထိ ကျင်းပခဲ့သော (၁၈) ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများဆိုင်ရာအစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလနှင့် ကပ်ရောဂါ အလွန်ကာလများတွင် အာဆီယံနိုင်ငံအသီးသီး၌ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအပေါ် လူမှုကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှု ပံ့ပိုးမှုအခြေအနေများ၊ တိုးတက်ပြောင်းလဲလာသော အခြေအနေများနှင့်အညီ ဆောင်ရွက်ပေးရမည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် လူမှုဝန်ထမ်းသမား (Social Worker) များအနေဖြင့်  ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များအား အာဆီယံနိုင်ငံအသီးသီးမှ အဆင့်မြင့် အရာရှိကြီးများ၊ UN အဖွဲ့အစည်းများ၊ INGOs များနှင့် NGOs များ၏ ကိုယ်စားလှယ်များက Panel Discussants များအဖြစ် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Panel Discussant အနေဖြင့် မြန်မာနိုင်ငံတွင် လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ်တွင်ရေးဆွဲခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ်များ ထောက်ပံရေးအစီအစဉ်နှင့် အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်အစီအစဉ်တို့အား ၂၀၁၇ ခုနှစ်က စတင်၍ ထောက်ပံ့ခဲ့ရာ လက်ရှိကာလအထိ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အကျိုးခံစားခွင့်ရှိသူများအား စနစ်တကျ စာရင်းသွင်းဆောင်ရွက်နိုင်ရေးအတွက် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) ကို ဝန်ကြီးဌာန များပူးပေါင်း၍ ၂၀၂၂ ခုနှစ်တွင် Software ရေးဆွဲခဲ့ရာ (၁၈.၅.၂၀၂၃) ရက်‌နေ့တွင် စတင်အသုံးပြုနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ SMIS စနစ်တွင် လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုသတင်းစနစ်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့်ကလေးများအတွက် သတင်းစနစ်၊ အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုများအတွက် သတင်းစနစ်နှင့် မသန်စွမ်းသူများအတွက်သတင်းစနစ်စသည့်ကဏ္ဍခွဲများပါရှိပြီး အကျိုးခံစားခွင့်ရှိ သူစုစုပေါင်း (၇၇၆,၆၉၈) ဦးအား စာရင်းသွင်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) တွင် ပါဝင်သော “ကျေးလက်ဒေသတွင် နေထိုင်သော သက်ကြီးရွယ်အိုများ၏ ဝင်ငွေရရှိမှုအပေါ် ကိုဗစ်-၁၉ ရောဂါ၏ အကျိုးသက်ရောက်မှုဆိုင်ရာ သုတေသန” ကို မြန်မာနိုင်ငံက ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် Social Worker များနှင့် Voluntary Social Worker များမွေးထုတ်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။ 

(၁၉) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအား (၁၅.၁၁.၀၂၃) ရက်နေ့တွင်ကျင်းပခဲ့ပြီး (၁၈) ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံ+၃ နိုင်ငံများ အစည်းအဝေးအား (၁၆.၁၁.၂၀၂၃) ရက်နေ့တွင် ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR