၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကြီးမှူး၍ အာဆီယံအမျိုးသမီးကော်မတီအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင် ကျင်းပသည့် (၂၀)ကြိမ်မြောက် အာဆီယံ အမျိုးသမီးကော်မတီ အစည်းအဝေး(20th ACW –ASEAN Committee on Women Meeting)နှင့်(၁၃)ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီ အပေါင်းသုံး အစည်းအဝေး (13th ACW plus 3 Meeting) များကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)ဒေါ်ခင်မေနု နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

မြန်မာစံတော်ချိန်နံနက်(၀၈:၀၀)နာရီတွင် စတင်ကျင်းပသော 20th ACW အစည်းအဝေး၌ အာဆီယံအမျိုးသမီးကော်မတီ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ၂၀၂၀ခုနှစ်မှ ၂၀၂၁ခုနှစ်အတွင်း အာဆီယံအမျိုးသမီးကော်မတီမှ ဆောင်ရွက်ခဲ့ သော အောင်မြင်တိုးတက်မှုများ၊ အခြားသောအာဆီယံအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များ၊ အာဆီယံအဖွဲ့အစည်းများနှင့် မဏ္ဍိုင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံ အမျိုးသမီးကော်မတီလုပ်ငန်းစီမံချက်(၂၀၁၅-၂၀၂၀)အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေနှင့် (၂၀၂၁-၂၀၂၅)လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်မည့်အခြေအနေတို့ကို ဆွေးနွေးခဲ့ကြပါသည်။

ထို့အပြင် ဒေသတွင်း ကျား၊မရေးရာ ဆောင်ရွက်မှုများအဖြစ် ASEAN Gender Outlook ၊ အာဆီယံဒေသတွင်း ကျား၊မရေးရာ ထည့်သွင်းဆောင်ရွက်ခြင်းဆိုင်ရာ မဟာဗျူဟာ မူဘောင် ၊ ကျား၊မရေးရာတုံ့ပြန်ဆောင်ရွက်သော ရာသီဉတုနှင့်ဘေးအန္တရာယ်ခုခံနိုင်စွမ်းအား ၊ အမျိုးသမီး နှင့်မိန်းကလေးငယ်များ၏လုံခြုံရေးနှင့်ကာကွယ်စောင့်ရှောက်ခြင်းတွင် ကျား၊မရေးရာ ချဉ်းကပ်မှု မြှင့်တင်ခြင်း၊ အာဆီယံ အမျိုးသမီး၊ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ပူးတွဲကြေညာချက် အကောင် အထည်ဖော်ခြင်းဆိုင်ရာ ဒေသတွင်းလုပ်ငန်းစီမံချက် အခြေအနေများ၊ အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်ရည်နှင့်အနာဂတ်အလုပ်အကိုင်၊ ကျား၊မရေးရာ တုံ့ပြန်ဆောင်ရွက်သော အုပ်ချုပ်မှုနှင့် ခေါင်းဆောင်မှုနှင့် အာဆီယံအမျိုးသမီးကော်မတီလုပ်ငန်းစီမံချက်(၂၀၂၁-၂၀၂၅)၏ စောင့်ကြည့်လေ့လာခြင်းနှင့်အကဲဖြတ်ခြင်းစနစ်တို့အပေါ် အဖွဲ့ဝင်နိုင်ငံအသီးသီးက အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင် ရည်နှင့်အနာဂတ်အလုပ်အကိုင်နှင့်ပတ်သက်၍ မိမိဌာနအနေဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)၏ အကောင်အထည်ဖော်မှု ဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့များအနက်တစ်ခုဖြစ်သော အမျိုးသမီးများ၊နိုင်ငံရေးနှင့်စီးပွားရေး တွင် ပါဝင်ဆောင်ရွက်ခြင်း နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်း၍ အမျိုးသမီးများ၏ စီးပွားရေးစွမ်းပကားမြင့်မားစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုနည်းပညာဆိုင်ရာလုပ်ငန်း အဖွဲ့တွင် အမျိုးသမီးများနိုင်ငံရေးနှင့်စီးပွားရေးတွင် ပါဝင်ဆောင်ရွက်မှုဆိုင်ရာမူဝါဒများ ရေးဆွဲ ခြင်းနှင့် ငွေကြေးဝန်ဆောင်မှုများကိုလက်လှမ်းမီစေခြင်းနှင့် ထိုဝန်ဆောင်မှုများကို အသုံးပြုသည့် အလေ့အထများရှိလာစေခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားလုံး အတွက် သင့်တော်သည့် အလုပ်အကိုင်များကို တိုးမြှင့်လုပ်ကိုင်နိုင်ရန် အလုပ်သမားနှင့် အလုပ်အကိုင်ရရှိမှုဆိုင်ရာ မူဝါဒများတွင် ကျား၊မရေးရာကို ထည့်သွင်းဆောင်ရွက်ခြင်း(Gender Mainstreaming into Labour and Employment Policies to Promote Decent Work for All)နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံလမ်းညွှန်ချက်အရ နိုင်ငံတကာစံနှုန်းများ နှင့်အညီ အလုပ်သမားနှင့်အလုပ်အကိုင်ရရှိရေးဆိုင်ရာမူဝါဒများနှင့်အလေ့အထများတွင် ကျား၊မ တန်းတူညီမျှမှုကို ထည့်သွင်းဆောင်ရွက်ရန်  လူမှုဝန်ထမ်းဦးစီးဌာနနှင့်အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အာဆီယံလမ်းညွှန်ချက်တွင် ဖော်ပြ ထားသည့် ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ Checklists ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပါဝင်ဆွေးနွေး ခဲ့ပါသည်။

ဆက်လက်၍ မြန်မာစံတော်ချိန်မွန်းလွဲ(၂:၃)နာရီတွင် (၁၃)ကြိမ်မြောက် အာဆီယံ အမျိုးသမီး ကော်မတီ အပေါင်းသုံး အစည်းအဝေး (13th ACW plus 3 Meeting)ကို ကျင်းပခဲ့ပြီး ACW အလှည့်ကျဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားနိုင်ငံ နှင့် အပေါင်းသုံးနိုင်ငံများဖြစ်ကြသော တရုတ်၊ ဂျပန်နှင့်ကိုရီးယားနိုင်ငံတို့မှ အမှာစကား အသီးသီး ပြောကြားခဲ့ကြပါသည်။

ထို့နောက် အစည်းအဝေးခေါင်းစဉ်(Theme)ဖြစ်သော''Digital Economy and Financial Inclusion for Improving ASEAN Women's Competitiveness'' အပေါ် အာဆီယံ အပေါင်းသုံး နိုင်ငံများက အမြင်များဖလှယ်ခြင်း၊ အာဆီယံအတွင်းရေးမှူးချုပ်က အမျိုးသမီးအရေးကိစ္စအပေါ် ပူးပေါင်းဆောင်ရွက်မည့်နယ်ပယ်များနှင့် အာဆီယံ အမျိုးသမီး ကော်မတီ၏ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅)တို့ကို ဆွေးနွေးတင်ပြခြင်းနှင့် အာဆီယံအပေါင်းသုံး နိုင်ငံများက ၎င်းတို့ပါဝင် ဆောင်ရွက်မည့် ကျား၊မတန်းတူညီမျှရေးနှင့် အမျိုးသမီးအရေးကိစ္စများနှင့်နှီးနွယ်သည့် လုပ်ငန်း တို့ကို အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR