လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များ၌ အကျုံးဝင်သည့် အကျိုးခံစားခွင့်ရှိသူများကို ထောက်ပံ့ကြေးပေးအပ်နိုင်ရေးအတွက်  လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) စနစ် စတင်အသုံးပြုခြင်း အခမ်းအနားကို ယနေ့ နံနက်(ဝ၉းဝဝ)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ သတင်းနည်းပညာဌာန၊ ဌာနမှူးနှင့် နည်းပညာအရာရှိများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပထမဦးစွာ SMIS စနစ် အောင်မြင်စွာ အကောင်အထည်ပေါ်လာအောင် ကူညီပံ့ပိုးပေးသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ သတင်းနည်းပညာဌာနအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ SMIS စနစ်အား စတင် အသုံးပြုခြင်းအခမ်းအနားကိုပြုလုပ်ရခြင်းမှာ SMIS သည် စနစ်သစ်ဖြစ်သည့်အတွက် ယနေ့မှစတင်၍ Day 1 အဖြစ် SMIS ID များ သတ်မှတ်ပြီး စတင်စာရင်းသွင်းတော့မည်ဖြစ်ကြောင်း၊ SMIS စနစ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှု အစီအစဉ်ဖြစ်သော ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့ကမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့သော MCCT အစီအစဉ်နှင့် အသက် (၈၅) နှစ်အထက်ကို ထောက်ပံ့မှုများပေးနေသော လူမှုရေးပင်စင် အစီအစဉ်များတွင် အကျိုးခံစားခွင့်ရှိသူစာရင်း မှတ်ပုံတင်ခြင်း၊ စာရင်းသွင်းခြင်း၊ ထောက်ပံ့ ငွေပေးအပ်ခြင်း၊ အကျိုးခံစားသူအဖြစ်မှ ရပ်စဲခြင်း၊ ဖြည့်စွက်ဝန်ဆောင်မှုပေးခြင်း၊ တိုင်ကြားမှုများကိုဖြေရှင်းခြင်း၊ စောင့်ကြည့်အကဲဖြတ်ခြင်းနှင့် အစီရင်ခံခြင်းစသည့်လုပ်ငန်းစဉ်များ ပါဝင်ပါကြောင်း၊ ၎င်းအပြင် SMIS စနစ်တွင် ဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းများ အတွက် Case Management Information -CMIS စနစ်နှင့် မသန်စွမ်းသူများအတွက် Disabled Management Information -DMIS တို့ကိုလည်းရေးဆွဲထားပြီး ယနေ့မှစ၍ စတင်အသုံးပြုမှာဖြစ်ကြောင်း၊ SMIS စနစ်အားအသုံးပြုခြင်းဖြင့် သတင်းအချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းနိုင်မည့်အပြင်  ဒေသအလိုက်အခြေအနေများကို  အချိန်နှင့်တစ်ပြေးညီသိရှိနိုင်မည်ဖြစ်၍ မူဝါဒပိုင်းဆိုင်ရာ အဆိုပြုမှုများ၊ သုတေသနလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) Software နှင့်ပတ်သက်၍ နည်းပညာအကူအညီများ အပြည့်အဝကူညီပံ့ပိုးပေးသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ သတင်းနည်းပညာဌာန၊ ဌာနမှူးမှ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံသို့ SMIS စနစ်ကို စတင်အသုံးပြုခွင့် ပေးအပ်ခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး က နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အားလုံးကိုယ်စား နေပြည်တော်ကောင်စီ၊ လူမှုဝန်ထမ်းရုံးသို့ SMIS စနစ်စတင်အသုံးပြုခွင့်ကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မေနုက SMIS စနစ်အသုံးပြုမည့် လူမှုဝန်ထမ်းဦးစီးဌာနရုံးချုပ်ရှိ ဌာနခွဲများသို့ ကြီးကြပ်ဆောင်ရွက်ခွင့်ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများအတွက် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) စနစ်ကို ၁၈-၅-၂ဝ၂၃ ရက်နေ့မှ စ၍ စတင်အသုံးပြုပြီဖြစ်ကြောင်းကြေညာကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။






နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR