နေပြည်တော်၊ အောက်တိုဘာ ၁၂

         လူမှုဝန်ထမ်းဦးစီးဌာန၏ နှစ်(၇ဝ)ပြည့် အထိမ်းအမှတ်အဖြစ် ပြုစုထုတ်ဝေမည့် လူမှုဝန်ထမ်းဦးစီးဌာန သမိုင်းမှတ်တမ်း ရေးသားပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် (၁ဝးဝဝ)နာရီအချိန်၌ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာ၌ လူမှုဝန်ထမ်းဦးစီးဌာနသည် အကြောင်းအမျိုးမျိုး၊ အခြေအနေအရပ်ရပ်တို့ကြောင့် လူမှုရေးဒုက္ခနှင့်ကြုံတွေ့နေရသည့် ကလေးသူငယ်နှင့်မိသားစုများ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ လူမှုရေးပြဿနာရှင် လူတန်းစားအသီးသီးတို့ကို ကူညီစောင့်ရှောက်သည့်လုပ်ငန်းနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထား၍ ဆောင်ရွက်သည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ လူမှုရေးပြဿနာများ မပေါ်ပေါက်စေရေးအတွက် ကြိုတင်ကာကွယ်ခြင်း၊ လူမှုရေးတာဝန်များကို ဝေမျှထမ်းဆောင်နိုင်မည့်ပုဂ္ဂိုလ်များအား လူထုအတွင်းမှ မွေးထုတ်ပေးခြင်း၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖော်ထုတ်ပေးခြင်းနှင့် လူမှုဝန်ထမ်းနည်းလမ်းများအရ ကူညီပေးခြင်းစသော လုပ်ငန်းရပ်များကို အဓိကထားဆောင်ရွက်လာခဲ့သည်မှာ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက် နေ့မှ ယခု ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့ဆိုလျှင် နှစ်(၇ဝ)ပြည့်သို့ ရောက်ရှိလာတော့မှာဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၏ နှစ်(၇ဝ)ပြည့် အထိမ်းအမှတ်အဖြစ် ရေးသားပြုစုထုတ်ဝေမည့် လူမှုဝန်ထမ်းဦးစီးဌာန သမိုင်းမှတ်တမ်းစာအုပ်သည် နိုင်ငံနှင့်ပြည်သူအတွက်များစွာအရေးပါသော မှတ်တမ်းစာအုပ်တစ်ခုအဖြစ် တည်ရှိနေမှာဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ထိုသမိုင်းမှတ်တမ်းစာအုပ်၌ လူမှုဝန်ထမ်းဦးစီးဌာန၏ ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ မျက်မှောက်ကာလ၌ နိုင်ငံတကာနှင့်ဒေသတွင်း ကြိုးပမ်းဆောင်ရွက်မှုများ၊ မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ လူမှုဝန်ထမ်းဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်(၇)ရပ်ဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ ကလေးနှင့်လူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ အမျိုးသမီးများ  ကာကွယ်စောင့်ရှောက်ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ ဖြစ်ရပ်စီမံခန့်ခွဲမှုနှင့် စေတနာ့ဝန်ထမ်းလုပ်ငန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း စသည့်လုပ်ငန်းများအား အချက်အလက် စုံလင်စွာဖြင့် အသေးစိတ် ထည့်သွင်းရေးသားဖော်ပြပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် မျက်မှောက်ကာလတွင် နည်းပညာများသည် နေ့စဉ်နှင့် အမျှဖွံ့ဖြိုးတိုးတက်‌ပြောင်းလဲလျက်ရှိရာ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်၌ ပါဝင်သော  အဓိကလုပ်ငန်းစဉ်များ အနက် MCCT Program ၊ Social Pension Program Case Management Program ၊ Disabled  Program နှင့် GBV Program တို့ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ သတင်းနည်းပညာဌာန၏ နည်းပညာအကူအညီများဖြင့် ရေးဆွဲထားသည့် SMIS Software စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကိုလည်း သမိုင်းမှတ်တမ်းစာအုပ်တွင် ထည့်သွင်းဖော်ပြပေးစေလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၏ နှစ်(၇ဝ)ပြည့် အထိမ်းအမှတ်အဖြစ် ပြုစုထုတ်ဝေမည့် လူမှုဝန်ထမ်းသမိုင်းမှတ်တမ်းစာအုပ်အား သတ်မှတ်ရက်အမီ အချက်အလက်စုံလင်စွာဖြင့် ရေးသား ပြုစုထုတ်ဝေနိုင်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာန၊ ဌာနခွဲအသီးသီးအနေဖြင့် မိမိတို့ဌာနအလိုက်ပေးပို့ရန်ရှိသည့် အချက်အလက်များအား လူမှုဝန်ထမ်း ဝန်ထမ်းဟောင်းများအသင်းနှင့် ချိတ်ဆက်၍ စုံလွင်စွာ ပြုစုပေးပို့ကြပါရန်နှင့် သမိုင်းမှတ်တမ်းစာအုပ် ပြုစုထုတ်ဝေနိုင်ရေးအတွက် လိုအပ်သည်များအား အပြည့်အဝကူညီပံ့ပိုးပေးကြရန် ပြောကြားခဲ့ပါသည်။

       ထို့နောက် လူမှုဝန်ထမ်း ဝန်ထမ်းဟောင်းများအသင်း၏ ကိုယ်စားလှယ်ဖြစ်သူ ဒေါ်အေးသိန်း၊ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း)မှ လူမှုဝန်ထမ်း ဝန်ထမ်းဟောင်းများအသင်း၏ အသင်းဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ သမိုင်းမှတ်တမ်းစာအုပ် ပြုစုထုတ်ဝေရေးနှင့်ပတ်သက်သည်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

          ဆက်လက်၍ လူမှုဝန်ထမ်း သမိုင်းမှတ်တမ်းစာအုပ် ပြုစုထုတ်ဝေရေးအဖွဲ့၏ အတွင်းရေးမှူး ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်/စီ၊ မသန်-ဖွံဖြိုးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးကျော်မျိုးသန့်မှ လူမှုဝန်ထမ်း သမိုင်းမှတ်တမ်းစာအုပ် ပြုစုထုတ်ဝေးရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး တက်ရောက်လာကြသူများမှ အသီးသီးဆွေးနွေး တင်ပြခဲ့ကြပါသည်။

      အဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လူမှုဝန်ထမ်းဝန်ထမ်းဟောင်းများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR