“ ပိုမိုကောင်းမွန်သည့် covid-19 အလွန် ကမ္ဘာတည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး ရေရှည်တည်တံ့စေရန် ကြိုးစားစို့ ”

   ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာလောကကြီး၌ နေထိုင်ကြသော သက်ရှိသတ္တဝါများထဲတွင် လူသား တို့သည် ဉာဏ်ရည်အထက်မြက်ဆုံးနှင့် အစွမ်းဆောင်နိုင်ဆုံးသောသတ္တဝါ ဖြစ်သည်။ လူသားတို့သည် အချို့သော သတ္တဝါများလောက် ခွန်အားဗလမကြီးမားသော်လည်း ဉာဏ်ရည်ဉာဏ်စွမ်း ထက်မြက် မှုကြောင့် အစွမ်းရှိသော လူသားများအဖြစ် ကမ္ဘာလောကကြီးကို အုပ်စိုးနိုင်ကြပေသည်။ လူသား ဟူသမျှတို့သည် အစွမ်းအစရှိကြသူများ ဖြစ်ကြသည်။ ဘဝပေးအကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းချို့ယွင်းအားနည်းမှုများ ရှိခဲ့လျှင်သော်လည်းကောင်း၊ ဉာဏ်ရည်အစွမ်းအစဖြင့် ဘဝကို ရပ်တည်နိုင်ကြပေသည်။ မိမိ၌ တစ်စုံတစ်ရာချို့ယွင်းမှုများရှိနေသော်လည်း ကောင်းမွန်သော ကျန်အင်္ဂါ အစိတ်အပိုင်း ချို့ယွင်းအားနည်းမှုများရှိခဲ့လျှင်သော်လည်းကောင်း ၊ ဉာဏ်ရည်အစွမ်းအစဖြင့် ဘဝကို ရပ်တည်နိုင်ကြပေသည်။ မိမိ၌ တစ်စုံတစ်ရာချို့ယွင်းမှုများရှိနေသော်လည်း ကောင်းမွန်သော ကျန်အင်္ဂါ အစိတ်အပိုင်းတို့ဖြင့် ဘဝကို ကြိုးစားရုန်းကန်အသက်ရှင်နေထိုင်နိုင်ကြသည်။ ထို့ကြောင့် လူသားတို့ မည်သည် မသန်သည့်တိုင် စွမ်းနိုင်ကြသူများသာလျှင် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
   သို့ဖြစ်၍ မွေးရာပါ ချို့ယွင်းမှုကြောင့် သော်လည်းကောင်း၊ မတော်တဆ ထိခိုက်မှုသော် လည်းကောင်း၊ အကြောင်းအရင်းအမျိုးမျိုးကြောင့် ကိုယ်ကာယဆိုင်ရာ ခန္ဓာကိုယ်အစိတ်အပိုင်းများ ချို့တဲ့အားနည်းခြင်း၊ ပျက်ဆီးဆုံးရှုံးခြင်းများဖြင့် ဘဝကို အရှုံးမပေးဘဲ ရပ်တည်နေကြသော မသန် သော်လည်း စွမ်းကြသည့် “ မသန်စွမ်း ” များ၏ဘဝကို စာနာထောက်ထားအားပေးမြှင့်တင်ပေးလိုသော ကြောင့် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်မှ မသန်စွမ်းသူများကို ကူညီစောင့်ရှောက်ပေးနိုင်ရန် လှုံ့ဆော်ချက်အနေဖြင့် ၁၉၈၁ ခုနှစ်ကို “ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနှစ် ” အဖြစ် သတ်မှတ် ခဲ့ပါသည်။ ထို့အပြင် ၁၉၈၂ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိကို “ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ ဆယ်စုနှစ် ” အဖြစ် ဆက်လက်သတ်မှတ်ခဲ့ပါသည်။ ၁၉၉၃ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှ မသန်စွမ်းသူများကို စာနာထောက်ထားရေး၊ စိတ်ဓာတ်မြှင့်တင်ပေးရေး၊ ဂုဏ်သိက္ခာမြှင့်တင်ပေးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ထွက်ပေါ်လာစေရေးတို့အတွက် ရည်ရွယ်၍ “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့” ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင်မသန်စွမ်းသူများ အပေါ်ထားရှိသည့် စိတ်သဘောထားများနှင့် ဖြေရှင်းမှုပုံစံများကို ပြုပြင်ပြောင်းလဲစေနိုင်ရေးအတွက် ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် “မသန်စွမ်းသူများ၏ အခွင့်အရေးမျာဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း” ကိုချမှတ်ခဲ့ပါသည်။ မသန်စွမ်းသူတိုင်း လူ့အခွင့်အရေး အားလုံးနှင့် အခြေခံလွတ်လပ်ခွင့်များကို ညီမျှစွာ အပြည့်အ၀ရရှိရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်နှင့် မွေးရာပါမသန်စွမ်းသူများ၏ ဂုဏ်သိက္ခာကို ပိုမိုလေးစားမှုရှိစေရန် အတွက်ရည်ရွယ်၍ ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်ရှင်း(United Nations Convention on the Right of Person with Disabilities – UNCRPD)ကို ပြဌာန်းခဲ့ရာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၇၅ နိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးပြီး ဖြစ်သည်။ စင်စစ်အားဖြင့် UNCRPD သည် မသန်စွမ်းသူများအတွက် အခွင့်အရေးသစ်များကို တောင်ခံနေခြင်းမဟုတ်ဘဲ ကမ္ဘာ့လူ့အခွင့်အရေး ကြေငြာစာတမ်းပါ ပြဌာန်း ချက်နှင့်အညီ မသန်စွမ်းသူများ ရသင့်ရအပ်သော အခွင့်အရေးများအကြောင်းကို ဖော်ပြထားသော ကုလသမဂ္ဂကွန်ဗင်းရှင်းတစ်ခုဖြစ်သည်။ ထို့အပြင်စာချုပ်အဖွဲ့ဝင်နိုင်ငံများအားလုံး မသန်စွမ်းသူများ လူ့အခွင့်အရေး အပြည့်အဝရရှိရေးအတွက် မည်သို့မည်ပုံလုပ်ဆောင်ရမည်ကို နားလည်သဘောပေါက် စေရန် ကူညီပေးသည့် ကွန်ဗင်းရှင်းတစ်ခုလည်းဖြစ်ပေသည်။ ယင်း Convention သည် ၂၁ ရာစု၏ ပထမဆုံး လူ့အခွင့်အေရေးစာချုပ် ဖြစ်သည်။
   မသန်စွမ်းသူများအတွက် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာလှုပ်ရှားနေမှုများကို လေ့လာကြည့် ပါက ၂၀၁၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့တွင် United Kingdom အစိုးရမှ မသန်စွမ်း သူများအတွက် မဖြစ်မနေအလုပ်အကိုင် အခွင့်အလမ်းများရရှိရန်၊ အခွင့်အလမ်းများကို တိုးတက်စေရန်၊ လူမှုဖူလုံရေးခံစားခွင့်များ၊ မဖြစ်မနေလုပ်ဆောင်ရမည့်အလုပ်ကိုစတင်ခဲ့သည်။ ကုလသမဂ္ဂမသန်စွမ်း သူများ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အပိုဒ် (၉)အရ အိန္ဒိယနိုင်ငံတွင် မတူကွဲပြား သော တတ်စွမ်းနိုင်သော အသိုင်းအဝန်းကူညီရန် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် Accessible India Campaign အမည်ဖြင့်စတင်ခဲ့သည်။
   မြန်မာနိုင်ငံသည်လည်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး ကောင်းကျိုးစီးပွားရရှိမှုနှင့် လူ့အဖွဲ့အစည်းတွင် လူတန်းစေ့ပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရမှ တာဝန်ယူဆောင်ရွက် ပေးလျက်ရှိပါသည်။ မသန်စွမ်းသူများ၏ မွေးရာပါ အခွင့်အရေးတစ်ခုဖြစ်သော “ပညာသင်ကြားခွင့်” ကို ပိုမိုရရှိခံစားနိုင်ကြရန် “လူတိုင်းအတွက်ပညာရေး” “Education For All” (EFA) ကို နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ကြိုးပမ်းလျက်ရှိပါသည်။ “လူတိုင်းအကျုံးဝင်ပညာရေး” “Inclusive Education” စီမံကိန်းဟူ၍ ဖြစ်ထွန်းမလာမီကပင် မြန်မာနိုင်ငံတွင် မသန်စွမ်းကလေးများအတွက် ပညာသင်ယူခွင့် ရှိနေပါသည်။ ၂၀၀၅ ခုနှစ်မှစ၍ လူတိုင်းအကျုံးဝင် ပညာရေးကို တစိုက်မတ်မတ် ဦးစားပေးဆောင်ရွက်ခဲ့ မှုကြောင့် မသန်စွမ်းကလေးများ အတန်းပညာသင်ကြားမှု သင်ယူမှုအခွင့်အလမ်းများကို ပိုမိုပွင့်လန်း လာစေခဲ့သည်။ နိုင်ငံတကာ မသန်စွမ်းမှုများဖြစ်သော အမြင်အာရုံချိုယွင်းသူများ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းသူများ၊ ဉာဏ်ရည်နိမ့်ပါးသူများအမြန်မာနိုင်ငံ အနေဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပြီး ဆေးဝါးကုသမှု၊ စာပေပညာ၊ အသက်မွေးဝမ်းကြောင်းပညာ၊ အနုပညာ စသည့်ပညာရပ်မျိုးစုံ ကို သင်ကြားပေးပြီး ပြုစုပျိုးထောင်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံတော်အစိုးရနှင့် မသန်စွမ်းသူများ အခြေခံပညာမှစ၍ အဆင့်မြင့်ပညာအထိ သင်ကြားနိုင်ရန် ကျောင်းများလည်းဖွင့်လှစ်ထားပေးပါသည်။ အမြင်အာရုံချို့ယွင်းသူများအတွက် စာပေ ပညာများကို လေ့လာသင်ယူမှတ်သားနိုင်ရန် လက်စမ်းစာများ ၊ အကြားအရုံချို့ယွင်းတဲ့သူများ အတွက် သင်္ကေတစာများဖြင့် သင်ကြားပို့ချလျက်ရှိပါသည်။ ယနေ့ခေတ်တွင် အမြင်အာရုံချို့တဲ့သူများအတွက် ကွန်ပျူတာပညာရပ်များကို ကမ္ဘာအဆင့်မီသင်ကြားပို့ချပေးနေပြီဖြစ်ပါသည်။ ထို့အပြင် အသက်မွေးမှု အတတ်ပညာများအဖြစ် ကြိမ်ထိုး၊ ဇာထိုး၊ ပန်းထိုး၊ စက်ချုပ်အတတ်ပညာများနှင့် အခြားအတတ် ပညာများ သင်ကြားပေးလျက်ရှိပါသည်။ ထိုမျှမကသေး အဆိုပညာ၊ အတီးအမှုတ်ပညာများကို သင်ကြား ပေးလျက် မြန်မာ့ရိုးရာ ဆိုကရေးတီးပြိုင်ပွဲများတွင်ပင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကာ ဆုတံဆိပ်များလည်း ဆွတ်ခူးရရှိသည့်အထိ စွမ်းဆောင်နိုင်ကြပေသည်။ မသန်သော်လည်း စွမ်းကြသူများ၏ အရည်အချင်းကို ထုတ်ဖော်ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင် ကာ လေ့ကျင့်သင်ကြားပျိုးထောင်ပေးလျက်ရှိပါသည်။ အားကစားသည်မသန်စွမ်းသူများအား စွမ်ဆောင် ရည်မြှင့်တင်ရန်နှင့် ၎င်းတို့ပါဝင်မှုအားမြှင့်တင်ရန်အတွက် အကောင်းဆုံးသော နေရာတစ်ရာတစ်ခုဖြစ် သည်။ မြန်မာနိုင်ငံမသန်စွမ်းသူအားကစားအဖွဲ့သည် နိုင်ငံတကာ မသန်စွမ်းအားကစားပြိုင်ပွဲများတွင်
-၄-
ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆုရှင် အားကစားသမား များပင် ပေါ်ထွန်းလာခဲ့ပြီဖြစ်သည်။ အားကစားတွင် မသန်စွမ်းသူများ၏ ထူးခြားအောင်မြင်မှုများသည် ၎င်းအတွက် အခွင့်အလမ်းကောင်းများပင်ဖြစ်သည်။
   တရားမျှတခြင်း၊ ညီမျှခြင်းဆိုသည့် လောကပါလတရားများ ရှင်သန်ထွန်းကားနေသော မြန်မာ နိုင်ငံတွင် မသန်စွမ်းသူများအား နိုင်ငံတော်အစိုးရမှ ကြည့်ရှု့စောင့်ရှောက်လျက်ရှိပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ မသန်စွမ်းသူများ၏ လူနေမှုဘဝ လိုအပ်ချက်များကို အစိုးရအဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအလှူရှင်များ၏ ငွေကြေး၊ နည်းပညာ အကူအညီ၊ ပစ္စည်းအကူအညီများဖြင့် တစ်ဆင့်ဖြည့်ဆည်းပေးခြင်းဖြင့် အလုပ်အကိုင် အစဉ်လေ့လာ သင်ယူနိုင်သော ပညာရေးအခွင့်အလမ်းများ ရရှိလာနိုင်မည်ဖြစ်သည်။
   မသန်စွမ်းသူများသည် သာမန်ဘဝတစ်ခုရရှိရန် အထောက်အကူပြုသော လူမှုရေးနှင့် ရုပ်ပိုင်း ဆိုင်ရာ ပတ်ဝန်းကျင်လိုအပ်သည်။ ရုံးခန်းများ၊ အများပြည်သူနေရာများနှင့် သယ်ယူပို့ဆောင်ရေး စနစ်များရှိသောအတားအဆီးများကို ဖယ်ရှားပေးပါက ဘီးတပ်ကုလားထိုင်ရှိသူများသည် ကုန်ထုတ် စွမ်းဆောင်နိုင်ပြီး လူမှုရေးဘဝတွင် ပေါင်းစည်းနိုင်ကြမည်ဖြစ်သည်။ ထို့ပြင် စီးပွားရေးကဏ္ဍဆိုင်ရာ သတင်းအချက်အလက်များနှင့် အခွင့်အလမ်းများကို လက်လမ်းမှီအသုံးပြုမှုအား အဟန့်အတားဖြစ်စေ သောရိုးရာဓလေ့များ၊ ရှေးရိုးအစွဲအလန်းများနှင့် ယုံကြည်မှုများ၊ လျော့ပါးပပျောက်ရေးအတွက် အသိပညာပေးခြင်း၊ လူထုအခြေပြုလုပ်ရှားမှုများ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ (၂၁) ရာစုနှစ် အစမှ စတင်ပြီး မသန်စွမ်းမှုများနှင့် မသန်စွမ်းသူများ၏ အရေးကိစ္စတို့ကို ကမ္ဘာတစ်ဝန်းတွင် ရှုထောင့်သစ်၊ အမြင်သစ်များဖြင့် သိရှိနားလည်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ ဆောင်ရွက်သည့် နေရာတွင် နိုင်ငံအပေါင်းသည်မသန်စွမ်းသူများ၏ အခွင့်အရေးများအတွက် အခြေခံကျသည့် “အပြည့်အဝပါဝင်ဆောင်ရွက်ခွင့်နှင့်သာတူညီမျှခွင့်” တို့ကို ကာကွယ်မြှင့်တင်ရေးများ လုပ်ဆောင်ရာ တွင် စိန်ခေါ် မှုများရှိနေဆဲဖြစ်ပါသည်။
   မြန်မာနိုင်ငံအနေဖြင့်လည်း မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ (၂၀၁၅) မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ (၂၀၁၇) မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ (၂၀၁၆-၂၀၂၅) ကို အတည်ပြုချမှတ်ကာ အဆိုပါဥပဒေ၊ နည်းဥပဒေနှင့် မဟာဗျူဟာတို့ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန် အမျိုးသားအဆင့်ကော်မတီတစ်ရပ်ကိုဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှချမှတ်ပေးသည့် “အားလုံးတူညီ အခွင့်အရေးရရှိရေး၊ မသန်စွမ်းသူများအတွှက် အစွမ်းမြှင့်တင်ပေးရေး” ဆိုသည့် ဆောင်ပုဒ်သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ၂၀၃၀ အစီအစဉ်တွင် မျှော်မှန်းထားရှိသည့် လူသားအားလုံးပါဝင်သည့် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှု၊ မသန်စွမ်းသူများ၏စွမ်းဆောင် ရည်မြင့်မား လာစေရန် ဦးတည်ထားခြင်းဖြစ်ပေသည်။
   မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အခက်အခဲအတားအဆီးများထဲတွင် “နိုင်ငံရေးတွင် ပါဝင်ခွင့်” ဆိုသည့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးတစ်ခုလည်းအပါဝင် ဖြစ်သည်။ ထို့ကြောင့် မသန်စွမ်း သူများ လက်လှမ်းမှီပါဝင်ရေး အထွေထွေရွေးကောက်ပွဲကွန်ရက် (AGENDA) အဖွဲ့က ဦးဆောင်ပြီး မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အာဆီယံအထောက်အကူပြု ဘက်စုံစီမံချက် ၂၀၂၅ ကိုရေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ဤစီမံချက်သည် ကုလသမဂ္ဂမသန်စွမ်း သူများ အခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်းတို့၏ အခြေခံမူများနှင့်လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ကော်မရှင် (AICHR) ၏ “မသန်စွမ်းသူများ၏ အခွင့်အရေးများကို အာဆီယံ၏ ကဏ္ဍပေါင်းစုံတွင် ပေါင်းစည်းပါဝင်လာနိုင်ရေး” ဆိုသည့်အချက်များအရ ပေါ်ပေါက်လာသည့် ဒေသတွင်း မူဝါဒစာတမ်းစု တစ်ခုဖြစ်ပါသည်။
မသန်စွမ်းသူများ လူ့အဖွဲ့အစည်းတွင် အများနည်းတူ နေထိုင်ရှင်သန်နိုင်ရေးအတွက် အများ ပြည်သူပိုင် အိမ်ရာ၊ ဆေးရုံနှင့် စာသင်ကျောင်းစသည့် ရုပ်ဝတ္ထုပတ်ဝန်းကျင်များ ၊ ဆက်သွယ်ရေးသတင်း ပြန်ကြားရေးနှင့် လူထုဆက်သွယ်ရေး ကဏ္ဍတို့တွင် မသန်စွမ်းသူများ အတားအဆီးမရှိ လွယ်ကူစွာ ဆက်သွယ်သွားလာနေနိုင်ရေးအတွက်အလွယ် တကူသွားလာနိုင်ရေးအတွက် အများပြည်သူသုံးသည့်နေရာများတွင် အတားအဆီးများ မရှိစေရေး အတွက် ပုံစံများရေးဆွဲတည်ဆောက်ခြင်း၊ လမ်းဆုံမီးပွိုင့်များ၊ လူကူးမျဉ်ကြားများနှင့် လမ်းအကွေ့ အတွက်အဆင်းများတွင် မသန်စွမ်းသူများအတွက် အထောက်အကူဖြစ်စေသော အမှတ်အသားများ၊ သင်္ကေတများ၊ အသံပေးအချက်ပြကိရိယာများ တပ်ဆင်ခြင်းများကို ဆောင်ရွက်ကြရပေမည်။ ထိုကဲ့သို့ ရုပ်လုံးဖော်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တစ်ခုတည်း ၏ အင်အားဖြင့်ဆောင်ရွက်၍ မဖြစ်နိုင်ပေ။ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေး အဖွဲ့အစည်းများ၏ အင်အားများ ပူးပေါင်းဆောင်ရွက်ပါက မသန်စွမ်းသူများ အတားအဆီးအခက်အခဲ မရှိ သွားလာနေထိုင်နိုင်မည်ဖြစ်သည်။
  မသန်စွမ်းသူများ ရင်ဆိုင်ကြရသည့် နောက်ထပ်အတားအဆီးတစ်ခုမှာ လူ့အသိုင်းအဝိုင်း၊ လူ့ အဖွဲ့အစည်းတို့၏ မသန်စွမ်းသူများအပေါ် ရှုမြင်မှုနှင့် သဘောထားတို့ဖြစ်သည်။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းနေသည့် မသန်စွမ်းသူများအပေါ်ခွဲခြားဆက်ဆံခြင်း ၊ နှိမ့်ချဆက်ဆံ ခြင်းတို့သည် မသန်စွမ်းသူများ၏ ပညာသင်ယူမှုအပေါ်တွင်လည်းကောင်း၊ အလုပ်အကိုင်ရှာဖွေရာတွင် လည်းကောင်း များစွာသက်ရောက်မှုရှိသည်။ အမှန်တကယ်အားဖြင့် မသန်စွမ်းသူတို့အား ၎င်းတို့တစ်ဦး ချင်းစီနှင့်ကိုက်ညီသည့် သင်ကြားမှုပုံစံများဖြင့် လေ့ကျင့်သင်ကြားပေးခြင်း၊ ၎င်းတို့၏ အလုပ်လုပ်ကိုင် နိုင်မှုနှင့် ကျွမ်းကျင်မှုတို့နှင့် လျော်ညီသည့် အလုပ်အကိုင်များတွင် လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် မသန်စွမ်းသူ များသည် လူ့အဖွဲ့အစည်းအတွက် တစ်တပ်တစ်အား အထောက်အကူပြုသူများ ဖြစ်လာနိုင်သည်။ သို့မှသာ “ The Future is Accessible ” ဆိုသည့်အတိုင်း အတားအဆီးကင်းစွာနှင့် မသန်စွမ်းလူ့အခွင့် အရေးကို ဖော်ဆောင်နိုင်မည် ဖြစ်ပေသည်။
၂၀၂၀ ပြည့်နှစ် မတ်လတွင် ကမ္ဘာကျန်းမာရေးအဖွဲ့မှ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာကပ်ရောဂါ အဖြစ်ကြေငြာခဲ့ပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအနှံ့အပြား၌လည်း ရောဂါကူးစက်နှုန်းမြင့်မားလျက်ရှိရာ အများနည်းတူ မသန်စွမ်းသူများအတွက်လည်း ယင်းဗိုင်းရပ်စ်ရောဂါ ခြိမ်းခြောက်မှုတစ်ခုအဖြစ်တည်ရှိ နေပါသည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံ၌ မသန်စွမ်းသူဦးရေ ၂.၃ သန်း ရှိပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရောဂါဖြစ်ပွားသူမှာ နေ့စဉ်နှင့်အမျှ တိုးနေပြီး ၎င်းတို့အထဲတွင် အချို့သော မသန်စွမ်းသူများလည်းအပါအဝင် ရောဂါပိုးကူးစက်ခံကြနေရပြီဖြစ်သည်။ ယခုကဲ့သို့ ကပ်ရောဂါဆိုး ကြုံနေရချိန်၌ သာမန်လူများထက်မသန်စွမ်းသူများသည် အများထက်ပို၍ စိန်ခေါ်မှုများစွာကို ရင်ဆိုင် ကြုံတွေ့နေရပြီ ဖြစ်သည်။ အခြေခံကျသော ကျန်းမာရေးစောင့်ရှောက်မှုဖြစ်သော လက်ဆေးခြင်းတစ်ခု တည်းလုပ်ဆောင်ခြင်းသည်ပင် အချို့သောမသန်စွမ်းသူတို့အတွက် အခက်အခဲရှိနိုင်ပါသည်။ ဥပမာအား ဖြင့် ကိုယ်အင်္ဂါမသန်စွမ်းသူများသည် လက်ဆေးရာနေရာသို့သွားပြီး မကြာခဏ လက်ဆေးရန်မလွယ်ကူခြင်း social distancing ဖြစ်သော လူတစ်ဉီးနှင့်တစ်ဉီး ခပ်ခွာခွာနေခြင်း စသော အခက်အခဲများ ရှိနိုင်ပါသည်။ ထို့အပြင် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်နှင့် ပညာပေ ၊ အစီအစဉ် များကိုလည်း အလွယ်တကူရရှိဖို့ရန် မလွယ်ကူသည့်အပြင် ၊ အချက်အလက် အလုံးစုံကို နားလည်ဖို့ရန် လည်း မလွယ်ကူလှပေ။ အလားတူ မသန်စွမ်းသူများအတွက် ဆက်သွယ်ပြောဆိုမှုနှင့် လှုပ်ရှားမှု့ အခက် အခဲများကြောင့် ရောဂါမပြန့်ပွားဖို့ အသွားအလာထိန်းချုပ်ရေးကာလအတွင်း၌ပင် အစားအစာပြတ် လပ်မှုအခက်အခဲများ ကြုံတွေ့လာနိုင်ပါသည်။ နေရာအနှံအပြား၌ ရောဂါပိုးထိန်းချုပ်ရန် ပိတ်ဆို့ တားဆီးမှုများ လမ်းညွှန်ချမှတ်သောကြောင့် မသန်စွမ်းသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများ၌ လည်း အခက်အခဲများ ရင်ဆိုင်လာရနိုင်ပါသည်။ ထို့အတွက်ကြောင့် မသန်စွမ်းသူများအတွက် Covid-19 ကာလအတွင်း ထိရောက်သော ကျန်းမားရေးစောင့်ရှောက်မှုများနှင့် တိကျသေချာသော လူမှုဖူလုံရေး အစီအစဉ်များ ရေးဆွဲအကောင်ထည်ဖော် ဆောင်ရွက်သင့်ပေသည်။
   သတင်းအချက်အလတ်ရပိုင်ခွင့်နှင့်ပတ်သက်ပြီး မြန်မာအစိုးရအနေဖြင့် မသန်စွမ်းအရေးကို လုပ်ဆောင်နေကြသော လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ သတင်းအချက်အလက်ဖြန့်ဝေရေးကို စနစ်တကျ လုပ်ဆောင်သင့်ပေသည်။ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံနားမကြားသူများအဖွဲ့ Myanmar Deaf Community Development Association (MDCDA) တို့ပူးပေါင်း၍ Covid-19 နှင့်ပတ်သက်သော အစိုးရထုတ်ပြန်ချက်များကို ၎င်းတို့၏ Facebook စာမျက်နှာပေါ်တွင် စဉ်ဆက် မပြတ် ဖော်ပြပေးနေပြီးဖြစ်သည်။ ယခုလက်ရှိကာလတွင် ကမ္ဘာအနှံ့၌ ရောဂါကပ်စိုးနှင့် ရင်ဆိုင် နေရချိန်ဖြစ်သောကြောင့် စီးပွားရေးကျဆင်းမှုများလည်း များစွာရှိနေပါသည်။ အချိူ့လုပ်ငန်းများတွင် ဝန်ထမ်းဦးရေ လျှော့ချခြင်းများ လုပ်ဆောင်နေကြပြီဖြစ်သည်။ ယင်းလျှော့ချခံရသူများထဲတွင် မသန်စွမ်းသူများလည်း ပါဝင်နေပါသည်။ မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံအနှံ့အပြား၌ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် စက်ရုံများ၌ အလုပ်သမားဦးရေလျှော့ချခြင်း၊ လုပ်ငန်းများ၊ စက်ရုံများ ပိတ်သိမ်းခြင်းတို့ ကြုံတွေ့ချိန်၌ အလုပ်လက်မဲ့ ဖြစ်သွားနိုင်သော မသန်စွမ်းသူများအတွက် ကူညီထောက်ပံ့မှုများစွာ လိုအပ်လျက်ရှိပါသည်။ ရောဂါဆိုးကိုရင်ဆိုင်ကြုံတွေ့ရချိန်၌ မိသားစု စားဝတ်နေရေး၊ မပြေလည်မှုများမှတစ်ဆင့် အခြားမလိုလားသော နောက်ဆက်တွဲဆိုးကျိုးများလည်း မသန်စွမ်းသူများအပေါ် အချိန်မရွေးကျရောက်နိုင်သော အချိန်ကာလပင်ဖြစ်ပေသည်။
   Covid-19 ကာလအတွင်း မသန်စွမ်းသူများအပေါ် အခက်အခဲအတားအဆီးများ ကျရောက်မှု နည်းပါးစေရန် မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအသင်းချုပ်နှင့် မသန်စွမ်းအရေးလုပ်ဆောင်နေကြ သော အဖွဲ့အစည်းများမှ “ မသန်စွမ်းသူများ Covid-19 အရေးပေါ်တုံ့ပြန်ရေး ပူပေါင်းကော်မတီ” ကို ၂၀၂၀ပြည့်နှစ် ဧပြီလ၌ စတင်ဖွဲ့စည်းကာ ဆောင်ရွက်နေကြပြီဖြစ်သည်။ ကော်မတီအနေဖြင့် နိုင်ငံတော် အစိုးရ၏ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများ၌ တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးရန်နှင့် မသန်စွမ်းသူဖြည့်ဆည်းပေးရန်နှင့် မသန်စွမ်းသူများ၏ အခက်အခဲများကို ကြားခံဆက်သွယ်ပြီး ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်နေကြခြင်းပင်ဖြစ်သည်။ Covid-19 ကပ်ရောဂါသည် ကမ္ဘာအနှံရှိ စီးပွားရေးလုပ်ငန်းများ၏ လုပ်ဆောင်နေသော ယန္တရားများကို များစွာထိခိုက်စေခဲ့ပါသည်။ Institute for Supply Management ၏ စစ်တမ်းအရ (၇၅) ရာခိုင်နှုန်းသော ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများမှာ များစွာနစ်နာမှု ရှိခဲ့ကြောင်းနှင့် ငွေကြေးလည်ပတ်မှုနှင့် စိန်ခေါ်မှုများလည်း ကြုံတွေ့ရလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ မိမိတို့လုပ်ငန်းကို တည်ငြိမ်စွာနှင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် မဟာဗျူဟာကျသော အစီအစဉ် များကို Covid-19 ကာလအလွန်အတွက် ကြိုတင်ပြင်ဆင်ကာ ဆောင်ရွက်ကြရပေမည်။
   “Building Back Better : toward a disability-inclusive, accessible and sustainable post Covid-19 အလွန်ကမ္ဘာတည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး ရေရှည်တည်တံ့စေရန် ကြိုးစားစို့” ဟူသည့်အတိုင်း Covid-19 ကာလအတွင်း မသန်စွမ်းသူများကြုံတွေ့နေရသည့် အခက်အခဲ အတားအဆီးများကို ရင်ဆိုင်ကျော်လွှားကာ မသန်စွမ်းမှု အကျုံးဝင်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမည်ဖြစ်သည်။ သဘာဝဘေးလျော့ပေါ့ရေးနှင့် အရေးပေါ် တုံ့ပြန်မှုများ ဆောင်ရွက်ရာတွင် မသန်စွမ်းသူများအား ချန်လှပ်မထားဘဲ ပူးပေါင်းပါဝင်စေကာ ၎င်းတို့ ၏ လိုအပ်ချက်များကိုထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်သည်။ မသန်စွမ်းသူများအနေဖြင့် ပိုမို ကောင်းမွန်သော Covid-19 အလွန် ကမ္ဘာတည်ဆောက်ရန် ၎င်းတို့အတွက် အတားအဆီးကင်းသော လုပ်ငန်းနေရာ၊ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးပြီး ခေတ်မှီနည်းပညာများ လက်လှမ်းမီ အသုံးပြု နိုင်အောင် ကူညီဆောင်ရွက်ပေးကြရပါမည်။ နေ့စဉ်နှင့်အမျှ အံ့မခန်းတိုးတက်နေသည့် အတတ်ပညာနှင့် ခေတ်မှီနည်းပညာများကို မသန်စွမ်းသူများ၏ ဘဝစဉ်ဆက်မပြတ်ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်း မျးရရှိနိုင်မည်ဖြစ်သည်။
   ယနေ့အချိန်သည် ကမ္ဘာတစ်ဝန်းလုံး၌ စတုတ္ထမြောက်အသွင်ကူးပြောင်းရေး ကာလဖြစ်ရာ လူမှုရေးနှင့် ပညာရေးဆိုင်ရာ အသွင်ကူးပြောင်းမှုများကို မျက်ဝါးထင်ထင်ကြုံတွေ့နေကြရပြီ ဖြစ်သည်။ ခေတ်မှီစီးပွားရေးနယ်ပယ်၌ လူသားတစ်ဦးစီတွင် အထုံပါရမီ စိတ်ဝင်စားမှု၊ ဝါသနာ၊ ဉာဏ်ရည်၊ စွမ်းဆောင်ရည် စသည်တို့ကို စစ်ဆေးတိုင်းတာ ဖော်ထုတ်နိုင်သည့် စမ်းသပ်စစ်ဆေးမှုများ၊ ပညာရေး ကူညီလမ်းညွှန်မှုတို့ဖြင့် ကူညီပေးနိုင်နေပြီဖြစ်ရာ မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော လက်လှမ်းမီအခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဆိုပါက Covid-19 အလွန်ကမ္ဘာတည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်နိုင်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး သည်လည်း မသန်စွမ်းသူများအား တန်းတူရည်တူ ဆက်ဆံရေးအတွက် ရှေ့တန်းမှ မားမားမတ်မတ် တိုက်ပွဲဝင်လျက်ရှိသည်။ မသန်စွမ်းသူများအနေဖြင့် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးလောကတွင် ပါဝင်နိုင်အောင် အထောက်အကူပြုပေးလျက်ရှိသည်။ သို့ဖြစ်ပါ၍ အကြပ်အတည်းကာလ Covid-19 အလွန် ကမ္ဘာတည်ဆောက်ရေး၌ မသန်စွမ်းသူများသည် လူ့ဘောင်လောကအတွက် အင်အားတစ်ရပ် ဖြစ်သည်ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ အခိုင်အမာထုတ်ဖော်ပြပြီးဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ မသန်စွမ်းသူများအခွင့်အရေးနှင့် ဂုဏ်သိက္ခာမြင့်မားရေးအတွက်လည်း ကုလသမဂ္ဂအဖွဲ့ကြီးက မူကြမ်း များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိနေပြီဖြစ်သည်။
   မြန်မာနိုင်ငံအနေဖြင့် Covid-19 ကာလအတွင်း မသန်စွမ်းသူများ ရရှိသင့်သောအခွင့်အလမ်းများ ချန်လှပ်ထားခြင်းမရှိစေရန် စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။ Covid-19 အလွန် ကာလ တွင်လည်း မသန်စွမ်းသူများ၏အခွင့်အရေးများကို ပေါင်းစပ်ဆောင်ရွက်သော အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်း National Strategic Plan in Mainstreaming the Rights of Person with Disabilities ကို အမြန်ဆုံးရေးဆွဲချမှတ်နိုင်ရန် လုပ်ငန်းကော်မတီအောက်ရှိ ဆပ်ကော်မတီ အသီးသီးမှ Core Group ဖွဲ့စည်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခု Covid-19 ကပ်ရောဂါကာလတွင်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့်ပူးပေါင်း၍ အသိပညာလုပ်ငန်းများကို အားလုံးအကျုံးဝင် သည့် IEC Material များအချိန်မှီ ထုတ်ဝေဖြန့်ချိနိုင်ခဲ့ခြင်း၊ မသန်စွမ်းသူများ Covid-19 အရေးပေါ် တုန့်ပြန်ရေးပူးပေါင်းကော်မတီ၏ တင်ပြချက်များနှင့်အညီ ကူညီထောက်ပံ့မှုများ အချိန်မှီဖြည့်တင်း ဆောင်ရွက်နိုင်ခဲ့ပါသည်။
   ယင်းကဲ့သို့ဆောင်ရွက်ပေးခဲ့ခြင်းများကြောင့် ကပ်ရောဂါကာလအတွင်း ကြုံတွေ့ရသော အခက် အခဲများကို ကျော်ဖြတ်ကာ Covid-19 အလွန်ကမ္ဘာတည်ဆောက်ဖို့ရန် မသန်စွမ်းသူများအနေနှင့် လက်လှမ်းမီပါဝင်ပြီးရေရှည်တည်တံ့စေရန် မသန်သော်လည်းစွမ်းကြသူများအတွက် သင့်တော်သော အလုပ်၊ လက်လှမ်းမီနိုင်သော လူ့ဘောင်လောကကိုဖန်တီးနိုင်ရန် အတားအဆီးများကိုဖယ်ရှား၍ မသန်စွမ်းလူ့အခွင့်အရေး ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထို့အပြင်၎င်းတို့၏ ဘဝကို စာနာထောက်ထား ကာ ဝိုင်းဝန်းကူညီဖေးမပြီး လူ့ဘောင်အသိုင်းအဝန်းအတွင်း တန်းတူရည်တူပါဝင်ခွင့်ရရှိနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ခွဲခြားဆက်ဆံမှုများ လျော့နည်းပပျောက်စေပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် စေရေးပန်းတိုင်(Sustainable Development Goals SDGS) ဆီသို့ အရောက်လှမ်းနိုင်မည် ဖြစ်ပါသည်။ သို့မှသာ Covid-19 အလွန်ကာလ ပိုမိုကောင်းမွန်သောကမ္ဘာတည်ဆောက်ရာ၌ မသန်သော်လည်း စွမ်းကြသည့် မသန်စွမ်းသူများသည် လက်လှမ်းမီသမျှ အပြည့်အဝဆောင်ရွက်ခွင့်၊ တန်းတူညီမျှရရှိခွင့် အခွင့်အလမ်းများရရှိကာ မသန်စွမ်းသူများ အကျုံးဝင်ပါဝင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်ကြမည်ဖြစ်ပေသည်။
   “ မသန်စွမ်း၊ အံ့မခန်း၊ လူ့စွမ်းပြရမည် ” ဟူသော ဆောင်ပုဒ်ကဲ့သို့ပင် ဘဝပေးအကြောင်း အမျိုးမျိုးကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းအားနည်းသူများ၊ အမြင်အာရုံ၊ အကြားအာရုံချို့ယွင်းသူများ အနေဖြင့် ညှိုးနွမ်းအားငယ်စိတ်မရှိစေဘဲ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးတို့တွင် လူသားတိုင်းနည်းတူ နိုင်ငံသားတစ်ဦးအနေနှင့် ပါဝင်ဆောင်ရွက်နိုင်သော မသန်သော်လည်း စွမ်းနိုင်ကြသူများကို ဖေးမကူညီ ကာ နိုင်ငံသားတိုင်းရရှိနိုင်သော အခွင့်အလမ်းများကို တန်းတူရရှိခံစားစေပြီးနာဂါတ်ကမ္ဘာ လောကကြီးပိုမိုကောင်းမွန်အောင်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်သော မသန်စွမ်းသူများ နှင့်အတူ လက်တွဲညီစွာဖြင့် ပိုမိုကောင်းမွန်သည့် Covid-19 အလွန် ကမ္ဘာတည်ဆောက်ရန် ဝိုင်းဝန်း ကြိုးစားကြပါစို့ဟု တိုက်တွန်းရင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ( ၃ ) ရက်နေ့တွင် ကျရောက်သော
“ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ” ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR