
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်း၍ မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာ ပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၌ ၁၄-၁၀-၂၀၂၅ ရက်နေ့၊ မွန်းလွဲ ၁၂:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ ဥက္ကဋ္ဌ၊ ဦးခင်မောင်ကျော်နှင့် တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများနှင့် မသန်စွမ်းသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဥက္ကဋ္ဌ၊ ဦးခင်မောင်ကျော် က မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာအီလက် ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်ပတ်သတ်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးစောထက်လင်းဦး မှ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ ဦးနိုင်အောင်သန်းလွင် က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော မသန်စွမ်းသူ (၆၅) ဦးတို့မှ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့ပါသည်။ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအားဖြင့် မသန်စွမ်းသူများကိုယ်တိုင် အခြားသူတစ်ဦးဦး၏ အကူအညီမပါဘဲ လျှို့ဝှက်ဆန္ဒမဲပေးနိုင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။