လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်)၌ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း၊ အမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ၂၇-၁၀-၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စွာက ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး စခန်း(၁၄)ခု ဖွင့်လှစ်ထားရှိ၍ လုပ်ငန်းကို အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈ခုနှစ်မှ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလအထိ စခန်း အခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း(၅၀)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား (၁၂၅၉)ဦး၊ ရပ်ရွာ အခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း(၁၈)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား (၆၁၄)ဦးအား ပြန်လည်ထူထောင်မှု ပေးနိုင်ခဲ့ပါသည်။ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း (၄၀) ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား (၁၀၀၁)ဦးအား နောက်ဆက်တွဲလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် လေ့ကျင့်ပျိုးထောင်ပေးနိုင်ခဲ့ပါကြောင်း၊ သင်တန်းကာလအတွင်း သင်တန်းသားများကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များအား အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြင်ပအသိပညာရှင်၊ အတတ်ပညာရှင်များကို ဖိတ်ခေါ်၍ အခမဲ့ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း၊ ယနေ့ လူငယ်များအနေဖြင့် မူးယစ်ဆေးကို လူငယ်သဘာဝအလျောက် စူးစမ်းချင်စိတ်ဖြင့်စမ်းသပ်သုံးစွဲရာမှ ထိန်းချုပ်ခံသားကောင် များဘဝသို့ ရောက်လာရခြင်းဖြစ်ပါကြောင်း၊ မူးယစ်ဆေးသုံးစွဲမှု လျော့နည်းပပျောက်စေရန် ကုသရေး၊ ပြန်လည်ထူထောင်ရေး၊ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူခြင်း လုပ်ငန်းစဉ်များကိုဆက်စပ်ဆောင်ရွက် နိုင်မှ အောင်မြင်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲ၊ အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာ၊ အတွေ့အကြုံကောင်းများရယူ၍ ပိုမိုပြည့်စုံသည့် သင်တန်းများကို ဖွင့်လှစ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ဌာနဆိုင်ရာများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းကူညီမှုများလည်း လိုအပ်လျက်ရှိပါကြောင်း၊ သင်တန်းသားများ အနေဖြင့်လည်း သင်တန်း ကာလပြီးဆုံး၍ မိမိတို့လူမှုပတ်ဝန်းကျင်သို့ ပြန်လည်ဝင်ရောက်ပါက မူးယစ်ဆေးပြန်လည်မသုံးစွဲ စေရန် အရေးကြီးပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် မိမိ၏မိသားစု၊ ရပ်ရွာ၊ နိုင်ငံအတွက် တန်ဖိုးရှိသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင် သင်တန်းသားများအနေဖြင့်လည်း ကြိုးစားနေထိုင်သွားကြ စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို ဥက္က္ကဋ္ဌက နောက်ဆက်တွဲစောင့်ရှောက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ အရပ်ဖက်၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသားများနှင့် သင်တန်းသားမိဘများ၊ စုစုပေါင်း (၅၃)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက်(၁၀:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။








