လူမှုရေးဆိုင်ရာအသိပညာမြင့်မားရေးမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းကလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကတက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကလူမှုရေးဆိုင်ရာအသိပညာမြင့်မားရေးမွမ်းမံသင်တန်းကိုလူမှုရေးဆိုင်ရာပညာရပ်နှင့်စပ်လျဉ်း၍အသိပညာပိုမိုမြင့်မားလာစေရန်၊လူမှုရေးပညာရပ်ကိုအခြေခံ၍အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းအစီအစဉ်တို့ကိုသိရှိနားလည်လာစေရန်၊ပြန်လည်ထူထောင်ရေးဦးစီးဌာန၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေရန်စသည့်ရည်ရွယ်ချက်တို့နှင့်အညီ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊လူ့အဖွဲ့အစည်းတစ်ခုဖွံ့ဖြိုးတိုးတက်ရန်နိုင်ငံရေး၊စီးပွားရေးနှင့်လူမှုရေးကဏ္ဍများသည်အရေးကြီးပါကြောင်း၊လူမှုရေးကဏ္ဍသည်အလွန်ကျယ်ပြန့်ပြီးလူတစ်ဦးချင်း၏ ပညာရေး၊ ကျန်းမာရေးအရည်အသွေးကောင်းမွန်မှုအပြင်လူတစ်ဦးချင်း၏ ခံယူချက်၊အတွေးအခေါ်စသည်တို့ မြင့်မားရန်နှင့်ရင်းနှီးချစ်ကြည်စွာလက်တွဲဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ယုံကြည်မှုတည်ဆောက်ခြင်း (Trust Building) သည် နိုင်ငံရေးကဏ္ဍတွင်လည်းမပါမဖြစ်အရေးကြီးသလိုအခြားကဏ္ဍများဖြစ်သည့် စီးပွားရေး၊လူမှုရေး၊အိမ်ထောင်ရေးတို့တွင်လည်းမဖြစ်မနေတည်ဆောက်ထားရမည့်အခြေခံအချက်ဖြစ်ပါကြောင်း၊ယုံကြည်မှုတည်ဆောက်ခြင်း သည် လူမှုရေးပညာရပ်၏အဓိကကျသည့်အနှစ်သာရတစ်ရပ်ဖြစ်ပါကြောင်း၊ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းစဉ်(၅)ရပ်သည် လူလူချင်းအမြတ်ထုတ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုတို့ကို ခံစားနေရသူများအတွက် ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း၊ထိုကဲ့သို့ လုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နေရသော ဝန်ထမ်းများအနေဖြင့် မိမိကဝန်ဆောင်မှုပေးနေရသူတို့၏ ယုံကြည်ချက်၊ ခံယူချက်များ ခိုင်မာမြင့်မားအောင်ဆောင်ရွက်ရန်အပြင် မိမိကိုယ်တိုင်လည်း လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရသည့်ပြဿနာ၊ အခက်အခဲတို့ကို ရင်ဆိုင်ကျော်ဖြတ်ရာတွင် စွမ်းဆောင်ရည် ပြည့်ဝရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာ အသိပညာမြင့်မားရေးအပြင် ဝန်ထမ်းကောင်းတစ်ဦးပီသစွာ ကျင့်ကြံနေထိုင်ပြီး မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိအဖွဲ့အစည်း၊ မိမိနိုင်ငံတော်အပေါ် ယုံကြည်ချက်၊ ခံယူချက်မြင့်မားနေရန် လိုအပ်ကြောင်းနှင့် ရည်မှန်းချက်များ မပျောက်ပျက်အောင် ကောင်းမွန်သည့်လုပ်ဆောင်ချက်တို့ဖြင့် ထိန်းသိမ်းဆောင်ရွက်၍ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ခြင်းအားဖြင့် ဦးစီးဌာန၏ လုပ်ငန်းစဉ်နှင့် ဝန်ကြီးဌာန၏ မူဝါဒတို့ကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူမှုရေးဆိုင်ရာအသိပညာမြင့်မားရေးမွမ်းမံသင်တန်းတွင်လူမှုရေးဆိုင်ရာပညာရပ်ဆိုင်ရာ သင်ခန်းစာများအပြင် ဆက်စပ်ဘာသာသာရပ်များဖြစ်သည့် အသင်းအဖွဲ့အလိုက်ပူးပေါင်းဆောင်ရွက်ခြင်း၊ပဋိပက္ခစီမံခန့်ခွဲမှု၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ မသန်စွမ်းမှုတို့နှင့်စပ်လျဉ်းသည့်သင်ခန်းစာတို့ကိုဘာသာရပ်ဆိုင်ရာပုဂ္ဂိုလ်များမှ၁၆.၈.၂၀၂၃ရက်မှ၁၈.၈.၂၀၂၃ရက်အထိသင်တန်းသား၊သင်တန်းသူ (၄၇)ဦးဖြင့် (၃)ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။