ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ဇူလိုင်လ (၁၃)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဟောင်လိတ်)တွင် ပြုလုပ်ဆောင်ရွက်သည့်ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက်ကြည့်ရှု အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကဘေးအန္တရာယ်များ၏ သဘောသဘာဝအရ လုံးဝ မဖြစ်ပွားအောင်ကာကွယ်တားဆီး၍မရနိုင်သည့်အတွက်ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဖြင့် သာ ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရေး ဆောင်ရွက်ကြရပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင်ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးက ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများရှိသကဲ့သို့ ဒေသ တွင် နေထိုင်သော ပြည်သူများအနေဖြင့် သိရှိလိုက်နာဆောင်ရွက်ရန်များလည်း ရှိပါကြောင်း၊ ထိုဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိပြီး စွဲမြဲလိုက်နာလုပ်ဆောင်တတ်သည့် လူမှုအသိုက်အဝန်း ဖြစ်ပေါ်စေရေးအတွက် ယခုကဲ့သို့သော ဇာတ်တိုက်လေ့ကျင့်ခြင်းများကိုဒေသအလိုက်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာအဆင့်အထိကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရပါကြောင်း၊သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆိုသည်မှာမိမိတို့ရပ်ရွာတွင် ရာသီကာလအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးများနှင့်စပ်လျဉ်းပြီး အမြဲအသင့်ရှိနေစေရေး၊ ဘေးလွတ်ရာသို့ အမြန်ဆုံးရှောင်တိမ်းနိုင်ရေး တို့အတွက် အဆင့်ဆင့်သောသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့များနှင့် ပြည်သူများပူးပေါင်း၍ သဘာဝဘေးအန္တရာယ်မကျရောက်မီအဆင့်တွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ငလျင်ဘေးအန္တရာယ်သည် ကြိုတင်သတိပေးချက်မရရှိနိုင်ဘဲအချိန်မရွေးဖြစ်ပွားတတ်ပြီး ထိခိုက်ဆုံးရှုံးမှုလည်း ကြီးမားလေ့ရှိသဖြင့်မလိုလားအပ်သော ဆိုးကျိုးသက်ရောက်မှုများမှ ကာကွယ်နိုင်ရန် နှင့် ထိရောက်စွာတုံ့ပြန်တတ်စေရန် ရည်ရွယ်၍ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ငလျင်ဘေးဇာတ်တိုက် လေ့ကျင့်ခြင်းဖြင့် အခြားသော ရေဘေး၊ လေဘေးအန္တရာယ်များအတွက်လည်း အမြဲအသင့်ဖြစ် နေမည် ဖြစ်ကြောင်း၊ ဇာတ်တိုက်လေ့ကျင့်မှုမှ ရရှိလာသည့် အတွေ့အကြုံများကိုမိမိတို့၏ မိသားစု၊ ပတ်ဝန်းကျင်တွင် ပြန်လည်လက်ဆင့်ကမ်းမျှဝေပေးစေလိုကြောင်းနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်မှု ဖြစ်မြောက်စေရေး အတွက် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးကူညီပေးကြသော တာချီလိတ်စစ်ဗျူဟာ၊ တာချီလိတ်ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပါဝင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ တာချီလိတ်အခြေချစစ်ဗျူဟာမှူးနှင့် တာဝန်ရှိသူများသည် ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်နေကြသူများ၏ အရေးပေါ်အိတ်ပြင်ဆင်ခြင်း၊ ငလျင်လှုပ်ခတ်စဉ် အဆောက်အဦးအတွင်း ဝပ် ကာ ကိုင် အနေအထား ဖြင့်လေ့ကျင့်ခြင်း၊ အန္တရာယ်ကင်းလွတ်ရာနေရာရွေးချယ်နေရာယူခြင်း၊ ဘေးလွတ်ရာနေရာများသို့ ကြိုတင်သတ်မှတ်ထားသည့် လမ်းကြောင်း များဖြင့် တိမ်းရှောင်ခြင်း၊ မိသားစုဆုံရပ်သို့ သွားရောက်ခြင်း၊ တပ်မတော်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ စသည့်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကအဆောက်အဦအတွင်းပိတ်မိသူများကိုရှာဖွေကယ်ဆယ်ခြင်း၊ ထိခိုက်ဒဏ်ရာရသူများကိုကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် လူမှုရေးအသင်းအဖွဲ့များမှ ဘေးသင့်သူများကိုကူညီမှုပေးခြင်း၊ ခရိုင်/မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့များက သက်ဆိုင်ရာကော်မတီအလိုက်လုပ်ငန်းတာဝန်များဆောင်ရွက်ခြင်း၊ လတ်တလောစားသောက်ရေးနှင့် အရေးပေါ်အခိုအကာများ ထောက်ပံ့ခြင်းအစရှိသည့် ဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းစဉ် အလိုက် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်နေမှုများကိုလိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။ ယင်းနောက် တာချီလိတ်မြို့၊ မြို့မိမြို့ဖများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်ခရိုင် ကုန်သည်ကြီးများအသင်းနှင့် ရွှေလုပ်ငန်းရှင်များအသင်းတို့က လှူဒန်းသော ငွေကျပ်သိန်း(၅၀၀)ကို လက်ခံရယူကာ၊ အလှူငွေ လှူဒါန်းသူများနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းအတွက် အဖက်ဖက်က ပံ့ပိုး ဆောင်ရွက်ခဲ့သော စေတနာရှင်၊ အလှူရှင်များကို အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းများ ပြန်လည် ပေးအပ်ခဲ့ပါသည်။

ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊တာချီလိတ်အခြေချ စစ်ဗျူဟာမှူး၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများက ကြည့်ရှုအားပေးခဲ့ ကြပြီး ဇာတ်တိုက်လေ့ကျင့်ခန်းတွင် အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)မှ ကျောင်း သား၊ ကျောင်းသူများ၊ ဆရာ၊ဆရာမများ၊ အခြေချစစ်ဗျူဟာမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ စုစုပေါင်း(၅၆၀)ဦးခန့်ပါဝင်ဆောင်ရွက်ခဲ့ကြောင်းနှင့်  လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ယခုကဲ့သို့ သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် လူဦးရေ(၁၉၂၂၀)ဦးဖြင့် အကြိမ်(၆၀)၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ဇွန်လကုန်ထိလူဦးရေ (၅၂၁၁)ဦးဖြင့် (၁၄)ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန တာချီလိတ် မူလတန်းကြိုကျောင်းသို့ သွားရောက်၍ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာနည်းစနစ်များနှင့်အညီ ပြုစုပျိုးထောင်ပေးလျှက်ရှိသည့် ကလေးသူငယ် များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကလေးသူငယ်များအား ဗလ(၅)တန် ဖွံ့ဖြိုးရေးအတွက် ငယ်စဉ်ကပင် လေ့ကျင့်ပေးစေလိုကြောင်း မှာကြားခဲ့ပါသည်။ ယင်းနောက် တာလော့ကိုယ့်အားကိုယ်ကိုး မူလ တန်းကြိုကျောင်းနှင့် ဟောင်လိတ်ရပ်ကွက်ရှိ  TMK ပုဂ္ဂလိကမူလတန်းကြိုကျောင်းများသို့ သွားရောက်ကာ ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန် နည်းစနစ်မှန်ကန်စွာ ပြုစုစောင့်ရှောက်လျှက်ရှိသည်များကို ကြည့်ရှုပြီး ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ နှင့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအနေဖြင့် ယခုကဲ့သို့ စနစ်တကျဖွင့်လှစ် ဆောင်ရွက်လျှက်ရှိမှု များအတွက် ကြိုဆိုပါကြောင်း၊ ကလေးငယ်များကို ငယ်စဉ်ကာလကပင် အလေ့အထကောင်းများ စွဲမြဲ‌စေရေး လေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံအတွက် အားထားရသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ် ထွန်းလာစေရေး အထောက်အကူပေးနိုင်မည်ဖြစ်ကြောင်း တို့ကို ပြောကြားခဲ့ပြီး ဆရာမများ၊ ဝန်ထမ်းများ၏ တင်ပြချက်များ၊ လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR