ပညာရေးဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မူလတန်းဆရာ/ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာဆရာဖြစ်သင်တန်း (တတိယအကြိမ်) သင်တန်းဆင်းပွဲအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း၊ဒုတိယဝန်ကြီးများ၊အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ KG နှင့်Grade-1 တို့တွင်တက်ရောက်သည့်ကလေးငယ်များအားပညာသင်ကြားရေးကိုအထောက်အကူပြုစေမည့်အသက်အရွယ်နှင့်ကိုက်ညီသည့်သင်ကြားမှုစနစ်ကိုဆောင်ရွက်ပေးနိုင်ရန်ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍မူလတန်းဆရာ၊ဆရာမများအတွက်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာဆရာဖြစ်သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ပါ ကြောင်း၊ ၂၀၂၆ခုနှစ်၊ဇန်နဝါရီလမှ စတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်း (၃) ကြိမ်တွင်သင်တန်းသား၊သင်တန်းသူစုစုပေါင်း၂၃၈ဦးကိုသင်ကြားလေ့ကျင့်ပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပညာရေးဝန်ကြီးဌာနက ဦးဆောင်၍ဆင့်ပွားဆွေးနွေးပွဲများ၊ သင်တန်းများ ကျင်းပပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ပညာသင်နှစ်မှစပြီးKG နှင့်Grade-1 တို့တွင်တက်ရောက်ကြမည့်ကလေးများအတွက်အကျိုးရှိထိရောက်စေမည်ဖြစ်ပြီးကျောင်းဝင်အဆင်ပြေ၍ကျောင်းပျော်ကလေးများဖြစ်လာကာအနာဂတ်တွင်ခက်ခဲသည့် သင်ခန်းစာများကိုသင်ယူနိုင်စွမ်းမြင့်မားစေမည်ဖြစ်ပါကြောင်း၊ကလေးဘဝအစောပိုင်းကာလဖြစ်သည့်မွေးစမှအသက်ရှစ်နှစ်အရွယ်အထိသည် လူ့ဘဝတစ်လျှောက် အရေးအကြီးဆုံးအဆင့်ဖြစ်ပြီးကလေးများ၏ကိုယ်ခန္ဓာ၊ ဉာဏ်ရည်၊ ဘာသာစကား၊လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများတွင်အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးလျက်ရှိရာ ကလေးများအတွက်အရည်အသွေးပြည့်ဝသောစောင့်ရှောက်မှု၊စနစ်ကျသောသင်ယူမှုအခွင့်အလမ်းများ ဖြည့်ဆည်းပေးရန်ရည်ရွယ်၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (Early Childhood Care and Development –ECCD) သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပြီးဉာဏ်ရည်၊ လူမှုဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် အခြေခံအုတ်မြစ်များကိုတည်ဆောက်ပေးနိုင်ခြင်းပင်ဖြစ်ပါသဖြင့်အလေးထားဆောင်ရွက်စေလိုပါကြောင်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကမူလတန်းကြိုဆရာမများနှင့် KG နှင့်Grade-1 သင် ဆရာ၊ ဆရာများသည် အင်မတန်နုနယ်သေးသည့် ရှေးဦးအရွယ် ကလေးသူငယ်များကို သင်ကြားလေ့ကျင့်ပေးရသူများဖြစ်သောကြောင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးပါသည့် အခန်းကဏ္ဍက ပါဝင်သူများဖြစ်ပါကြောင်း၊ ကလေးများအတွက် လုံခြုံပြီး ပျော်ရွှင်စရာကောင်းသော သင်ယူမှုပတ်ဝန်းကျင်တွင် ကြီးပြင်းလာစေရေးသည် အနာဂတ်လူ့အဖွဲ့အစည်းအတွက်လက်ဆင့်ကမ်းသယ်ဆောင်ပေးသွားရမည့် တာဝန်များလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီမူလတန်းတက်သည့် ကလေးတိုင်းမူကြိုကဲ့သို့ကျောင်းပျော်အောင်ECCD နည်းစနစ်များဖြင့် သင်ကြားလေ့ကျင့်ပေးနိုင်စေရန် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းနှင့် စာသင်ခန်းစီမံခန့်ခွဲမှု၊ ကလေးဖွံ့ဖြိုးမှုနည်းလမ်းများကိုအသုံးချပြီး လုပ်ငန်းခွင်အတွင်းမိမိကိုယ်ကို ယုံကြည်မှု၊တာဝန်ယူမှုနှင့် ကျွမ်းကျင်မှုအရည်အသွေးများ မြင့်မားတိုးတက်လာအောင် ဆောင်ရွက်နိုင်ပါစေကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်း သား(၁) ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင်ခဲ့ပြီး သင်တန်းသူ (၁) ဦးက ကျေးဇူး တင်စကား ပြောကြားခဲ့ပါသည်။ သင်တန်းသား၊ သင်တန်းသူများမှ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် သင်တန်းဆင်းပွဲသို့ တက်ရောက်လာသူများက သင်တန်းသား၊ သင်တန်းသူများ၏ကလေးဖွံ့ဖြိုးမှုဆိုင်ရာသင်ထောက်ကူလက်မှုပစ္စည်းများအားလှည့်လည်ကြည့်ရှုခဲ့ပြီးအခမ်းအနားကို နံနက် ၁၁း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ သင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇဗ္မူသီရိမြို့နယ်၊ အထက (၁၄) တွင် ၂၇-၄-၂၀၂၆ ရက်မှ ၂၃-၅-၂၀၂၆ ရက်အထိ ဖွင့်လှစ်လျက်ရှိပြီး ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား(၆၁) ဦးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သင်တန်းသား (၂၅) ဦး စုစုပေါင်း (၈၆) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။








