၂၀၂၅ ခုနှစ်၊အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအခမ်းအနားကိုနေပြည်တော်၊ရုံးအမှတ် ၂၃ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနှင့် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီတို့မှ ကော်မတီဝင်ဒုတိယဝန်ကြီးများနှင့်ဇနီးများ၊ပြည်ထောင်စုနယ်မြေနေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့်ဇနီး၊အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊အမျိုးသမီးအဖွဲ့အစည်းများမှဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားများကိုမြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းမှာနှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများသည်အကြမ်းဖက်ခံရသောအမျိုးသမီးတစ်ဦးချင်းအပေါ်သာမက မိသားစုများ၊ လူမှု့အသိုင်းအဝိုင်းနှင့် လူ့အဖွဲ့အစည်းအတွက် ထိခိုက်မှု၊ နစ်နာဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပါကြောင်း၊ကုလသမဂ္ဂအဖွဲ့ကြီးက အမျိုးသမီး ၃ ဦးတွင် ၁ ဦးသည်၎င်းတို့၏ဘဝတစ်လျှောက်တွင် အနည်းဆုံးတစ်ကြိမ် အကြမ်းဖက်မှုကိုကြုံတွေ့ခဲ့ရသည်ဟု ဖော်ပြခဲ့ပါကြောင်း၊ လူ့အဖွဲ့အစည်း၏စံနှုန်းများ၊ လူမှုရေးအမြင်များဥပဒေလိုက်နာမှုအားနည်းခြင်းနှင့် အရင်းအမြစ်များလုံလောက်မှုမရှိခြင်းများကြောင့်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် အကန့်အသတ်များရှိနေဆဲဖြစ်ပါကြောင်း၊ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းများ၊ ပဋိပက္ခများနှင့် ရာသီဥတုပြောင်းလဲမှုများသည်အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ထိခိုက်နစ်နာမှုကိုဖြစ်စေသလို အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကိုလည်း ပိုမိုမြင့်တက်စေပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ လွန်ခဲ့သည့် နှစ် ၃၀ အတွင်း အကြမ်းဖက်ခံရသူများကို အကာအကွယ်ပေးသည့် မဟာဗျူဟာများနှင့် ကဏ္ဍအလိုက်ဝန်ဆောင်မှုများ၊ ဥပဒေများနှင့် မူဝါဒများအပါအဝင်သိသာသော တိုးတက်မှုများကို ကမ္ဘာတစ်ဝှမ်းဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ကုလသမဂ္ဂမှချမှတ်ထားသည့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပန်းတိုင်များ၊ကမ္ဘာ့အမျိုးသမီးညီလာခံနှင့်အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များ၊လုပ်ငန်းအစီအစဉ်များကိုနိုင်ငံတော်၏မူဝါဒနှင့်အညီအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ယခုနှစ် ဆောင်ပုဒ်မှာ “ UNiTE to End Digital Violence against All Women and Girls”“အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး”ဖြစ်ပါကြောင်း။ ဒစ်ဂျစ်တယ်အကြမ်းဖက်မှုများသည် ကမ္ဘာပေါ်ရှိမည်သည့်နေရာတွင်မဆိုလွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်သည့်အတွက် ဥပဒေများပြဋ္ဌာန်းပြီးထိရောက်စွာအရေးယူဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယနေ့အခမ်းအနားတွင် ဒစ်ဂျစ်တယ်အခြေပြုအကြမ်းဖက်မှုခံရသည့်အမျိုးသမီးများအတွက်တရားမျှတမှုရရှိရေး၊ ထိရောက်စွာအကာအကွယ်ပေးနိုင်ရေး၊တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းစဉ်များအားကောင်းစေရေးအတွက်အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နည်းပညာကုမ္ပဏီများ၊မီဒီယာများအားလုံးပူးပေါင်းဆောင်ရွက်ကြရန်ဆောင်ပုဒ်ဖြင့်လှုံ့ဆော်ပေးခြင်းဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့်စပ်လျဉ်းပြီး ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တုံ့ပြန်မှုပေးခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းစဉ်များကိုသက်ဆိုင်ရာအစိုးရဌာန/အစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကြမ်းဖက်ခံရသည့်သူများက Help Line ဖုန်းနံပါတ် 1566 ကိုတိုင်ကြားလာပါက ဥပဒေအရ စိစစ်အရေးယူဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်ပေါ်မူတည်၍လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ကိုအသုံးပြုကာလူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ(Case Manager)(၅၉၆)ဦးနှင့်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကြမ်းဖက်ခံရသူများအား တစ်နေရာ တည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ(One Stop Women Support Center-OSWSC)နှင့် ကျားမအခြေပြု အကြမ်းဖက်ခံရသူများအား တစ်နေရာတည်းတွင် ပြီးပြည့်စုံသော ပြုစုစောင့်ရှောက် မှုပေးနိုင်သည့်စင်တာ (One Stop Crisis Center - OSCC)တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနများတွင် ဖွင့်လှစ်ပြီး ဝန်ဆောင်မှုများပေးလျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ Video Clip ကိုပြသခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ်၏ အမျိုးသမီးငယ်များက Fitness Dance ဖြင့်တင်ဆက်ကပြခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။







