ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေ ရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီတို့၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို (၈-၁-၂၀၂၁)ရက်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် Virtual စနစ်ဖြင့်ကျင်းပရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေး လုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ 

 ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို ထိရောက်လျင်မြန် စွာ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ နည်းဉပဒေများကို ပြဌာန်းဆောင်ရွက်လျက်ရှိကြောင်း၊ 


  • ဥပဒေပါအတိုင်း ဒုတိယသမ္မတ-၂ ဦးဆောင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ကို ဖွဲ့စည်းထားရှိပြီး ကော်မတီ၏မူဝါဒ၊ လမ်းညွှန်ချက်များကို ထိရောက်စွာနှင့် စနစ်တကျ လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ(၁၂)ခုကို ဖွဲ့စည်း ထားရှိကြောင်း၊

  •  ထို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လျင်မြန်ထိရောက်စွာ ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် ဘေးသင့်ဒေသများအမြန် ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး အလျင်အမြန်တုံ့ပြန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကဏ္ဍများအလိုက် ပညာရှင်များ၏ အကြံဉာဏ်များ ရယူဆောင်ရွက်နိုင်ရန်အတွက်လည်း သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအကြံပေးအဖွဲ့ကို ဖွဲ့စည်း ထားရှိကာ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို အားလုံးပါဝင်ပူးပေါင်းမှု၊ တာဝန်ခွဲဝေမှု များနှင့် ဆောင်ရွက်လျက်ရှိကြောင်း၊  

  • လုပ်ငန်းကော်မတီ(၂)ခု၏ လုပ်ငန်းများသည် ဆက်စပ်ဆောင်ရွက်ရသည့်လုပ်ငန်းများ ဖြစ်ကြောင်း၊ ဘဏ္ဍာငွေများကျခံသုံးစွဲရာတွင် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအရ “အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ”ကို ၂၀၁၅ ခုနှစ်တွင် စတင် ထူထောင်ထားပြီး ထူထောင်စဉ်က ပြည်တွင်းပြည်ပ အလှူရှင်များ၏ လှူဒါန်းငွေများနှင့် စတင် ထူထောင်ခြင်းဖြစ်ကြောင်း၊

  •  အစိုးရသစ်လက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍  ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ မြန်မာကျပ်ငွေ(၂၀)ဘီလီယံကို နှစ်စဉ်ခွဲဝေပေးခဲ့သည့်အတွက် သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို ပိုမိုထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရန် အထောက်အကူကောင်း တစ်ခုဖြစ်ခဲ့ကြောင်း၊

  •  ရန်ပုံငွေကို စနစ်တကျအလေအလွင့်မရှိ စီမံဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ဘဏ္ဍာရေးစည်းမျဉ်းကို ၂၀၁၇ ခုနှစ်၌ ထပ်မံပြင်ဆင်ရေးဆွဲခဲ့ကာ စည်းမျဉ်းများနှင့်အညီ  ရန်ပုံငွေများ စနစ်တကျ စီမံဆောင်ရွက် လျက်ရှိကြောင်း၊ 

  • ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မမျှော်လင့်သောဘေးအန္တရာယ်များ ကျရောက်နိုင်ကြောင်း၊ ထို့ကြောင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ပိုမိုအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ထိုလုပ်ငန်း များသည် ငွေကြေးရင်းနှီးမြှုပ်နှံဆောင်ရွက်ရသည့် လုပ်ငန်းများလည်းဖြစ်ကြောင်း၊

  •  သို့ဖြစ်ရာ အမှန်တကယ်လိုအပ်ပြီး လုပ်ငန်းလိုအပ်ချက်များကို ဦးစားပေးအလိုက် ရွေးချယ်ပြီး ထိရောက် အကျိုးရှိစွာ ဆောင်ရွက်နိုင်ရေးသည် အရေးကြီးကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ ရန်ပုံငွေသုံးစွဲမှု၊ လုပ်ငန်း ဆောင်ရွက်မှုများကိုလည်း အမျိုးသားကော်မတီသို့ စနစ်တကျ ပြန်လည်တင်ပြပေးရန် လိုကြောင်း၊

  •  နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ပြည်နယ်များအနေဖြင့် သဘာဝဘေး ကြိုတင် ပြင်ဆင်ရေး၊ အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် နှစ်စဉ်တင်ပြ တောင်းခံ သည့် ဘတ်ဂျက်ရန်ပုံငွေ၌လည်း လိုအပ်သော လုပ်ငန်းစီမံချက်များ ရေးဆွဲလျာထား ဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ 

  • ထို့အပြင် ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များသို့ နှစ်စဉ်ခွဲဝေပေးထားသည့် အရေးပေါ်ရန်ပုံငွေနှင့် တိုင်းဒေသကြီး၊ ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေတို့မှလည်း သုံးစွဲဆောင်ရွက်သွားနိုင်ရန် ဖြစ်ကြောင်း၊
  •   
  • တိုင်းဒေသကြီး၊ပြည်နယ်ရန်ပုံငွေများနှင့် မလုံလောက်ပါက အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲခွင့်ရရှိရေး တင်ပြတောင်းခံသွားရန် လိုအပ် ကြောင်း၊

အမျိုးသားကော်မတီ၏ မူဝါဒများ၊လမ်းညွှန်ချက်များကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး၊ အထိရောက်ဆုံးဖြစ်စေမည့် သဘာဝဘေးကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်လုပ်ငန်းများကို ဝိုင်းဝန်းအကြံပြု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ငွေကြေးသုံးစွဲမှုများ ထိရောက်အကျိုးရှိစေရေးတို့အတွက် တိုင်းဒေသကြီး၊ပြည်နယ်များအလိုက် Master Plan များရေးဆွဲထားရန်နှင့် (၁)နှစ်စီမံချက်၊ နှစ်ရှည်စီမံချက် များရေးဆွဲ၍ လုပ်ငန်းများ ကြိုတင်လျာထားပြီး အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် ကိစ္စရပ်များကို အကြံပြုဆွေးနွေးပေး ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌက သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဘဏ္ဍာရန်ပုံငွေ ခွဲဝေခွင့်ပြုမှုအခြေအနေ၊ အရေးပေါ်ရန်ပုံငွေနှင့်ပတ်သက်၍ သုံးစွဲနိုင်မှုအခြေအနေ၊ Southeast Asia Disaster Risk Insurance Facility- SEADRIF ရန်ပုံငွေထူထောင် ဆောင်ရွက်မှုအခြေအနေများနှင့် ရန်ပုံငွေများ သုံးစွဲရာတွင် ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ သုံးစွဲရေး၊ စာရင်းစစ် စစ်ဆေးခံရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားပါသည်။ 

ထို့နောက် လုပ်ငန်းကော်မတီ(၂)ခု၏ အတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ကော်မတီများဖွဲ့စည်းဆောင်ရွက်မှု၊ အစည်းအဝေးများကျင်းပဆောင်ရွက်မှု၊ လုပ်ငန်းကော်မတီ(၂)ခု၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ရရှိ၊သုံးစွဲမှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးပါသည်။

ယင်းနောက် လုပ်ငန်းကော်မတီ(၂)ခု၏ အဖွဲ့ဝင်များဖြစ်သည့် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များက ဘေးဖြစ်ပွားမှုအခြေအနေများ၊ ရေကြီးရေလျှံမှုများ၊ ကမ်းပြိုကာကွယ်ရေး၊ နယ်စပ်မြစ်ချောင်း များ ထိန်းသိမ်းရေးလုပ်ငန်းများ၊ သစ်တောသစ်ပင် စိုက်ပျိုးရေး၊ ရေရှားပါးမှု တို့အတွက် ဆောင်ရွက်မှုအခြေအနေများ၊ Cyclone Shelterများ လိုအပ်မှုအခြေအနေ၊ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအတွက် ရှာဖွေကယ်ဆယ်ရေးနှင့် အခြားပစ္စည်းကိရိယာများ အသုံးပြုမှုနှင့် လိုအပ်မှု အခြေအနေများ၊ IDP များနှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေ များနှင့် ရန်ပုံငွေသုံးစွဲမှု၊ လိုအပ်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြပါသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်က တိုင်းဒေသကြီး/ပြည်နယ်များ၏ ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ကိစ္စရပ် များ၊ IDP များ၊ တိုက်ပွဲရှောင်များနှင့်ပတ်သက်၍ဆောင်ရွက်ချက်များ၊ သဘာဝဘေးများကြောင့် ဌာနပိုင်အဆောက်အဦများ ထိခိုက်ပျက်စီးမှုများအတွက် သက်ဆိုင်ရာ ဌာနများအလိုက် ဆောင်ရွက်သင့်သည့်လုပ်ငန်းများ၊ ဘတ်ဂျက်လျာထားမှုဆိုင်ရာများ၊ ရေရှားပါးမှု၊ Cyclone Shelter တည်ဆောက်မှုဆိုင်ရာများနှင့် ရန်ပုံငွေသုံးစွဲမှုဆိုင်ရာများကို ဆွေးနွေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပြန်လည်ရှင်းလင်းခြင်း၊ ဆုံးဖြတ်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးကြ ပါသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေနိုင်သော ဆုံးရှုံးနိုင်ခြေမြင့်မားသည့် ဘေးအန္တရာယ် ဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သောနည်းပညာများဆန်းသစ်တီထွင်အသုံးပြုခြင်း၊ ပညာရှင်များ ၏ အတွေ့အကြုံများကိုအခြေခံသည့် အကြံဉာဏ်များကိုရယူခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေအရ မဟာဗျူဟာ၊ စီမံချက်များ ချမှတ်ဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်များကို အလျင်အမြန်တုံ့ပြန်နိုင်ခြင်းနှင့် ထိရောက်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် စံလုပ်ငန်းလမ်းညွှန်များဖြင့် အစိုးရ၏အကန့်အသတ်ရှိသော ဘဏ္ဍာ ရန်ပုံငွေများကို အလေအလွင့်မရှိအောင် စနစ်တကျစီမံခန့်ခွဲသုံးစွဲခြင်းတို့ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရ၊ နေပြည်တော်ကောင်စီ၊ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရများနှင့် ပြည်သူများ အချိတ်အဆက်မိမိ ဆောင်ရွက်ကြရန်နှင့် အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြပါရန်တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြားခဲ့ ပါသည်။


အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီးများဖြစ်သော ဦးမောင်မောင်ဝင်း၊ ဦးစိုးအောင်နှင့် လုပ်ငန်းကော်မတီ(၂)ခုမှ အဖွဲ့ဝင်များဖြစ်သည့် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ 


နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR