လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ယနေ့နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ ရှေးဦး အရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာနသို့ ရောက်ရှိရာ ကျောင်းတာဝန်ခံက နေ့ကလေးထိန်းနှင့် မူလတန်ကြိုကျောင်းဆရာဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြား နေမှု၊ မူလတန်းကြိုဆရာမအလုပ် အကိုင်အတွက် လုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်တင်ပြပါသည်။ ဒုတိယဝန်ကြီးက ကလေးငယ်များသည် နိုင်ငံတော်၏အနာဂတ် လူသားအရင်းအမြစ်များဖြစ်သောကြောင့် မြန်မာ့ရှေးဦးအရွယ် ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး(ECCD)ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာ စီမံချက်နဲ့ ဥပဒေ၊ နည်းဥပဒေတို့ကို ရေးဆွဲပြဋ္ဌာန်း ဆောင်ရွက်နေပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ဘဝ အစောပိုင်းကာလသည် လူ့ဘဝတစ်လျှောက်လုံး ပုံမှန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်လို့ အရေးအကြီးဆုံး အချိန်ကာလဖြစ်ပြီး စနစ်တကျ ပြုစုပျိုးထောင်ပေးရန်လိုအပ်ပါကြောင်း၊ မူလတန်းကြိုကျောင်းတက်သော ကလေးများသည် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုးမှု ရရှိကြပါကြောင်း မူကြိုသင်ရိုးညွှန်းတမ်း၊ သင်ကြားနည်းစနစ်နဲ့ သင်ထောက်ကူ များ ခေတ်နှင့်အညီ အမြဲတိုးတက် ကောင်းမွန်နေအောင် လေ့လာဆောင်ရွက်နေကြရန်လိုပါကြောင်း၊ မူကြိုအရွယ် ကလေးအားလုံး ECCD အလေ့အကျင့်ကောင်းများရရှိစေရန် မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိက မူလတန်းကြို ကျောင်းများ၊ မိခင်ဝိုင်းများကို တိုးချဲ့ဆောင်ရွက် သွားကြရမှာ ဖြစ်သောကြောင့် မူကြိုအသိပညာများ ပြန့်ပွားရန်နှင့် မူကြို ဆရာ/ ဆရာမများ လုံလောက်အောင် မွေးထုတ်ပေးရန် လိုပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးက “မူကြိုကျောင်းတက်သည့် ကလေးတိုင်းသည် မူလတန်းသို့ တက်ရောက်ကြသော်လည်း မူလတန်း တက်ရောက်သည့် ကလေးတိုင်းသည် မူကြိုကျောင်း တက်ရောက်ခဲ့ရမှုမရှိကြောင်း၊ KG+2၊ KG+3 တို့တွင် ပညာသင်ကြားနေသည့် ကလေးများ၏ပညာသင်ကြားမှု စနစ်နှင့် KG နှင့် KG+1 တို့တွင် သင်ကြားကြသည့်ကလေးငယ်များကို ပညာသင်ကြားပေးရမှု တူညီမှုမရှိကြကြောင်း၊ ထို့ကြောင့် မူကြိုတက်ရောက်မှုမရှိခဲ့ဘဲ KG နှင့် KG+1 တို့တွင် တက်ရောက်သည့် ကလေးငယ်များအား ပညာသင်ကြားရေးကို အထောက်အကူပြုစေမည့် အသက်အရွယ်နှင့် ကိုက်ညီသည့် သင်ကြားမှု စနစ်ကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ကြောင့် မူလတန်း ဆရာ၊ဆရာမများအား ပညာရေး ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာ သင်တန်းများ သင်ကြားပေးခြင်းဖြင့် KG နှင့် KG+1 တို့တွင် ပညာသင်ကြားလျက်ရှိသည့် ကလေးငယ်များ၏ သင်ကြားသင်ယူမှုများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း” လမ်းညွှန် မှာကြားထားပါကြောင်း၊ ဒါကြောင့် ပညာရေး ဝန်ကြီးဌာနနဲ့ ပေါင်းပြီးအခြေခံပညာ ကျောင်းများမှ မူလတန်းဆရာ၊ဆရာမများ အတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ဆရာဖြစ်သင်တန်း ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိပြီး ထိရောက်အောင် ပူးပေါင်းဆောင်ရွက် ရမှာဖြစ်ပါကြောင်း၊
မိဘအသိပညာပေးလုပ်ငန်းသည် ရှေးဦးအရွယ် ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးကြီးသဖြင့် ထိရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မသန်စွမ်းမှုကို စောစီးစွာသိရှိပြီး စနစ်တကျလေ့ကျင့်ပေးနိုင်ရန်အတွက်လည်း ရှေးဦးအရွယ်ကလေး သူငယ် ဖွံ့ဖြိုးမှုအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာဝန်ဆောင်မှု ECI ကို လည်း မူကြိုဆရာမတိုင်း ကျွမ်းကျင်တတ်မြောက် ထားရန်လိုကြောင်း၊ မူကြိုအရွယ်ကတည်းက စည်းကမ်းလိုက်နာမှု၊ စနစ်ကျမှု၊ ကိုယ်ချင်းစာတရားနှင့် လူမှုသဟဇာတဖြစ်မှု အခြေခံများကို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် အနာဂါတ် နိုင်ငံတော်အတွက်များစွာ အထောက်အကူပြုမှာ ဖြစ်ပါ ကြောင်းလမ်းညွှန်မှာကြားခဲ့ပါသည်။
ထိုနောက် လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းသို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်ကြီးမှ လူမှုရေးပညာဆိုင်ရာသင်တန်းများ၊ ရုံးလုပ်ငန်း၊ ဘတ်ဂျက်၊ ငွေစာရင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ် သင်ကြားနေမှုများကို ရှင်းလင်းတင်ပြပြီး သင်တန်းတက်ရောက်နေကြသော ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တာဝန်ကျရာဒေသများမှာ ပြည်သူလူထုအတွက် လူမှုရေးဝန်ဆောင်မှုများကို မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် အလေးထားဆောင်ရွက်ပေးကြရန်နှင့် လူမှုရေးပညာရပ် ကျွမ်းကျင်သူများဖြစ်အောင် ကြိုးစားသွားကြရန်၊ ဥပဒေစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျိုက်ဝိုင်းလူငယ်သင်တန်း ကျောင်းသို့ရောက်ရှိခဲ့ရာ ကျောင်းအုပ်က ယောင်္ကျားလေး (၁၁၂) ဦးကို လက်ခံစောင့်ရှောက်ထားမှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး ကျောင်းအားလှည့်လည် စစ်ဆေးခဲ့ပါသည်။ ဒုတိယဝန်ကြီးက ကလေးများသည် နိုင်ငံတော်ရဲ့အနာဂါတ်ဖြစ်သဖြင့် အမှန်အမှားကို ခွဲခြားသိမြင်လာအောင် သင်ကြားပေးပြီး၊ အနိုင်ကျင့်မှု၊ ခွဲခြားဆက်ဆံမှု၊ ဂုဏ်သိက္ခာကျသောအပြုအမူများ မရှိအောင်လည်း စောင့်ကြည့် ကာကွယ်ပေးဖို့ လိုအပ်ပါကြောင်း၊ ကလေးတစ်ဦးချင်းစီ၏ နောက်ခံအခြေအနေတွေကို လေ့လာပြီး စိတ်ဒဏ်ရာများ ရှိရင်လည်း ကုစားပေးဖို့လိုအပ်ပါကြောင်း၊ စာပေနှင့် အသက်မွေးဝမ်းကျောင်း ပညာများဖြင့် ဘဝ ရပ်တည်နိုင်ရန်နှင့် ကာယ ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုသိသော နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် အလေးထား ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။






