ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

     ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကာလအတွင်း မသန်စွမ်းသူတို့၏ လိုအပ်ချက် များ ဖြည့်ဆည်းထောက်ပံ့ပေးနိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အစည်းအဝေး ခန်းမတွင် အွန်လိုင်းဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယခုအခါတွင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကြုံတွေ့နေရပြီး မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်အုပ်စုများသည့် အခက်အခဲများ ပိုမိုခံစားနေရပါကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနက မသန်စွမ်းကိုယ်စားလှယ်တို့ကို ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ လက်ရှိတွင် မသန်စွမ်းသူများအတွက် ကနဦး ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် ကျပ် (၃၀,၀၀၀)နှုန်းဖြင့် ထောက်ပံ့ကြေး ပေးအပ်လျက် ရှိပါကြောင်း၊ မသန်စွမ်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက်  မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၂၅) မူကြမ်းကို အပြီးသတ်ရေးဆွဲချမှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မသန်စွမ်းသူများ အတွက် အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေမည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် ပေါ်ထွက်လာစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ကာလအတွင်း မသန်စွမ်းသူများကြုံတွေ့ရသည့် အခက်အခဲ၊ လိုအပ်ချက်စသည်တို့ကို ဖြည့်ဆည်းထောက်ပံ့ပေးနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျတ် အကန့်အသတ်ရှိသော်လည်း အကောင်းဆုံးဖြစ်စေရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ ထို့ကြောင့် ယနေ့ပါဝင် တက်ရောက်ကြသူများအနေဖြင့် အားလုံးအတူတကွ လက်တွဲဆောင်ရွက်သွားနိုင်ရေးအတွက် အပြုသဘောဆောင်သည့် အကြံပြုချက်များ ဆွေးနွေးတင်ပြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ လူမှု စီးပွားဘဝကို ထိခိုက်စေမည့် လူမှုပြဿနာများ၊ လူမှုဒုက္ခများ၊ လူမှုပဋိပက္ခများ၊ လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက် နေပါကြောင်း၊ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် မသန်စွမ်းသူများ၊ အမျိုးသမီး များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများသည် ယခု ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ပိုမို အလေးထားစောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ မသန်စွမ်းသူများ၏ လိုအပ်ချက်တို့ကို မသန်စွမ်းသူများကိုယ်တိုင်နှင့် မသန်စွမ်းအဖွဲ့အစည်းများက ပိုမိုသိရှိပါကြောင်း၊ မိမိတို့ အနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင်လည်း အစိုးရတစ်ရပ်တည်းအနေဖြင့် ဆောင်ရွက်ခြင်း မျိုးမဟုတ်ဘဲ ပြည်သူတို့နှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မသန်စွမ်းအသင်းအဖွဲ့များအနေဖြင့် လိုအပ်သည်များညှိနှိုင်း၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ဆောင်ရွက်ရမည့် မူဝါဒ၊ လုပ်ငန်းစဉ်များ အတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေပြီး လိုအပ်ချက်များကို ထပ်မံ ဖြည့်ဆည်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ကူညီမှု လုပ်ငန်းစဉ်များသည် ရပ်တန့်၍မရသည့်လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ ထို့ကြောင့် မသန်စွမ်းသူများ ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

      ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးများ၊ မြန်မာ နိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ မသန်စွမ်းကိုယ်စား လှယ်များ၊ မသန်စွမ်းသူများ၏မိဘများက ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကာလ အတွင်း ကြုံတွေ့ရသည့် အခက်အခဲနှင့် လိုအပ်ချက်တို့ကို ဆွေးနွေးတင်ပြခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်များကလည်း တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။

       ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မသန်စွမ်းမှုအလိုက် သတင်းအချက်အလက်ရရှိရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Quarantine Center များ၊ ဆေးရုံဆေးခန်းများတွင် မသန်စွမ်းသူများအတွက် Barrier Free ဖြစ်စေရေး သက်ဆိုင်ရာ များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဦးတည်အုပ်စုအလိုက် ပြုစုစောင့်ရှောက်ရမည့် Volunteer သင်တန်းများကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်ပေးနေပါကြောင်း၊ မသန်စွမ်းအသင်းအဖွဲ့များ၏ ရန်ပုံငွေရရှိရေးကိုလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရေး အခြေခံမူနှင့်အညီ မသန်စွမ်းသူများအတွက် အခွင့်အရေးများအသေအချာ ရရှိနိုင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အစိုးရဌာနများနှင့် ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ မသန်စွမ်းဂေဟာများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ခွင့်ပြုမိန့်များရရှိအောင် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူ များမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် Virtual Meeting သင်တန်းများပေး၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ပြည်သူနှင့်အစိုးရ လက်တွဲညီညီဖြင့် လုပ်ငန်းဆောင်တာများ အောင်မြင်အောင် ရေရှည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်း ရရှိပါသည်။


နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR