၂၀၂၅ခုနှစ်အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို၃-၁၂-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင်နေပြည်တော်ရှိလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာအခမ်းအနားသို့မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ၊နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ၊မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ကော်မတီဝင်ဒုတိယဝန်ကြီးများ၊နေပြည်တော်ကောင်စီဝင်၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ၊ဒုတိယဥက္ကဋ္ဌ(၂)၊မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဥက္ကဋ္ဌ ဦးသိန်းဟန်သူ၊တပ်မတော်မှအဆင့်မြင့်အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် မသန်စွမ်းအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပအစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသား၊ကျောင်းသူများနှင့်အခြားဖိတ်ကြားထားသူများတက်ရောက်ကြသည်။
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌကလူ့အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ အများနည်းတူ တန်းတူညီမျှ အခွင့်အရေးရရှိရေး၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်ကို အလေးဂရုပြုတတ်စေရေးတို့အတွက် နှစ်စဉ် ဒီဇင်ဘာလ(၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ်သတ်မှတ်ပြီးကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ်ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်ယခုနှစ်မှာ (၃၂)ကြိမ်မြောက်ကျင်းပခြင်းဖြစ်ကြောင်း၊“Fostering Disability inclusive societies for advancing social progress” “လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများမြှင့်တင်ပေး” ဆောင်ပုဒ်အားယခုနှစ်အတွက် သတ်မှတ်ထားပါကြောင်း၊ မသန်စွမ်းသူများ၏အရည်အသွေးကိုရယူပြီး နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်အတွက်အသုံးပြုနိုင်ပါက ရေရှည်တည်တံ့ပြီးဖွံဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် ပညာရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအနေဖြင့် အခြားသူများနည်းတူ သင်ကြားမှု၊ သင်ယူမှုပြုနိုင်ရေးအတွက် လိုအပ်သောနည်းပညာနှင့် သင်ထောက်ကူပစ္စည်းများပံ့ပိုးပေးခြင်းတို့အားနိုင်ငံတော်ကဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းသူများအနေဖြင့် အလုပ်အကိုင်နှင့် ကိုယ်ပိုင်ဝင်ငွေရှိမှသာ အမှီအခိုကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာ ဘဝရပ်တည်နေထိုင်နိုင်မည်ဖြစ်ပါကြောင်း၊ မသန်သော်လည်း စွမ်းဆောင်ရည်ရှိသူများဖြစ်ကြောင်း နားလည်လက်ခံပြီး မသန်စွမ်းသူများပါဝင်လုပ်ကိုင်နိုင်သည့် လုပ်ငန်းခွင်များပေါ်ပေါက်လာစေခြင်း၊ မူဝါဒနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်အဆင့်များတွင် မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်စေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊မသန်စွမ်းသူများဆန္ဒမဲပေးနိုင်ရေးအသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ် အသုံးပြုခြင်းအစီအစဉ်များကို နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့နှင့် မိတ္ထီလာမြို့များမှာ အကောင်အထည်ဖော်ဆောင်ရွက်ထားပြီးဖြစ်၍ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးတွင် မသန်စွမ်းသူများဆန္ဒမဲပေးနိုင်ရေးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်အလေးအနက်ထား တိုက်တွန်းမှာကြားလိုပါကြောင်း၊ မသန်စွမ်းသူများနှင့်ပတ်သက်သည့်အရေးကိစ္စများမှာ လူ့အသိုက်အဝန်းတစ်ခုလုံးနှင့်သက်ဆိုင်သည့် လူမှုဖွံ့ဖြိုးရေးကိစ္စဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့်မသန်စွမ်းသူများ၏အခွင့်အရေး၊ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်ကို အသိအမှတ်ပြုသည့် ရှုထောင့်သစ်၊ အမြင်သစ်ဖြင့် နားလည်လက်ခံပေးရမှာဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မစ္စတာအန်တိုနီယိုဂူတာရက်စ်၏သတင်းစကားရုပ်သံနှင့်အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်မှတ်တမ်းဗီဒီယိုတို့ကိုပြသပါသည်။ ယင်းနောက် နားမကြားသောကလေးများကျောင်း (ရန်ကုန်) မှ ကျောင်းသား၊ ကျောင်းသူများကဗုံကြီးသံ (ယိမ်း)၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(ရန်ကုန်)မှ ကျောင်းသူလေးက မှုံရွှေရည်(အက)၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ကျောင်းသားများက အနာဂတ်လမ်း (အဆို) ဖြင့် ဂုဏ်ပြုတင်ဆက် ကြပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံနှင့်ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတို့ကအလွတ်တန်းဆောင်းပါးပြိုင်ပွဲ၊အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲဆုရရှိသူများအားဂုဏ်ပြုတံဆိပ်၊ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခြင်း၊ ကပြဖျော်ဖြေကြသည့် မသန်စွမ်းကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီးအပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်ဓာတ်ပုံပြခန်းများကိုလှည့်လည်ကြည့်ရူအားပေးခဲ့ကြကြောင်းသတင်းရရှိသည်။







