မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများ၊ မသန်စွမ်းသူများနှင့် အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ ခြင်းအခမ်းအနားကို (၂၉-၅-၂၀၂၁) ရက်နေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ဦးမောင်ကို၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ မန္တလေးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဝင်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အသက်(၈၅) နှစ်အထက်ဘိုးဘွားများနှင့် မသန်စွမ်းပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန(၃)ခုဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  လူမှုဝန်ထမ်းလုပ်ငန်း (၇)ရပ်သတ်မှတ်၍ ပြည်သူများ၏ လူမှုရေးဆိုင်ရာဝန်ဆောင်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်း များမှာ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုး ရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ သက်ကြီး ရွယ်အိုများ ဘဝ မြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများပြုစု စောင့်ရှောက်ရေးလုပ်ငန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများ ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်များပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းအနေဖြင့် မူလတန်းကြိုကျောင်းများ၊ ကလေးပြုစုရေးဌာနများ၊ သင်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းအနေဖြင့် လူငယ်ရေးရာမူဝါဒကို အတည်ပြုပြဌာန်းနိုင် ခဲ့ပြီး အမျိုးသားအဆင့်မဟာဗျူဟာပါ လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေး မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီကို ပြန်လည်ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအနေဖြင့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနများ၊ အမျိုးသမီးသက် မွေးအတတ်ပညာသင်ကျောင်းများ၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန များ၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၊ အကြမ်းဖက်ခံရသည့်အမျိုးသမီးများအား တစ်နေရာတည်း တွင် ဝန်ဆောင်မှုပေးသည့်စင်တာများကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းအနေဖြင့် သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေပြဌာန်းထားရှိပြီးဖြစ်သလို နည်းဥပဒေ အတည်ပြုပြဌာန်းနိုင်ရေးကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး လုပ်ငန်းများအနေဖြင့် မျက်မမြင်ကျောင်းများ၊ နားမကြားသောကလေးများကျောင်းများ၊ မသန်စွမ်းသက်ငယ်သန်တန်း ကျောင်းများ၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေး ဂေဟာများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအနေဖြင့် ၎င်းတို့တည်ထောင်ဖွင့်လှစ်ထားရှိသော ပရဟိတ ဂေဟာများနှင့် ဘိုးဘွားရိပ်သာများအတွက် ထောက်ပံ့ငွေပေးအပ်လျက်ရှိပါကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၄ ခုနှစ်တွင်အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ်နှင့် သက်ကြီးရွယ်အို များဆိုင်ရာဥပဒေ (၂၀၁၆)ပါ သက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံမှုရရှိစေရေးတို့အတွက် လူမှုရေး ပင်စင်ထောက်ပံ့ခြင်း အစီအစဉ်ကို ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်မှစပြီး အသက် (၉၀)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများကို တစ်ဦးကို တစ်လလျှင် ကျပ် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးရာ နောက်ပိုင်းတွင် အကျုံးဝင် အသက်ကို အသက် (၉၀)မှ အသက် (၈၅) နှစ်သို့လျှော့ချ၍ ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာနရဲ့ မူဝါဒ ဖြစ်တဲ့ ထိရောက်သောဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက် အဝန်းဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ်ခံစားရသောပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝ ရရှိစေရေးဆိုတဲ့ မူဝါဒကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၌ ပြည်ထောင်စုအဆင့်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဌ ဦးဆောင်တဲ့ အမျိုးသားသဘာ၀ဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများကဏ္ဍ အလိုက် ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးများ ဥက္ကဌအဖြစ်တာ၀န်ယူ ဆောင်ရွက်တဲ့ လုပ်ငန်းကော်မတီ (၁၂)ခုကိုလည်းဖွဲ့စည်းထားရှိ ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်မှာလည်း သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို အနီးကပ်ကြီးကြပ် ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌများဦးဆောင်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကိုလည်း အဆင့်ဆင့်ထပ်မံဖွဲ့စည်း ဆောင်ရွက်သွားမှာဖြစ်ပါ ကြောင်း၊ ဘေးဒဏ်ကို လက်တွေ့ရင်ဆိုင်ကြုံတွေ့ခံစားရတဲ့ ပြည်သူလူထုရဲ့ သဘာဝဘေးအသိ ပညာတိုးပွားရေး၊ ရပ်ရွာတွေရဲ့ ဘေးဒဏ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားရေးတို့ကိုလည်း လူမှုရေး အဖွဲ့အစည်းများအပါအဝင် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင် မှုနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနဲ့ ရပ်ရွာ လူထုနဲ့အတူ သဘာဝဘေးဆိုင်ရာ ဟောပြောပွဲများပြုလုပ်ခြင်း၊ သင်တန်း များဖွင့်လှစ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့် ခန်းများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၉ နှစ်ကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ကူးစက်ရောဂါ အခြေအနေကြောင့် ခေတ္တ ရပ်နားထားခဲ့ပြီး လက်ရှိတွင် လုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန်ပြင်ဆင်လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကဏ္ဍများအလိုက် လိုအပ်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူပြည်သားများ သာတူညီမျှရရှိခံစားစေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရေးဆိုတဲ့ အချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများ ဖွင့်လှစ်၍ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြား ပေးခြင်း၊ လူကုန်ကူးခံရသူများအား လိုအပ်သော စောင့်ရှောက်မှုများပြုလုပ်၍ လူ့အသိုက်အဝန်းတွင် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးအတွက် ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးအတွက်  ကာကွယ်စောင့်ရှောက်ပေးခြင်းတို့ ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအစီအစဉ် ပါဝင်တာဖြစ်တဲ့ အတွက် မိမိတို့ဝန်ကြီးဌာနအနေနဲ့ မသန်စွမ်းသူများရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ထားတဲ့ အခြေအနေတွေကို အနည်းငယ် ဖြည့်စွက်ရှင်းလင်း တင်ပြလိုပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအား အဖွဲ့၀င်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံတကာစံနှုန်းတွေကို ပြည့်မီစေနိုင်ဖို့ မသန်စွမ်းသူများ အတွက် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို ၂၀၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ဥပဒေနှင့်အညီ နည်းဥပဒေများ (၂၀၁၇)ကို ရေးဆွဲချမှတ်ခဲ့ပါကြောင်း၊ အဲ့ဒီဥပဒေ၊ နည်းဥပဒေတွေကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့ မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာကော်မတီ၊ လုပ်ငန်းကော်မတီတွေအပြင် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ကော်မတီတို့ကိုလည်း ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အဲ့ဒီ ကော်မတီတွေမှာ ဆက်စပ်ဝန်ကြီးဌာနများအပြင် မသန်စွမ်းမှုဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တွေကိုလည်း ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ မသန်စွမ်းသူတွေ ရေရှည်ဖွံ့ဖြိုး တိုးတက်ခြင်း၊ အစိုးရနှင့် အခြားအဖွဲ့ အစည်းတွေက ဖွင့်လှစ်တဲ့ သင်တန်းတွေ၊ အများပြည်သူအတွက် ထောက်ပံ့ပေးတဲ့ဝန်ဆောင်မှုတွေ ရရှိခံစားနိုင်ရေးအတွက် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း လုပ်ငန်း စနစ်တစ်ရပ်ပေါ်ထွက်လာစေဖို့အတွက် ဆက်စပ်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ INGO, NGO များ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများ ထိရောက် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသော လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်လာ စေရေး၊ ထိခိုက်လွယ်အုပ်စုများကို ပိုမိုပံ့ပိုးနိုင်ရေး၊ ဝန်ကြီး ဌာနအနေဖြင့် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ မိမိတို့ဝန်ကြီးဌာနဟာ ဝန်ထမ်းဦးရေ နည်းပါးတဲ့အတွက် အခြေခံကျသော စာရင်းဇယားအချက်အလက်များ ရရှိနိုင်ရေးနှင့် အကျိုးခံစားခွင့်ရှိသည့် ပြည်သူများ လက်ဝယ် အရောက်ထောက်ပံ့နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြတဲ့ ဒေသအာဏာပိုင်အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် သက်ဆိုင်သူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ဆက်လက်ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဦးမောင်ကိုနှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့က အမှာစကားများအသီးသီးပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အတွက်ထောက်ပံ့ငွေ၊ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အို (၃၃၃၆၆) ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူ (၁၀၈၂၆)ဦး အတွက်ထောက်ပံ့ငွေ ထောက်ပံ့ငွေစုစုပေါင်း ကျပ်(၁၆၅၀.၃၂၄ သန်း) ကျပ်- တစ်ထောင့်ခြောက်ရာငါးဆယ်သန်း သုံးသိန်းနှစ်သောင်းလေးထောင်တိတိ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား(၃၃၃၆၆)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၀၀.၉၈) သန်း၊  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း(၁၇)ခုအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၂၈၂.၄၂၆)သန်း၊  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာညကျောင်း (၁)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၀.၈၈၅)သန်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားရိပ်သာ (၁၂)ခုအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၄၁.၂၅၃)သန်း၊ မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္ထီလာခရိုင်များမှ မသန်စွမ်းသူ (၁၀၈၂၆)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၃၂၄.၇၈)သန်းတို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီးသူရိန်ထွန်း၊ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ဦးကျော်ဆန်း၊ ဦးမျိုးအောင်၊ ဦးသိန်းဌေးတို့က သက်ဆိုင်ရာ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးမသန်စွမ်းသူများအသင်းမှ ကိုယ်စားလှယ် ဦးစိုင်းအောင်ထက် တို့ထံ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများကိုယ်စား ဂေဟာအုပ်ချုပ်‌ရေးမှူး၊ ဦးထူးထူး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသ ကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ဘိုးဘွားများနှင့် မသန်စွမ်းပုဂ္ဂိုလ်များထံ ထောက်ပံ့ငွေများကို လက်ဝယ် အရောက်ပေးအပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
































          ဆက်လက်၍မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ချမ်းမြသာစည် မြို့နယ်ရှိ နားမကြားသောကလေးများကျောင်း၌ ပြုလုပ်သည့် မန္တလေးမြို့ပေါ်ရှိ လူမှုဝန်ထမ်းဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကြားကာလအစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ရမှုအခြေအနေများနှင့် လတ်တလော ဆောင်ရွက်ချက် များ၊ နိုင်ငံဝန်ထမ်းများအနေဖြင့် ထားရှိအပ်သော ခံယူချက်သဘောထားနှင့် ဒီမိုကရေစီအသိ၊ ဒီမိုကရေစီအမြင်၊ ဖက်ဒရယ်အသိ၊ ဖက်ဒရယ်အမြင်ရှိလာ အောင် ဆောင်ရွက်ပေးရေးတို့နှင့်စပ်လျဉ်း၍  ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူဝန်ထမ်းများက တင်ပြလိုသည်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ တက်ရောက်လာသူ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီး နားမကြားသောကလေးများကျောင်းအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ နှင့်အတူ အောင်မြေသာစံ မြို့နယ်ရှိ မန္တလေးလူငယ်သင်တန်းကျောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)နှင့် ပုသိမ်ကြီးမြို့နယ်ရှိ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း တို့သို့ ရောက်ရှိကြရာ သက်ဆိုင်ရာသင်တန်းကျောင်းနှင့် စခန်းတာဝန်ခံများက သင်တန်းကျောင်း၊ စခန်းများဖွင့်လှစ်ထားရှိမှု နောက်ခံသမိုင်းကြောင်းနှင့် ရည်ရွယ်ချက်၊ လက်ခံစောင့်ရှောက်နိုင်သည့် ခွင့်ပြုကလေးဦးရေ လက်ခံစောင့်ရှောက်သည့် ကလေးသူငယ်များမှာ အကျင့်စာရိတ္တပြုပြင်ရန် အတွက် အထက်မြန်မာပြည် ကလေးသူငယ်တရားရုံးများနှင့် သက်ဆိုင်ရာတရားရုံးများမှ အမှုရင်ဆိုင်နေရသော ရီမန်အဖြစ် ယာယီပို့အပ်လာသည့် ကလေးသူငယ်များနှင့် အမိန့်ကျမှတ်ပြီး ကလေးသူငယ်များကို ထိန်းသိမ်း စောင့်ရှောက်ပေးလျက်ရှိမှုအခြေအနေများ၊ မူးယစ်ဆေးဖြတ် ပြီးသူများအားအသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ယူနိုင်ရေးဆောင်ရွက်ပေးနေမှုအခြေ အနေများ၊  ခွင့်ပြုထားသည့်ဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အား အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ထမ်းအင်အား လိုအပ်ချက်နှင့်ပတ်သက်၍ ခန့်အပ်ပြီးဖြစ်သည့် ဦးစီးဌာနဝန်ထမ်းများ ရနိုင်သမျှအင်အားကို ဖြည့်တင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းလုံခြုံရေး မလစ်ဟင်းစေရန်အတွက် အထူးဂရုပြုဆောင်ရွက်ရန်နှင့်မီးဘေးအန္တရာယ်အပါအဝင် မူးယစ်ဆေးဝါး စသည့်ပြဿနာ မဖြစ်ပွားစေရေး တာဝန်ရှိသူအဆင့်ဆင့်ကကြပ်မတ်ဆောင်ရွက်သွားရန် လမ်းညွှန် ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းများအတွင်း သင်တန်းသားများ နေထိုင်စားသောက်မှုအခြေအနေများ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဖြစ်သော ဆံသသင်တန်း၊ မော်တော်ဆိုင်ကယ်ပြင်သင်တန်း၊ ပန်းချီသင်တန်း၊ သံဂဟေသင်တန်း၊ အင်ဂျင်စက်ပြင်သင်တန်း၊ ပန်းရံသင်တန်း၊ ပိုက်ဆက်သင်တန်း၊ လက်သမားသင်တန်း၊ လျှပ်စစ် တပ်ဆင်ပြုပြင်သင်တန်း၊အပ်ချုပ်သင်တန်းတို့ကိုလက်တွေ့သင်ယူနေမှုအခြေအနေများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့အားပေးခဲ့ကြကြောင်းသတင်းရရှိပါသည်။


 

 

          

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR