အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၁) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊  စစ်ဦးစီးအရာရှိချုပ်(ကြည်း၊ရေ၊လေ)တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  အမျိုးသားအဆင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၁)ဖြင့် ပြန်လည်ဖွဲ့စည်းပြီး အဖွဲ့ဝင် ၄၃ ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ သဘာဝဘေး အန္တရာယ်ဖြစ်စဉ်များမှာ နှစ်စဉ်ကမ္ဘာနှင့်အဝန်း ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ယင်းမှာ ကမ္ဘာကြီးပူနွေးလာပြီး သစ်ပင်၊ သစ်တောများ အလွန်အကျွံခုတ်ယူခြင်း၊ တောများပြုန်း တီးလာခြင်း၊ သဘာဝသစ်ပင်၊ သစ်တောများ တောမီးလောင်ခြင်းတို့ကြောင့် သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားတတ်သည့် ထိခိုက်မှုများ ဖြစ်ပွားလာသည်ကို တွေ့ရပါကြောင်း။

သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုအခြေအနေများကို လေ့လာကြည့်ရာတွင် Centre for Research on the Epidemiology of Disasters (CRED)၏ အစီရင်ခံစာများအရ လူဦးရေ(၁၀)ဦးအထက် သေဆုံး၊ လူဦးရေ (၁၀၀) အထက်ဘေးသင့် (သို့မဟုတ်) နိုင်ငံတော်အဆင့် သဘာဝဘေး ကျရောက်သောဒေသဖြစ်ကြောင်းကြေငြာသည့်ဘေး၊ နိုင်ငံတကာ အကူအညီရယူသည့်ဘေးစသည့် သတ်မှတ်ချက်(၄)ခုအနက် အနည်းဆုံး(၁)ခု နှင့် ကိုက်ညီသည့် ဘေးများကို မှတ်တမ်းတင်ထားရာ ကမ္ဘာတွင် ၂၀၁၁ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ (၁၀)နှစ်တာ ကာလအတွင်း နှစ်စဉ်ဘေးဖြစ်ပွားမှု အကြိမ် (၃၀၀) ကျော် ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သေဆုံးသူအနေဖြင့် ပျမ်းမျှ(၁) နှစ်လျှင် (၁၅၀၀၀)ခန့်ရှိပြီး ဘေးသင့်လူဦးရေမှာ(၁)နှစ်လျှင် ပျမ်းမျှ(၁၆၄)သန်း ကျော်ခန့် ရှိနေသည်ကိုမှတ်တမ်းများအရသိရှိပါကြောင်း၊ ဆုံးရှုံးမှုအနေဖြင့် (၁) နှစ်လျှင်ပျမ်းမျှ အမေရိကန် ဒေါ်လာဘီလီယံ (၁၇၀) ကျော်ခန့် ဆုံးရှုံးမှုရှိနေသည်ကို တွေ့ရပါကြောင်း။

မြန်မာနိုင်ငံ၏ ရေ ၊ မြေ သဘာဝအနေအထားအရ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ၁၀ နှစ်တာကာလအတွင်း ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်များမှ ၂၃ ရာခိုင်နှုန်းမှာ မီးဘေးကြောင့် ဖြစ်ပွားခဲ့ပြီး ၁၁ ရာခိုင်နှုန်းမှာ ရေလွှမ်းမိုးခြင်း၊ ၁၂ ရာခိုင်နှုန်းမှာ လေပြင်းမုန်တိုင်း ကျရောက်မှုကြောင့်ဖြစ်ပြီး၊ ၄ ရာခိုင်နှုန်းမှာ မြေငလျှင်လှုပ်ခြင်း၊ ဆူနာမီနှင့် မြေပြိုခြင်းများကြောင့် ဖြစ်သည်ကို တွေ့ရကြောင်း၊ ထို့ပြင် နှစ်စဉ်နှစ်တိုင်း  မြန်မာနိုင်ငံတွင် ဘေးအန္တရာယ် ကျရောက်မှုများကို ဆန်းစစ်ရာတွင်  အမျိုးအစား ၉ မျိုးရှိ သည်ကို တွေ့ရကြောင်း၊ ယင်းတို့မှာ မုန်တိုင်း၊ ဒီရေလှိုင်း၊ ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်း၊ မြေငလျှင်၊ ဆူနာမီ၊ မိုးခေါင်ခြင်း၊ မီးဘေးအန္တရာယ်နှင့် တောမီးအန္တရာယ်တို့ကြောင့် ဖြစ်သည်ကို တွေ့ရပါကြောင်း။

ယင်းနှင့်ပတ်သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အနေဖြင့် ဖြေရှင်းရန်မှာ အပိုင်း ၃ ပိုင်းရှိပါကြောင်း၊ ပထမပိုင်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ ဒုတိယပိုင်းမှာ ချက်ချင်းကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တတိယပိုင်းမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ခြင်းတို့ ဖြစ်ပါကြောင်း၊ ထို့အပြင် ကာကွယ်တားဆီးခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း စသည့် အရေးကြီးသည့် အပိုင်းတို့ကိုလည်း  တွဲဖက်လုပ်ကိုင် သွားရမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ် အမျိုးအစားများမှာ သဘာဝကြောင့်ဖြစ်သည့် ဘေးအန္တရာယ်၊ လူကြောင့်ဖြစ်သည့် ဘေးအန္တရာယ်၊ မူဝါဒ၊ ဥပဒေတို့ကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်တို့ဖြစ်ပြီး ယင်းတို့ကို ရှောင်လွှဲ၍ မရပါကြောင်း၊ ၎င်းတို့ မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ကျော်လွှားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

မုတ်သုန်ဝင်ရောက်လာပြီ ဖြစ်သည့်အတွက် မုန်တိုင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ခြင်းမရှိနိုင်ဟု ပြော၍မရကြောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ဦးစွာ ဖြေရှင်းရမည်မှာ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့များပင် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများက ဦးဆောင်ကာ ချက်ချင်းဖြေရှင်းဆောင် ရွက်ရန်လိုအပ်သည်များကို ချက်ခြင်း‌ဖြေရှင်း ရမည်ဖြစ်ကြောင်း၊ ယင်းသို့ဖြေရှင်းနိုင်ရန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ၂၀၀၉ ခုနှစ်ထုတ် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတည်မြဲအမိန့်ပါ အချက်အလက်များ၊ ဝန်ကြီးဌာနအလိုက် လုပ်ဆောင်ပေးရမည့် အစီအမံများ၊ အထောက်အထားများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ဖြန့်ဝေထားပြီးဖြစ်၍ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး သတိပေးလိုပါကြောင်း။

ထို့ပြင် သက်ဆိုင်ရာ ဒေသများရှိပြည်သူများမှာ သဘာဝဘေးအန္တရာယ်များကြောင့် မဆုံးရှုံးသင့် သည်များ ဆုံးရှုံးသွားနိုင်ပါကြောင်း၊ သို့ဖြစ်၍ မိုးရာသီကျရောက် လာပြီ ဖြစ်သည့်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီများအနေဖြင့် ကြိုတင်လေ့လာ ပြင်ဆင်ထားသင့်သည်များကို ကြိုတင်ပြင်ဆင် လေ့လာထားရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် လည်း ၂၀၁၆ ခုနှစ်ကပင် သဘာဝဘေး အန္တရာယ်ကျရောက်ပါက နိုင်ငံတော်အစိုးရအား ကူညီပံ့ပိုးရန် ကူညီကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး ဖြစ်ကြောင်း၊ ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ယင်းစီမံချက်အတိုင်း ဖွဲ့စည်းမှု၊ လေ့ကျင့်မှုနှင့် ကယ်ဆယ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရန် ပြင်ဆင်ထားပါကြောင်း။

မိမိတို့တွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အတွေ့အကြုံများစွာ ရှိပြီးဖြစ်ကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းနှင့် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဒေသ ရေကြီးရေ လျှံမှုများ၊ မုန်တိုင်းတိုက်ခိုက်မှုများ၊ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့်အချိန်တွင် တစ်နေရာသို့မဟုတ် တစ်နေရာတွင် ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများအပေါ် အခြေခံကာ ထုတ်ပြန်ထားသည့် လက်စွဲစာစောင်များ၊ ၂၀၁၃ ခုနှစ် စီမံခန့်ခွဲမှု ဥပဒေ၊ ၂၀၁၅ ခုနှစ် စီမံခန့်ခွဲမှုနည်း ဥပဒေများအား အသေးစိတ်လေ့လာကာ ဘေးအန္တရာယ်ကျရောက်ပါက မည်သို့ဆောင်ရွက်ရမည်ကို တာဝန်ရှိသူများက မှတ်သားကာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း။

နိဂုံးချုပ်အနေဖြင့် ဘေးအန္တရာယ်ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် အသက်ရှင် ကျန်ရစ်သူတိုင်း ရှင်သန်ရပ်တည်နိုင်ရမည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိမိတို့ နိုင်ငံတော် အစိုးရ၊ ဝန်ကြီးဌာနများနှင့် တပ်မတော်တို့ စုပေါင်းအားဖြင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ စုပေါင်းညီညာအောင်ကြောင်းဖြာဆိုသည့် စကားအတိုင်း ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်တို့က သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းကော်မတီများမှ  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊  လျော့ချရေး၊ တုံ့ပြန်ရေး၊ ကယ်ဆယ်ရေး နှင့်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိမှုအခြေ အနေများ၊ တည်ဆောက်ရေး လုပ်ငန်းများအချိန်မီပြီးစီးမှု၊ ရန်ပုံငွေခွဲဝေထားရှိမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီပြင်ဆင်ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ နှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကော်မတီ၏ အတည်ပြုချက်ရယူသည်။

ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများက တပ်မတော်အနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက် ပါက ကူညီဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်မှုထားရှိမှု အခြေအနေများ၊ သဘာဝဘေး အန္တရာယ် ကြိုတင်ပြင်ဆင်မှုအပိုင်းနှင့် ပြည်သူလူထုသိရှိရေးအတွက် ဆောင်ရွက်သွား သင့်သည့် အချက်များ၊ ရှာဖွေကယ်ဆယ်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ဖြည့်တင်းထားရှိရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အဆောက်အဦများ အမြန်ဆုံးပြီးစီးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက် ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများတွင် တိုင်းရင်းသားများပူးပေါင်းပါဝင်လာရေးနှင့် တိုင်းရင်းသား ဒေသများတွင် ဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်သွားရေး၊ သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် နယ်စပ်ဒေသများမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု ကိန်းဂဏန်းများအား စာရင်းကောက်ယူ အတည်ပြုနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ အသိပညာပေးရေးနှင့် သတင်းထုတ်ပြန်ရေး လုပ်ငန်းအခြေအနေ၊ သဘာဝဘေးအန္တရာယ် အရေးပေါ်ရန်ပုံငွေအား သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေထားရှိမှု၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၏ အကူအညီရရှိရေးနှင့် နိုင်ငံတကာ၊  ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် သစ်တောစိုက်ခင်းများ စိုက်ပျိုးထားရှိမှု အခြေအနေများ၊ လျှပ်စစ် ထုတ်ယူနေသည့် ဒေသများရှိစက်ရုံများ ပတ်ဝန်းကျင်၌ နှစ်ရှည်ပင်များ စိုက်ပျိုးထားရှိမှု၊ သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့သည့်အတွက် လူမှုဖူလုံရေး နစ်နာကြေးများ ထုတ်ပေးခဲ့မှုအခြေ အနေများ၊ အရန်ဆန်သိုလှောင်ထားရှိမှု၊ ဆေးနှင့် ဆေးပစ္စည်းများ စုဆောင်းထားရှိမှုနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဖွဲ့စည်းထားသည့် ကော်မတီများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ စစ်ဦးစီးအရာရှိချုပ်(ကြည်း၊ရေ၊လေ)တို့က သက်ဆိုင် ရာ တိုင်းဒေသကြီး ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ လျော့ပါးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်း၊ ကယ်ဆယ်ရေးလုပ်ငန်းများနေရာမရွေး၊ ဒေသမရွေး ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိမှုနှင့် ရန်ပုံငွေရရှိမှုအပေါ် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြ ကြသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးက အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်များအား ရှင်းလင်းတင်ပြပြီး ကော်မတီ၏အတည်ပြုချက် ရယူသည်။

ယင်းနောက် ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ် အမှာ စကား ပြောကြားရာတွင် ယခုတင်ပြချက်များနှင့်စပ်လျဉ်း၍ ခြုံငုံသုံးသပ်ကြည့်ပါက သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကာကွယ်ရန်မှာ နိုင်ငံအဆင့် ဖြစ်သည့်အတွက် နိုင်ငံသူ/သားများ၏  လူမှုစီးပွားဘဝပျက်စီးစေမည့် သဘာဝဘေးအန္တရာယ်များကို ကျော်လွှား ရန်ဆိုလျှင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်များကို လက်တွေ့ အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် အချိန်နှင့်တပြေးညီ ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ယခုကော်မတီတွင် အဖွဲ့ဝင် ၄၃ ဦးရှိသည့်အတွက် စီမံချက်နှင့် လက်တွေ့ ဆောင်ရွက်ရာတွင် ကွဲလွဲမှုမဖြစ်စေရန် သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြီးပြည့်စုံသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်စေရန် စဉ်းစားဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ စီမံချက်အပေါ်တွင်လည်း လက်တွေ့ဆောင်ရွက်ကြရမည့် ဌာနဆိုင်ရာများ၊ စစ်ဘက်၊ နယ်ဘက်များမှ တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ စီမံချက်ပါအတိုင်း ဆောင်ရွက်နိုင်ရေး လက်တွေ့ဇာတ်တိုက်လေ့ကျင့်မှုများကို ပြည်သူများပါဝင် လာစေသည်အထိ စည်းရုံးဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ သို့မှသာ သဘာဝ ဘေးအန္တရာယ်ကျရောက်ပါက ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ ကောင်စီများ၊ တပ်မတော် နှင့် သက်ဆိုင်ရာပြည်သူတစ်ရပ်လုံးက စည်းစည်းလုံးလုံးဖြင့် တပြိုင်တည်း ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်မှာ တစ်ချိန်တည်း၊ တစ်ခါတည်းဖြစ်မည်ဟု ပြော၍မရပါကြောင်း၊ ယင်းကို ကျော်လွှားရန် သက်ဆိုင်ရာဌာနအလိုက်  ပြီးပြည့်စုံသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်စေရန် စဉ်းစားဆောင်ရွက်သွားရမည် ဖြစ် ကြောင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အဓိက ကျသည့် ဝန်ကြီးဌာနများအနေဖြင့် အချက်အလက်များကို ပြီးပြည့်စုံရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံဝန်ထမ်း များအတွက် အဆင့်မြင့် မွမ်းမံသင်တန်းများတွင်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်၊ တားဆီးရေးလေ့ကျင့်ခန်းများကို လေ့ကျင့်သင်ကြားပေးသွားရန်လိုကြောင်း၊ ဘေးအန္တရာယ် ကျရောက်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အရေးပေါ် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ယခုတက်ရောက်လာကြသူများ အနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်အလိုက် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

crd

နောက်ဆုံးရသတင်းများ

ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR