၂၀၂၆ခုနှစ်၊စက်တင်ဘာလ (၁၈) ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို စစ်ကိုင်းမြို့၊ စစ်ကိုင်းမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်မျိုးသိန်းနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်၊ ခရိုင်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်မျိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ညွှန်ကြားရေးမှုးဒေါ်လှိုင်မိုးမြတ်က စေတနာ့ဝန်ထမ်း အဖွဲ့အစည်း များက ထောက်ပံ့ငွေပေးအပ်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘိုးဘွားရိပ်သာ (၃)ခု၊ ပရဟိတဂေဟာ (၁) ခု၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၄)ကျောင်းတို့အား ထောက်ပံ့ငွေ စုစုပေါင်း (၂၆၆၉၅၀၀၀) ကျပ်တိတိ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါ သည်။














