နေပြည်တော်ကောင်စီအပါအဝင်တိုင်းဒေသကြီး/ပြည်နယ်များရှိအခြေခံပညာကျောင်းများတွင်ကျောင်းသား၊ကျောင်းသူများအားအသိ ပညာပေးလုပ်ငန်းဆောင်ရွက်ရေးဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ လူကိုယ်တိုင်တက်ရောက်ခြင်းနှင့် Online မှ တက်ရောက်ခြင်းတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ရာပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇော်ဝင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများတက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနအနေဖြင့် အချိန်တိုအတွင်းမှာပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရရှိနိုင်သည့် Quick Win Programme လုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာဝန်ကြီးဌာနလက်အောက်ရှိဦးစီဌာန(၃)ခုပူးပေါင်း၍ ယခုကဲ့သို့အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းသည်လည်းတစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ဤအစီအစဉ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်းတွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များတွင်ရှိသည့် အခြေခံပညာကျောင်းများရှိဆဋ္ဌမတန်းမှ ဒသမတန်းအထိကျောင်းသား/သူများအားဝန်ကြီးဌာနအနေဖြင့် တာဝန်ယူဆောင်ရွက်ပေးသည့်လုပ်ငန်းများထဲမှ သိသင့်သည်များကိုအသိပညာပေးဆွေးနွေးဟောပြောပွဲများဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကလေးများအားအသိပညာပေးရာတွင် ၎င်းတို့လက်လှမ်းမီရရှိနိုင်မည့် အသိပညာဖြစ်သည့်ခေါင်းစဉ်များကိုဟောပြောဆွေးနွေးသွားမည်ဖြစ်ပြီးကလေး သူငယ်အခွင့်အရေးများကိုကိုယ်တိုင်သိရှိနားလည်စေနိုင်ရန်၊သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့် အန္တရာယ်များသိရှိနားလည်စေရန်၊ လူကုန်ကူးမှုဆိုင်ရာအသိအမြင်များနှင့် မိုင်းအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီးကလေးများမှတဆင့်မိသားစုနှင့် ရပ်ရွာအတွင်းတွင်အသိပညာပေးဖြန့်ဝေသွားစေရန်နှင့် လူမှုပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်ရာတွင်လည်းအထောက်အကူပြုမည်ဟုယုံကြည်ပါကြောင်း၊ အထူးသဖြင့် အလယ်တန်း၊ အထက်တန်းကလေးများအနေဖြင့် လွယ်ကူစွာသိမြင်မှတ်သားဆောင်ရွက်နိုင်သည့်အရွယ်ဖြစ်ခြင်းကြောင့် အတန်းပညာများအားသင်ယူမှုပြုခြင်းမှ ပတ်ဝန်းကျင်မှာတွေ့ရမည့်စိန်ခေါ်မှုများ၊ အတားအဆီးအဟန့်အတားများကိုကြိုတင်သတိပြုနိုင်မည့် ကောင်းကျိုးများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ သဘော သဘာဝကိုနားလည်ပြီးကလေးသူငယ်များအတွက် အကောင်းဆုံးမှတ်သားနားလည်စေနိုင်မည့် နည်းလမ်းများကိုအသုံးပြုပြီးဆွေးနွေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် အသိပညာပေးဟောပြောမှုများကိုယခုလိုဆောင်ရွက်ပေးခြင်းကြောင့် ကလေးသူငယ်များအတွက် ၎င်းတို့၏အခွင့်အရေးများနှင့်ပါဝင်ဆောင်ရွက်သင့်သည့် ကဏ္ဍများ၊ လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်များနှင့် ရှောင်ကြဉ်သင့်သည့်အချက်အလက်များပိုမိုသိရှိနားလည်နိုင်ပြီးကောင်းမွန်သည့် အနာဂတ်ဆီသို့ လျှောက်လှမ်းနိုင်မှာဖြစ်သည့်အပြင်နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်နေမှုများကိုကျောင်းသား/သူများမှတဆင့် ပြည်သူလူထုထံသို့ အသိပညာပေးများကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိပြီးပြည်သူလူထု၏ပူးပေါင်းဆောင်ရွက်မှုလည်းပိုမိုမြင့်တက်လာမှာဖြစ်ကြောင်းနှင့် ယခုလိုဆောင်ရွက်သည့်အချိန်မှာပူးပေါင်းဆောင်ရွက်သည့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဇော်ဝင်းကအမှာစကားပြောကြားရာ၌ ယနေ့အခြေခံပညာကျောင်းများကိုတက်ရောက်နေသည့် ကလေးများသည် အနာဂတ်၏ မျိုးဆက်သစ် နိုင်ငံတော်၏တာဝန်များကိုပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် ကလေးများဖြစ်သဖြင့်ယခုလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောလုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးဟောပြောသွားမည့်ခေါင်းစဉ်တွေပါအကြောင်းအရာများသည် အခြေခံပညာသင်ရိုး KG+12 တွင် ထည့်သွင်းထားပြီးဖြစ်ပါကြောင်း၊ ဟောပြောကြမည့် တာဝန်ရှိသူများအနေဖြင့် ကလေးများကိုဟောပြောသည့်အခါတွင် စည်းကမ်းကိုလိုက်နာတတ်အောင်လည်းထည့်သွင်းဟောပြောပေးသွားဖို့ မေတ္တာရပ်ခံလိုပါကြောင်း၊ ကလေးများအားဆုံးမနာယူလွယ်အောင် မိမိတို့ဘက်ကလည်းသင်ကြားပေးလျက်ရှိရာဝိုင်းဝန်းကူညီဟောပြောပေးကြရန် မိမိအနေဖြင့်မေတ္တာရပ်ခံပါကြောင်း၊ ဟောပြောပွဲများဆောင်ရွက်ရာမှာသက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများကိုလည်းအကောင်းဆုံးပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် ကျောင်းသား/သူများကိုအသိပညာပေးရင်း ၎င်းတို့၏ မိဘနှင့်လူ့အဖွဲ့အစည်းများကိုပါ အသိပညာပေးနိုင်မှာဖြစ်သည့်အတွက် ထိရောက်ကောင်းမွန်သည့် အစီအစဉ်ဖြစ်ကြောင်း၊ ကလေးများကိုယ်တိုင် ၎င်းတို့ဘဝတွင် ရှောင်သင့်သည်များဆောင်သင့်သည်များကိုသိရှိနားလည်ပြီးနိုင်ငံ့သားကောင်းရတနာများဖြစ်လာစေဖို့ မျှော်လင့်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကအမှာစကားပြောကြားရာ၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင်၊ တိုင်းဒေသကြီး၊ပြည်နယ်များရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကိုရည်ရွယ်ပြီးကလေးသူငယ်အခွင့်အရေး(၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အကာအကွယ်ရပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စသည့်အခွင့်အရေးများကိုကိုယ်တိုင်သိရှိနားလည်စေရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးအန္တရာယ်ရှောင်ရှားနိုင်ရေး၊ လူကုန်ကူးမှုပပျောက်ရေးနှင့် တားဆီးကာကွယ်ရေး၊ မိုင်းအန္တရာယ်အသိပညာရရှိရေးတို့အတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အသိပညာများကိုသဘောပေါက်နားလည်လာပြီးပိုမိုလေ့လာလိုစိတ်ဖြစ်ပေါ်လာပြီးနိုင်ငံ၏အနာဂတ်ဖြစ်သည့်ကလေးများ၏ အနာဂတ်များကောင်းမွန်လာမှာဖြစ်ကြောင်း၊ ကလေးတစ်ဦးချင်းစီရဲ့အနာဂတ်တွေကောင်းလာပြီးတိုင်းပြည်ရဲ့အနာဂတ်တွေလည်းကောင်းလာမှာဖြစ်ပါကြောင်း၊ ဆွေးနွေးပို့ချမည့် ဝန်ထမ်းများအနေဖြင့် သင်ခန်းစာကိုဆွေးနွေးမည့်ခေါင်းစဉ်အလိုက်ကိုသေသေချာချာ၊ ကျေကျေညက်ညက်သိထားဖို့လိုအပ်ကြောင်း၊ ကလေးများစိတ်ဝင်စားနိုင်မည့် စကားလုံးများသုံးစွဲရန် လိုအပ်သလိုမေးခွန်းတွေ Video Clip များလက်ကမ်းစာစောင်များအသုံးပြုရန် လိုအပ်မှာဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီးတော့ ဒီလိုလုပ်ငန်းဆောင်ရွက်တဲ့အခါမှာကလေးတွေရဲ့ဖွံ့ဖြိုးရေးသာမကဘဲကလေးတွေရဲ့အနာဂါတ်ပါဝင်မှုကိုပါ အားပေးအားမြှောက်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကျောင်းအသိပညာပေးများဆောင်ရွက်ခြင်းအားဖြင့် ကလေးများနှင့် Community မှာခံစားနေရတဲ့ဒုက္ခတွေကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေဖြစ်ပါကြောင်း၊ ကလေးတွေရဲ့ အနာဂတ်အတွက် ကြိုတင်ကာကွယ်ရေးအတွက်အများကြီးဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင်တိုင်းပြည်အတွက်လည်းအကျိုးရှိတဲ့လုပ်ငန်းဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်တိုင်းဒေသကြီးများရှိလူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာနများမှ Online ဖြင့် ပါဝင်တက်ရောက်ကြကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR