“သင်တန်းကျောင်းအသီးသီးရှိ အမှုရင်ဆိုင်ဆဲကလေးသူငယ်များနှင့် စပ်လျဉ်း၍ တရားစွဲအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး”အပေါ် ညှိနှိုင်းဆွေးနွေးခြင်း အစည်း အဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့် သင်တန်းကျောင်းအသီးသီးက တာဝန်ခံများ၊ ကျောင်းအုပ်များ တက်ရောက်ခဲ့ကြပါသည်။

         ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းအသီးသီးမှ တာဝန်ခံများ၊ ကျောင်းအုပ် များနှင့် တာဝန်ရှိသူများအားလုံးသို့ ကလေးသူငယ်များအား အဆင်ပြေစွာ ထိန်းသိမ်းစောင့် ရှောက်ထားရှိခြင်းအပေါ် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ အချို့သင်တန်းကျောင်းများတွင် နေရာ၊ ဒေသအနေအထားအရ နေ့စဉ်စားဝတ်နေရေးကိစ္စရပ်များ ဆောင်ရွက်ပေးရာတွင် အခက်အခဲများရှိသော်လည်း အဆင်ပြေအောင် ဆောင်ရွက်နိုင်ပါကြောင်း၊ ဝန်ထမ်းများနှင့် မိမိတို့သင်တန်းကျောင်းများတွင် ထိန်းသိမ်းစောင့်ရှောက်ထားသည့် ကလေးသူငယ်များအား COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားရှိသည့် COVID-19 ရောဂါကာကွယ်ရေးစည်းမျဉ်းများကို တိကျစွာလိုက်နာရမည် ဖြစ်ပါကြောင်း၊ ယခု COVID-19 ကာလအတွင်း သက်ဆိုင်ရာတရားရုံးများသို့ ရုံးထုတ် ဆောင်ရွက်နိုင်ခြင်းမရှိသေးသော အမှုရင်ဆိုင်ဆဲကလေးသူငယ်များအတွက်  တရားရုံးမိန့်များ အမြန်ဆုံးချမှတ်ပေးနိုင်ရန် သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်နိုင် ရန်လိုအပ်ပါကြောင်း၊  သက်ဆိုင်ရာမြို့နယ်၊ ခရိုင်များအလိုက် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်များနှင့်စပ်လျဉ်း၍ သင်တန်းကျောင်း သို့မဟုတ် ယာယီ စောင့်ရှောက်ရေးဂေဟာများဖွင့်လှစ်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေတွင် ပြဋ္ဌာန်းထားရှိသော်လည်း လိုအပ်ချက်အပေါ် မူတည်၍လည်းကောင်း၊ ကလေးသူငယ်များ အနေဖြင့် အနီးစပ်ဆုံးတရားရုံးများတွင် အမှုရင်ဆိုင်နိုင်ရေးအတွက်လည်းကောင်း ထည့်သွင်း စဉ်းစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းအသီးသီးမှ အမှုရင်ဆိုင်ဆဲ ကလေးသူငယ်များအတွက် စီမံချက်ရေးဆွဲ၍ လက်တွေ့ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဖော်ထုတ်ပြီး ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖြည့်ဆည်းပံ့ပိုးပေးရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ ဒုတိယဝန်ကြီးက အကြောင်းအမျိုးအမျိုးကြောင့် သင်တန်းကျောင်းများသို့ ရောက်ရှိနေသော ကလေးသူငယ်များသည် အသက်အရွယ်အရသော်လည်းကောင်း၊ အချိန်ကာလ အားဖြင့်သော်လည်းကောင်း နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးနေပါ ကြောင်း၊ နိုင်ငံတော်အတွက် အသုံးဝင်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာစေရန် အကောင်းဆုံးပြုစုပျိုးထောင်ပေးရမည် ဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၈၃ (ဂ) နှင့် ၈၃ (ဃ) တို့အရ ယာယီစောင့်ရှောက်ရေးဂေဟာ သို့မဟုတ် အခြား သင့်လျော်သောနေရာသို့ အပ်နှံသည့်ကာလသည် အတိုတောင်းဆုံးဖြစ်စေရမည်ဟုလည်း ကောင်း၊  ပုဒ်မ ၈၄ (စ) အရ ကလေးသူငယ်မှုခင်းကို စောလျင်စွာ ကြားနာစစ်ဆေးပေးရမည်ဟု လည်းကောင်း ပြဋ္ဌာန်းထားရှိပါကြောင်း၊ COVID-19  ကာလအတွင်း သက်ဆိုင်ရာတရားရုံးများ က Video Conferencing စနစ်ဖြင့် ကြားနာစစ်ဆေးပေးလျက်ရှိပါ၍ ကျေးဇူးအထူးတင်ရှိပါ ကြောင်း၊  ကလေးသူငယ်အခွင့်အရေးများကို ဖော်ဆောင်ရာတွင် သင်တန်းကျောင်းများရှိ အမှုရင်ဆိုင်ဆဲ ကလေးသူငယ်များ၏ သင်တန်းကျောင်းတွင် နေထိုင်ရသည့်ကာလကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ပြင်ဆင်ရာတွင် အလွှာပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ကလေးသူငယ်များအတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

        ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က COVID-19 ကာလအတွင်း သင်တန်းကျောင်းများရှိ ကလေးသူငယ်များရောဂါကူးစက်မှု မရှိစေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ လက်ရှိတရားရုံးထုတ်ဆောင်ရွက်နေမှုအခြေအနေများ၊ ကလေးများဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးအစီအစဉ်များ၊ သက်မွေးပညာသင်တန်းများ ဖွင့်လှစ်နိုင်မှု အခြေအနေများကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ သင်တန်းကျောင်းအသီးသီးမှ တာဝန်ခံများ၊ ကျောင်းအုပ်များက လက်ရှိ COVID-19 ရောဂါ ကာကွယ်ရေးအစီအစဉ်များ၊ အမှုရင်ဆိုင်ဆဲကလေးသူငယ်များအတွက် တရားရုံးထုတ်ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးမှုအခြေအနေများ၊ ကလေးသူငယ်ကြီးကြပ်သူ အစီရင်ခံစာများရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်မှုများနှင့် သက်ဆိုင်ရာတရားရုံးများသို့ ပြင်ဆင်မိန့်များ လျှောက်ထားပေးမှုအခြေအနေများကို Online မှ တင်ပြဆွေးနွေးခဲ့ကြပါသည်။

       ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် အမှုရင်ဆိုင်ဆဲကလေး သူငယ်များနှင့် ပြစ်ဒဏ်ကျကလေးသူငယ်များကို သီးခြားစီခွဲခြားစောင့်ရှောက်နိုင်သော လူငယ် ယာယီစောင့်ရှောက်ရေးကျောင်းနှင့် လူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းဟူ၍ ဌာနတွင်း Reform ပြုလုပ်ရန်စီစဉ်မည်ဖြစ်ပါကြောင်း၊ အမှုရင်ဆိုင်ဆဲ ကလေးသူငယ်များအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အလိုက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးများ စဉ်ဆက်မပြတ်ကျင်းပရန် လိုအပ်ပါကြောင်း၊ ကလေးသူငယ်များ ကျူးလွန်ရသော ပြစ်မှုအမျိုးအစားများအပေါ် လေ့လာသုံးသပ်၍ သင်တန်းကျောင်းများသို့ မရောက်ရှိစေရေးအတွက်လည်း ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်နိုင်ရန် လိုအပ်ပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များတွင် Case Study ပြုလုပ်ခြင်း၊ ဝန်ထမ်းအင်အား ဖြည့်တင်းခြင်း၊ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းများဖွင့်လှစ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်းတို့ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းပြောကြားခဲ့ပြီး သင်တန်းကျောင်း အသီးသီး၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR