ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာနှင့် ပျဉ်းမနား ဘိုးဘွားရိပ်သာများသို့ ထောက်ပံ့ကြေးများ ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

မတ် ၃၀၊  နေပြည်တော်

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာနှင့် ပျဉ်းမနားဘိုးဘွားရိပ်သာတို့သို့ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးများပေးအပ်ခြင်းအခမ်းအနားကို ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အမှာစကားပြောကြားသည်။

          အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိ ကာကွယ်စောင့်ရှောက်ရမည့်အုပ်စုများ ဖြစ်သည့် ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းများအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးမူဝါဒများချမှတ်ပြီး စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ မူဝါဒများ၊ မဟာဗျူဟာ များအပြင် ဥပဒေများ၊ နည်းဥပဒေများချမှတ်ပြီး ထောက်ပံ့ကြေးများပေးအပ်ခြင်း၊ နည်းပညာ အကူအညီများပေးအပ်ခြင်းတို့ကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက် ရေး လုပ်ငန်းအနေဖြင့် ယခုလိုစေတနာ့ဝန်ထမ်းလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားရှိသော ဘိုးဘွားရိပ်သာများအား တည်ထောင်ခွင့်ပြုမိန့်များ ပေးအပ်ခြင်း၊ စောင့်ရှောက်ထားရှိတဲ့ လူဦးရေအပေါ်မူတည်၍ ဆန်၊ စားစရိတ်၊ ဝတ်စရိတ်နှင့် ဂေဟာမှူးလစာများ ပေးအပ်ခြင်းတို့ကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများတွင်ပါဝင်သည့် ဂေဟာတည်ထောင်ဖွင့်လှစ်ခြင်း နည်းလမ်းအပြင် သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာဖွင့်လှစ်ပေးခြင်း၊ ရပ်ရွာအခြေပြုပြုစုစောင့်ရှောက် ခြင်း၊ မိသားစုအိမ်အခြေပြု ပြုစုစောင့်ရှောက်ခြင်း နည်းလမ်းများကိုလည်း နည်းစနစ်မှန်ကန်စွာနဲ့ ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ပေးလျက်ရှိပါကြောင်း၊ ခေတ်ကာလနှင့် လျော်ညီသည့် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးသင်တန်းများကို ရန်ကုန်မြို့၊  သက်ကြီးရွယ်အိုနေ့ပိုင်း စောင့်ရှောက်ရေးဌာနမှာ သင်တန်းများဖွင့်လှစ်ပေးလျက်ရှိသည့်အတွက် ဂေဟာ/ရိပ်သာ တာဝန်ခံများတက်ရောက်နိုင်ပါရန် တိုက်တွန်းလိုပါကြောင်း၊        COVID-19 ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် CERP (COVID-19 Economic Relief Plan) အရ တစ်နိုင်ငံလုံးရှိ အသက် ၈၀ နှစ် မှ ၈၄ နှစ်အထိ ဘိုးဘွား (၂၉၃၄၅၇) ဦးကို တစ်ဦးလျှင် ကျပ် (၃၀၀၀၀) နှုန်းဖြင့်တစ်ကြိမ် ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါကြောင်း၊ ဘိုးဘွားရိပ်သာ (၈၃)ခုရှိ ဘိုးဘွားတစ်ဦး လျှင်တစ်နေ့ (၅၀၀) ကျပ်နှုန်းဖြင့် ရက် (၃၀) စာအတွက် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွားဦးရေ (၃၀၃၃) ဦးအတွက် ကျပ် (၄၅.၄၉၅) သန်းကိုလည်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါကြောင်း၊ ဒါ့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမှုရေးပင်စင်ကို ထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ ()လပတ်အတွင်း အကျိုးခံစားခွင့်ရှိသူ အသက် (၈၅)နှစ်နှင့် အထက် ဘိုးဘွားပေါင်း (၂၄၉၂၄၁)ဦးကို တစ်ဦးလျှင် ကျပ် (၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း (၇၄၇၇.၂၃) ကျပ်သန်းကိုလည်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လူဦးရေ အချိုးအစားအရ သက်ကြီးရွယ်ဦးရေမှာ တစ်နှစ်ထက်တစ်နှစ်မြင့်တက်လျက်ရှိပြီး မွေးဖွားနှုန်းများ ကျဆင်းလာတဲ့အတွက်ကြောင့် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးလုပ်ငန်းဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပြောင်းလဲလာတဲ့ လူဦးရေ အချိုးအစားအရ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးလုပ်ငန်းများမှာ နည်းစနစ်ကျနစွာဖြင့် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများလည်း တိုးချဲ့ဆောင်ရွက်သွားဖို့ လိုအပ်ပါ ကြောင်း၊ ဘိုးဘွားရိပ်သာများရှိ ပြုစုစောင့်ရှောက်ထားရှိသော ဘိုးဘွားများအပါအဝင် တစ်နိုင်ငံလုံး ရှိ ဘိုးဘွားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် မြန်မာ့နှစ်သစ်ကို ကြိုဆို၍ ကောင်းမှု ကုသိုလ်များ တိုးပွားဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာများပို့သ၍ ဂါရဝပြုပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်က ထောက်ပံ့ကြေးများပေးအပ်ရ ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိ သူများက ကရုဏာကမ္ဘာဘိုးဘွားရိပ်သာနှင့် ပျဉ်းမနားဘိုးဘွားရိပ်သာတို့မှ တာဝန်ရှိသူများထံသို့ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးများပေးအပ်ခဲ့ရာ ဘိုးဘွားရိပ်သာများမှ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြပါသည်။

          ထို့နောက် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ ဗိုလ်ချုပ်သိန်းထွန်း(ငြိမ်း)နှင့်  ပျဉ်းမနားဘိုးဘွားရိပ်သာ၊ ကြီးကြပ်မှုကော်မတီ၊ အတွင်းရေးမှူး၊ ဦးမိုးဇော်တို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။


          ပြည်ထောင်စုဝန်ကြီးက ဘိုးဘွားရိပ်သာအတွင်းသို့ လှည့်လည်ကြည့်ရှုပြီး ဘိုးဘွားများကို ဂါရဝပြုလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ဂုဏ်ပြုအားပေးစကားများ ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR