အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် သဘာဝဘေးကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးကြရန်နှင့် ပြန်လည်ပြင်ဆင် ရေးဆွဲပြီးဖြစ်သည့် ၂၀၀၉ ခုနှစ် သဘာဝဘေးစီမံခန့်ခွဲမှု တည်မြဲအမိန့်ကို ဆွေးနွေးအတည်ပြုနိုင်ရန် ဖြစ်ကြောင်း။

အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် စတင်တာဝန်ယူချိန်မှ ယနေ့အထိ ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ကဏ္ဍအလိုက်နိုင်နင်းစွာ တာဝန်ယူဖြေရှင်း ဆောင်ရွက်နိုင်ခဲ့ကြကြောင်း၊ သဘာဝဘေးအန္တရာယ်များသည် အချိန်မရွေး၊ နေရာမရွေး၊ လူမျိုးမရွေးဘဲ ရင်ဆိုင်ကြုံတွေ့ရနိုင်သည်ဖြစ်၍ ကြိုတင်တွက်ဆပြီး အချိန်တိုင်း အဆင်သင့် ဖြစ်နေရန် လိုအပ်ကြောင်း။

ကမ္ဘာတွင် ပြောင်းလဲ ဖြစ်ပေါ်လာနေသည့် သဘာဝဘေးအန္တရာယ်များ၏ သဘောသဘာဝများကို မျက်ခြည်မပြတ် လေ့လာနေရန် လိုအပ်သကဲ့သို့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များကို ရာသီကာလအလိုက်၊ ဒေသအလိုက် ခန့်မှန်းပြီး မိမိတို့တွင်ရှိပြီးဖြစ်သော ရရှိနိုင်သော စွမ်းအား အရင်းအမြစ်များဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်မည့် အကောင်းဆုံးသော အစီအမံများကို အမြဲတစေ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခိုင်မာသော ဖွဲ့စည်းတည်ဆောက်မှု၊ လုပ်ငန်းစနစ်ကောင်းမွန်မှု၊ စုစည်းညီညွတ်သည့် ပေါင်းစပ်ညှိနှိုင်း အကောင်အထည် ဖော်ဆောင်မှုတို့သည် မရှိမဖြစ် လိုအပ်ကြောင်း၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စသည်ဖြင့် အဆင့်ဆင့်သော စီမံခန့်ခွဲမှုစနစ်ကို ထူထောင်ထားရမည်ဖြစ်ပြီး အဆင့်တိုင်းတွင်လည်း မူဝါဒများ၊ စီမံချက်များ၊ SOP များ ပြည့်စုံနေရန် လိုအပ်ကြောင်း။

မြို့နယ်အဆင့်မှ ပြည်ထောင်စုအဆင့်အထိ အဆင့်တိုင်း၏ ဆောင်ရွက်ချက်များကို ပြန်လည်ဆန်းစစ်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများသည် ဌာန၊ အဖွဲ့အစည်းတစ်ခုတည်း၏ လုပ်ငန်း တာဝန်မဟုတ်ဘဲ ဌာန၊ အဖွဲ့အစည်းများစွာ အပြင် ပြည်သူလူထုပါ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်၍ သာမန်ထက် ပိုမိုစနစ်ကျသော စီမံခန့်ခွဲမှု ပုံစံဖြစ်ရန်လိုကြောင်း၊ အားလုံးလိုက်ပါ ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ လုပ်ငန်းနယ်ပယ်အလိုက် တစ်ဦးချင်းကျွမ်းကျင်မှု၊  အဖွဲ့အလိုက် ကျွမ်းကျင်မှု၊ ဘာသာရပ်ဆိုင်ရာ၊ စီမံခန့်ခွဲမှု ဆိုင်ရာကျွမ်းကျင်မှုများ ရှိနေရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကောင်းမွန်ရေး ဆောင်ရွက်သကဲ့သို့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် မြင့်မားရေး၊ ဝန်ထမ်းများ၏ စိတ်ဓါတ်ခွန်အား မြင့်မားရေးတို့ကိုလည်း အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရပ်ရွာလူထုနှင့် တိုက်ရိုက်ထိတွေ့ရပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များအနေဖြင့် ပိုမိုအလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သဘာဝဘေး တုံ့ပြန်ရေးဆိုင်ရာ စီမံချက်များပါအတိုင်း ကြိုတင်ပြင်ဆင်စုဖွဲ့ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ရန်နှင့် သဘာဝဘေး ဖြစ်ပွားလာပါက အန္တရာယ်ကို ကျော်လွှားနိုင်ရန် သဘာဝဘေး စီမံခန့်ခွဲမှုအဖွဲ့များ၊ ပြည်သူလူထု၊ အထောက်အကူပြု ပရဟိတအဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုတင်စီမံ ဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်း၊ မိမိတို့တွင် ရှိပြီးဖြစ်သည့် လူစွမ်းအားအရင်းအမြစ်၊ အခြေခံအဆောက်အဦ၊ အသုံးပြုနိုင်မည့် ပစ္စည်းကိရိယာများကို ဖော်ထုတ်သိရှိပြီး လိုအပ်သလို ထုတ်နှုတ်သုံးစွဲနိုင်ရမည် ဖြစ်ကြောင်း၊ ထို့အတူ သဘာ၀ဘေးအန္တရာယ်ကို တုံ့ပြန်နိုင်မည့် စွမ်းအားစုများ အမြဲအဆင့်သင့် ဖြစ်နေစေရေး ဆောင်ရွက်ထားပြီး လိုအပ်ချက်များရှိပါက ဖြည့်ဆည်း ဆောင်ရွက်ထားရန်နှင့် လူအင်အား၊ ပစ္စည်းအင်အားများကို ထိထိရောက်ရောက် အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်း။

သဘာဝဘေးအန္တရာယ်များ လျော့ပါးရေးအတွက် သဘာဝဘေး စီမံခန့်ခွဲမှုအပိုင်းတွင် တာဝန်ယူနေသူများသာမက ပြည်သူလူထုပူးပေါင်း ပါဝင်ဆောင်ရွက်ကြမှသာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေမည်ဖြစ်၍ ပြည်သူလူထု ပိုမိုသတိပြု ပူးပေါင်းပါဝင်ဆောင်ရွက် လာနိုင်စေရန် နှစ်စဉ်အောက်တိုဘာ ၁၃ ရက်တွင်  အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပလျက်ရှိကြောင်း၊ ၂၀၂၁ခုနှစ်တွင် ဒို့ကမ္ဘာမြေကို ထိန်းသိမ်းဖို့၊ တွဲလက်ခိုင်မာ ပူးပေါင်းစို့”  ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း အလားတူ အထိမ်းအမှတ် အခမ်းအနားကို အောင်မြင်စွာကျင်းပပြီး ပြည်သူများသဘာဝဘေး အသိပညာများ တိုးပွားလာနိုင်စေရေးနှင့် သဘာဝဘေး လျော့ပါးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာနိုင်စေရန် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့် ပြင်ဆင်ရေးဆွဲခဲ့မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုကြောင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တုံ့ပြန်ဆောင်ရွက်မှုမှ ရရှိခဲ့သည့် အတွေ့အကြုံများကို အခြေခံ၍ သဘာဝဘေး စီမံခန့်ခွဲမှုအတွက် တည်မြဲအမိန့်(၂၀၀၉)ကို ရေးဆွဲထုတ်ပြန် အသုံးပြုခဲ့ကြောင်း၊ အဆိုပါတည်မြဲအမိန့်ကို အသုံးပြုဆောင်ရွက်ခဲ့သည်မှာ အချိန်ကာလ (၁၂)နှစ် ကျော်ခန့်ရှိလာပြီဖြစ်၍ လက်ရှိကာလ ကမ္ဘာတွင် သဘာဝဘေးဖြစ်ပွားမှု အခြေအနေများ၊ စီမံခန့်ခွဲမှုစနစ်များနှင့် နည်းပညာပြောင်းလဲ တိုးတက်နေမှုများအပေါ် ပြန်လည် သုံးသပ်မှုအရ ၂၀၀၉ ခုနှစ်က ထုတ်ပြန်ခဲ့သည့် တည်မြဲအမိန့်ကို ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း။

တည်မြဲအမိန့်တွင် လုပ်ငန်းကော်မတီ (၁၂)ရပ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၏ လုပ်ငန်းတာဝန်များ၊ တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ဦးတည်ရေးဆွဲရန် စဉ်းစားသုံးသပ်ခဲ့ပြီး အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ ဇွန်လမှစ၍ ကာကွယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ပါဝင်ရေးဆွဲမှု၊ အကြံပြုသဘောထား မှတ်ချက်များနှင့် ရေးဆွဲဆောင်ရွက်ခဲ့ပြီး သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို မြေပြင်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်ကာ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရန် ဆောင်ရွက်ခဲ့ကြောင်း။

ယခုအခါ ၂၀၂၂ ခုနှစ် သဘာဝဘေး စီမံခန့်ခွဲမှုအတွက် တည်မြဲအမိန့်(မူကြမ်း)ကို ကာကွယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၏ သဘောထားမှတ်ချက်များ ရယူပြင်ဆင်ပြီးဖြစ်၍ ယနေ့အစည်းအဝေးတွင် လိုအပ်သလို ဆွေးနွေးပြီးပါက အတည်ပြုရန်လိုအပ်ပြီး အတည်ပြုပြီးပါက ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆက်လက် ဆောင်ရွက်ကာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးသို့ ဆက်လက်ဖြန့်ဝေ စတင်အသုံးပြု ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

လုပ်ငန်းကော်မတီများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ရေးဆွဲထားပြီးဖြစ်သည့် သဘာဝဘေး စီမံချက်များကို ယခု ၂၀၂၂ ခုနှစ် တည်မြဲအမိန့်နှင့် ကိုက်ညီမှုရှိရေး ပြန်လည်စိစစ်ကြရန်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဆင့်သော သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ နားလည်သိရှိထားပြီး ရည်ညွှန်းကိုးကား ဆောင်ရွက်နိုင်ရေး ထပ်ဆင့်ရှင်း လင်းဆွေးနွေးထားကြရမည် ဖြစ်ကြောင်း။

သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို အဆင့်တိုင်း၊ ကဏ္ဍတိုင်းတွင် အရေးကိစ္စတစ်ခုအနေဖြင့် အလေးအနက်ထား ဆောင်ရွက်ရန်နှင့် ပူးပေါင်းတာ၀န်ယူ ဆောင်ရွက်ကြရန်လိုကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများသည် တစ်ဦး၊ တစ်ယောက်ချင်း အဖွဲ့အစည်းတစ်ခုချင်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းများမဟုတ်ဘဲ အားလုံးပေါင်းစည်း ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်၍ ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ တာဝန်ခွဲဝေယူမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုများ အားကောင်းနေရန် လိုကြောင်း။

လုပ်ငန်းကော်မတီအသီးသီးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်၍ တာ၀န်ယူထားရသည့်ဒေသ၊ လုပ်ငန်းကဏ္ဍများအလိုက် ပိုမိုကောင်းမွန်ထိရောက်သော သဘာ၀ဘေး စီမံခန့်ခွဲမှုလုပ်ငန်များဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သဘာ၀ဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး ဦးတည်ချက်ထားရှိပြီး စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒေါက်တာသက်သက်ခိုင်တို့က အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး (၂/၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့်- ၂၀၂၂ (မူကြမ်း) ပြုစုထားရှိမှုတို့ကို တင်ပြအတည်ပြုချက်ရယူသည်။

ထို့နောက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်က အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ရရှိ/သုံးစွဲ/ လက်ကျန်စာရင်းများကို ရှင်းလင်းတင်ပြအတည်ပြု ချက်ရယူသည်။

ယင်းနောက် စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက  သဘာဝဘေး စီမံခန့်ခွဲရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်နိုင်ရေးဆောင်ရွက်ထားရှိမှုများ၊ သဘာဝဘေး ဖြစ်ပွားမှုများနှင့် ထောက်ပံ့ပေးမှုများ၊ သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီးက အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၁/၂၀၂၂) ဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြ အတည်ပြုချက်ရယူသည်။

ယင်းနောက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)



နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ အကွက်အမှတ်(၂၂၆၄)၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR