၂၀၂၃ခုနှစ်၊အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကိုမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊Hotel Max ၊ ကုမုဒြာခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ပြည်ထောင်စုနယ်မြေနေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရမဟုတ်သောအမျိုးသမီးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားများကိုကမ္ဘာတစ်ဝန်းမှာနှစ်စဉ်ကျင်းပလျက်ရှိပြီးမြန်မာနိုင်ငံမှာလည်း(၁၆)ရက်တာလှုပ်ရှားဆောင်ရွက်မှုများကိုနှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုသည်အိမ်တွင်းအကြမ်းဖက်မှုမှစ၍ လုပ်ငန်းခွင်များတွင်လည်းကောင်း၊ Online များမှလည်းကောင်းမတူညီသောဝန်းကျင်နေရာဒေသအလိုက်တိုးပွားလျက်ရှိပါကြောင်း၊အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများသည် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ရပ်ဖြစ်ပြီးမိမိတို့အားလုံးအတူတကွစုပေါင်းကာတားဆီးကာကွယ်၍ရနိုင်ပါကြောင်း၊အမျိုးသမီးများနှင့်မိန်းကလေးငယ်များအပေါ်အကြမ်းဖက်ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများစွာဖြစ်စေသည့်အပြင် အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်မှုကိုအဟန့်အတားဖြစ်စေကြောင်း။

ယခုနှစ် ဆောင်ပုဒ်မှာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေးပေါင်းစုရင်းနှီးမြှုပ်နှံပေးဖြစ်ပြီးဆောင်ပုဒ်၏အဓိကအလေးပေးလိုသည့်အချက်မှာအမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးအတွက်ပညာရေး၊ကျန်းမာရေး၊ဥပဒေပြုရေးကဏ္ဍများတွင် လူအင်အား၊ ငွေအင်အား၊ အသိပညာအင်အားများဖြင့် ပါဝင်ရင်းနှီးမြှုပ်နှံကြရန်ဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းစီဒေါ(CEDAW)ကိုလက်မှတ်ရေးထိုးထားပြီးအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာစီမံကိန်းများချမှတ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများ အကြမ်းဖက်မှုကြုံတွေ့ရပါက သတင်းပို့တိုင်ကြားနိုင်ရန် (၂၄) နာရီ Helpline ဖုန်း“1566” (4 Digits)ကိုဖွင့်ထားပြီးတိုင်ကြားမှုများလက်ခံ၍ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက်တရားရင်ဆိုင်ခရီးစရိတ်နှင့်အသက်မွေးဝမ်းကျောင်းစရိတ်ထောက်ပံ့ပေးခြင်း၊စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း၊ အမျိုးသမီးများ၏လုံခြုံမှုအတွက်ယာယီနားခိုရာနေရာများကိုရန်ကုန်၊ မန္တလေး၊ လားရှိုး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာနှင့် စစ်တွေမြို့တို့တွင် စီစဉ်ထားရှိပြီး၊  အခြားသောဝန်ဆောင်မှုများရရှိနိုင်ရေးချိတ်ဆက်ပေးခြင်းညွှန်းပို့ပေးခြင်းများကိုဆောင်ရွက်ပေးနေပါကြောင်း၊ထို့အတူသက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများသည်လည်းမိမိတို့၏စီမံကိန်းများတွင်အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုများပပျောက်အောင် ဝိုင်းဝန်းရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိပါကြောင်း၊ကဏ္ဍအသီးသီးမှာအားလုံးပါဝင်ရင်းနှီးမြှုပ်နှံခြင်းဖြင့်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများလျော့နည်းပပျောက်မှာဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာအသိပညာပေး Video Clip ပြသခဲ့ပြီးစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ အခမ်းအနားကိုနံနက် (၁၁:၀၀)နာရီတွင်ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR