
၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော် ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပ စေတနာရှင်၊ အလှူရှင်များ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် ဘေးသင့် ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို အပတ်စဉ် သတင်းထုတ်ပြန်ပေးလျက်ရှိရာ မေလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ အခြေအနေကို ၂၁-၅-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ မေလ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်အတွင်း ထိုင်းနိုင်ငံရောက်စေတနာရှင်များ၊ သီရိလင်္ကာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစပယ်အစိုးရ တို့မှ ထပ်မံပေးပို့လှူဒါန်းလာသော မိုးကာတဲ၊ မီးစက်၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံး ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးနှင့် ဆေးပစ္စည်းများအနက် ဆေးနှင့် ဆေးပစ္စည်းများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန) သို့ လည်းကောင်း၊ မီးစက်၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းများကို ဘေးသင့် လူဦးရေ အချိုးအစားအပေါ်မူတည်၍ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သို့ ဖြန့်ခွဲပေးပို့ပြီး ဖြစ်ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသည့် ဒီဇယ်ဆီတန် ၁၁,၉၃၀.၅၀၅ နှင့် ဓာတ်ဆီ တန် ၂,၉၄၀.၀၅၅ တို့သည် ၂၃-၅-၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ထပ်မံ ရောက်ရှိခဲ့ရာ စုစုပေါင်းဒီဇယ်ဆီတန် ၂၉,၉၃၀.၅၀၅ နှင့် ဓာတ်ဆီတန် ၁၉,၉၄၀.၀၅၅ တို့ကို စွမ်းအင်ဝန်ကြီးဌာနက စနစ်တကျ သိမ်းဆည်းသိုလှောင်၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိပါသည်။
အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ဘိလပ်မြေ ၂၂၅ တန် (၄၅၀၀ အိတ်) သည် ၂၄-၅-၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက လွှဲပြောင်းပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က လက်ခံရယူပြီးနောက် ဘေးသင့်ဒေသများသို့ ပို့ဆောင်၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် သုံးစွဲသွားမည်ဖြစ်ပါသည်။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ငလျင်ဘေးသင့်ဒေသများတွင် ယာယီရုံးများအဖြစ် အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသည့် Prefabricated Office ၅၀၀ လုံးအနက် ၃၄၀ လုံးသည် ၂-၅-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ ၁၆၀ လုံးသည် ၂၄-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဘေးသင့်ဒေသများ တွင် ယာယီရုံးများအဖြစ် တပ်ဆင်ဆောင်ရွက်လျက်ရှိပါသည်။
အလားတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ယာယီအိမ်များအဖြစ် အသုံးပြုရန် လှူဒါန်းသည့် Prefabricated House ၄၅၀၀ လုံးအနက် ၁၅၇၆ လုံးသည် ၉-၅-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ ၁၈၀၄ လုံးသည် ၁၃-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ၁၁၂၀ လုံးသည် ၂၄-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဘေးသင့်ဒေသများ၌ တပ်ဆင်ဆောင်ရွက်လျက်ရှိပါသည်။
ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှုစုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၆၁ စီး၊ စစ်ကိုင်းတိုင်း ဒေသကြီးသို့ မော်တော်ယာဉ် ၃၂ စီး၊ ရှမ်းပြည်နယ်တောင်ပိုင်းသို့ မော်တော်ယာဉ် ၁၁ စီးဖြစ် ပါသည်။
နိုင်ငံတကာအလှူရှင်များက ၂၀-၅-၂၀၂၅ ရက်နေ့မှ ၂၇-၅-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်အတွင်း ပေးပို့လှူဒါန်းသည့် ပစ္စည်းများကို ဘေးသင့်ပြည်သူများ အတွက် ဖြန့်ခွဲပေးပို့နိုင်ရေး ဆောင်ရွက်ထားမှုကို ပူးတွဲပါဇယားများဖြင့် ဖော်ပြအပ်ပါသည်။ ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများရောက်ရှိမှုနှင့် ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံး ရောက်ရှိဖြန့်ခွဲမှုတို့ကို ၁ ပတ်လျှင် ၁ ကြိမ် ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
Source: NDMC