ဝန်ဆောင်မှုလုပ်ငန်း

နိဒါန်း

၁။  မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခုအနက် တိုင်းဒေသကြီး/ ပြည်နယ် (၉) ခုသည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် မြေမြှုပ်မိုင်းများ၊ စစ်ကျန်ပေါက်ကွဲပစ္စည်းများ (Explosive Remnants of War - ERW)  နှင့် ဒေသန္တရ လက်လုပ်မိုင်း (Improvised Explosive Device- IED) များ ပြန့်နှံ့လျက်ရှိနေပါသည်။ ဒေသတွင်း နိုင်ငံများထဲ၌ မြန်မာနိုင်ငံသည် မြေမြှုပ် မိုင်းများနှင့် စစ်ကျန်ပေါက်ကွဲပစ္စည်း (ERW) များကြောင့် ဒေသခံပြည်သူများ ထိခိုက်သေကြေ ဒဏ်ရာရမှု ဖြစ်ပွားနှုန်းမြင့်မားနေသော နိုင်ငံဖြစ်ပါသည်။  UNICEF နှင့် Mine Risk Working Group (MRWG) မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့တို့၏ မှတ်တမ်းများအရ (၂၀၁၉) ခုနှစ် အတွင်း သေဆုံးသူ (၅၇)ဦး၊ ဒဏ်ရာရသူ (၁၇၀)ဦး တို့ဖြစ်ကြောင်းသိရှိရပါသည်။ ဒေသခံပြည်သူအများစု သည် မိုင်းအန္တရာယ် ဆိုင်ရာဗဟုသုတအသိနည်းပါးခြင်း၊ အသက်ရှင်ရပ်တည်ရေးနှင့် အသက်မွေး ဝမ်းကျောင်းအတွက် မိုင်းအန္တရာယ်ကိုသတိမမူဘဲ၊ သွားလာလှုပ်ရှားနေကြခြင်းကြောင့် မိုင်းထိ သေဆုံးမှုဖြစ်စဉ်များ ရှိနေသလို၊ မိုင်းကြောင့် မသန်စွမ်းသူဦးရေ တိုးပွားလျက်ရှိနေပါသည်။ 

၂။  ယခုအခါ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုချုပ်ငြိမ်းသွားသည့် တိုင်းဒေသကြီး/ ပြည်နယ် တို့တွင် မိုင်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သည့် မိုင်းအန္တရာယ်အသိ ပညာပေးလုပ်ငန်း၊ တိုက်တွန်းနိုးဆော်သည့်လုပ်ငန်း၊ မိုင်းဒဏ်ခံစားရသည့် ပြည်သူများအားထောက် ပံ့သည့်လုပ်ငန်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ (Humanitarian Demining) တို့ကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရန် လိုအပ်လာပါသည်။ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာအား အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေးနှင့် လွတ်လပ်စွာသွားလာခွင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိုင်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာလှုပ်ရှားမှု တို့သည် ချိတ်ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများ ဖြစ်နေပါသည်။

၃။  ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (Joint Ceasefire Monitoring Committee- JMC) သည် လူလုပ်နှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDPs) နှင့် ပဋိပက္ခဒဏ် ခံစားရသူများအား လူသားချင်းစာနာသည့် အခြေခံအထောက်အပံ့များပေးအပ်မှုကို ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်သဖြင့် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ (IDPs) အား ဘေးကင်း လုံခြုံ၍ လူ့ဂုဏ်သိက္ခာနှင့်အညီဖြစ်စေရန် မိုင်းအန္တရာယ် ကင်းရှင်းရေးလှုပ်ရှားမှုဆိုင်ရာ လုပ်ငန်း အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။

၄။  မိုင်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာလှုပ်ရှားမှုတို့သည်ကုလသမဂ္ဂ၏ရည်ရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ (၂၀၃၀) အစီအစဉ်တွင် ပါဝင်သော လုပ်ငန်းစဉ်များလည်းဖြစ်ပါသည်။ 

၅။  ဒေသတွင်းနိုင်ငံများကဲသို့ Mine Action Authority, Mine Action Center ဖွဲ့စည်းပြီး Humanitarian Mine Action လုပ်ငန်းများလုပ်ဆောင်ရန် လက်တွေ့မဖြစ်နိုင်သည့် အခြေအနေ များကြောင့် အမျိုးသားအဆင့် မိုင်းကင်းရှင်းရေးလှုပ်ရှားမှုဆိုင်ရာအာဏာပိုင်အဖွဲ့ (National Mine Action Authority) မဖွဲ့စည်းသေးဘဲ၊ ပဏာမအဆင့်အနေဖြင့် National Mine Action Strategic Plan ရေးဆွဲရခြင်းဖြစ်ပါသည်။


ရည်ရွယ်ချက်

၆။  Mine Action Strategic Plan (မိုင်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုဆိုင်ရာမဟာဗျူဟာ) ကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  United Nations Mine Action Strategy (2019-2023) ကိုအခြေခံပြီး ဒေသခံပြည်သူများနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေရန်။


လုပ်ငန်းစဉ်

၇။ Mine Action Strategic Plan (မိုင်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုဆိုင်ရာမဟာဗျူဟာ) ကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောက်ပါအတိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပါသည်-

(က) မိုင်းအန္တရာယ်လုပ်ငန်းအဖွဲ့ (Mine Risk Working Group - MRWG) ၏ မဟာ ဗျူဟာ လုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၁) တွင် ပါရှိသော အောက်ဖော်ပြပါ ကဏ္ဍ (၆) ခုအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

(၁) အဖွဲ့အစည်းအချင်းချင်းနှင့် ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခြင်း (Inter-Agency & Inter-Ministerial Coordination)၊

(၂) မိုင်းအန္တရာယ် ပညာပေးခြင်း (MRE)၊ အန္တရာယ်ဖြစ်နိုင်ခြေနည်းပါး သက်သာစေခြင်း (Risk Mitigation)၊      မြေပြင်တွင်စစ်ဆေးခြင်း (Survey)၊

(၃) မိုင်းအန္တရာယ်ကြုံတွေ့ရသူများကို အကူအညီပေးခြင်း (Victim Assistance)၊

(၄) သတင်းအချက်အလက် စီမံခန့်ခွဲခြင်း (Information Management)၊

(၅) မိုင်းအန္တရာယ်ကင်းသောမြေအဖြစ် သတ်မှတ်ခြင်းလုပ်ငန်း (Land Release Activity)၊

(၆) ဦးဆောင်စည်းရုံးလှုံ့ဆော်ခြင်း (Advocacy)၊

( ခ ) ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာအား အကောင် အထည်ဖော်ဆောင်ရွက်ကြမည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့၏ လုပ်ငန်းစီမံချက်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်း ခြင်းလုပ်ငန်းများ (Humanitarian Demining) အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

( ဂ ) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ အခန်း(၃)ပါ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ကဏ္ဍအား အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊

(ဃ) ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးဆိုင်ရာကော်မတီနှင့်မိုင်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုဆိုင်ရာ လုပ်ငန်း အဖွဲ့တို့သည် မိုင်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှု ကနဦးစီမံချက် (Pilot Project) ရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

( င ) ဒေသခံပြည်သူများနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား တရားဉပဒေ စိုးမိုးရေး၊ အခြေခံအဆောက်အဦများ ပြန်လည်ထူထောင်ပေးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်ကာကွယ်စောင့် ရှောက်ရေး၊ စိတ်ကျန်းမာရေးနှင့် စိတ်အားပေးကူညီဆောင်ရွက်ရေး၊ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်အတွက် ကူညီပံ့ပိုးပေးခြင်း၊ အသေးစား နှင့်အလတ်စား စီးပွားရေးလုပ်ငန်း အစီအစဉ်များမှတစ်ဆင့် အသက်မွေးဝမ်းကျောင်းပညာ များ သင်ကြားပေးရေးနှင့် နည်းပညာများပံ့ပိုးပေးရေး၊ ကျား/ မ တန်းတူညီမျှမှု ရှိရေးနှင့် အမျိုးသမီးများပါဝင်လုပ်ကိုင်ခွင့်ရရှိရေး၊ အသက်မွေးဝမ်းကျောင်းမှု ပြန်လည်ထူထောင်ရေးတို့အတွက် ဝန်ကြီးဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

( စ ) နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ အကူအညီများရယူ ဆောင်ရွက်ခြင်း။ 

ရန်ပုံငွေ

၈။ အောက်ဖော်ပြပါ ဘဏ္ဍာအရင်းအမြစ်များမှ လျာထားသုံးစွဲနိုင်ရေး ဆောင်ရွက်သွားရ ပါမည်-

        (က) သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဌာနများ၏ ဘဏ္ဍာရန်ပုံငွေ အရင်း အမြစ်များ၊

( ခ ) သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ဘဏ္ဍာရန်ပုံငွေ အရင်းအမြစ်များ၊

( ဂ ) နိုင်ငံတကာအသိုက်အဝန်းက ထောက်ပံ့ပေးအပ်လာသော ပံ့ပိုးကူညီမှုများ၊

(ဃ) အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ထောက်ပံ့ပေးအပ်လာသော ပံ့ပိုးကူညီမှုများ။


စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း

၉။ မိုင်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုဆိုင်ရာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များအား လုပ်ငန်းဆောင်ရွက်သည့် ကာလ (၆) လ ပြည့်ချိန်မှစတင်ပြီး စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်းကို စတင်ဆောင်ရွက်ရပါမည်။ ထိုသို့ဆောင်ရွက်ရန်အတွက် သင့်လျော်သည့် ပုဂ္ဂိုလ်များကို ဖွဲ့စည်းတာဝန်ပေးအပ်သွားရပါမည်။ 


နိဂုံး

၁၀။ မိုင်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုဆိုင်ရာ လုပ်ငန်းစဉ်သည် ပြည်တွင်းနေရပ်စွန့်ခွာ သူများပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာအား အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် အထောက်အကူပြုသည့် လုပ်ငန်း စဉ်တစ်ရပ်ဖြစ်ခြင်း၊ နှစ်စဉ်မိုင်းဒဏ်သင့် ပြည်သူအရေအတွက် လျော့ချနိုင်ခြင်း၊ မိုင်းဒဏ်ကြောင့် မသန်စွမ်းဖြစ်သူများအတွက် မသန်စွမ်းသူများအခွင့်အရေးကို United Nations Convention on the Rights of Persons With Disabilities (UNCRPD) နှင့်အညီ ဆောင်ရွက်ပေးနိုင်ခြင်း၊ နိုင်ငံတကာမိုင်းရှင်းလင်းရေး စံချိန်စံညွှန်းများ (International Mine Action Standards) နှင့်အညီ ဆောင်ရွက်ပါက United Nations Mine Action Strategy (2019 - 2023) ကို အခြေခံ ဆောင်ရွက် သည့် လုပ်ငန်းစဉ်ဖြစ်ခြင်းတို့ကြောင့် SDGs (2030) ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ဖွံ့ဖြိုးမှုရည်မှန်း ချက်များနှင့်လည်း အကျုံးဝင်မည်ဖြစ်ပါသည်။

၁၁။ မိုင်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုဆိုင်ရာလုပ်ငန်းသည် မြန်မာနိုင်ငံ၏ တရားမျှတရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာလုပ်ငန်းများကို အထောက်အကူဖြစ်စေ မည့်အပြင် မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးစီမံကိန်း (Myanmar Sustainable Development Plan-MSDP) ကို အကောင်အထည်ဖော်ဆောင်ရာ၌လည်း အထောက် အပံ့ ဖြစ်စေပါသည်။


MOS

DSW

DDM

DOR