လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်ယနေ့နံနက်ပိုင်း၌ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့၊မြို့တော်ခန်းမတွင်ကျင်းပသည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။သင်တန်းဖွင့်ပွဲသို့ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှတာဝန်ရှိသူများ၊ဧရာဝတီတိုင်းဒေသကြီးမသန်စွမ်းသူများအသင်းမှတာဝန်ရှိသူများနှင့်မသန်စွမ်းသူများ၊သင်တန်းသား၊သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်၂၀၂၄ခုနှစ်၊လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရဧရာဝတီတိုင်းဒေသကြီးတွင်မသန်စွမ်းသူဦးရေလေးသိန်းခွဲနီးပါးရှိပြီးမသန်စွမ်းဖြစ်ပွားမှုနှုန်း (၈.၉ရာခိုင်နှုန်းဖြင့်) တိုင်းဒေသကြီးများတွင်အမြင့်မားဆုံးဖြစ်ကာညောင်တုန်းမြို့နယ်တွင်မသန်စွမ်းသူဦးရေတစ်သောင်းကျော်ရှိကြောင်း၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ရပ်မိရပ်ဖများအနေဖြင့်မိမိတို့နှင့်နီးစပ်ရာအသိုက်အဝန်းတွင်ရှိသည့်မသန်စွမ်းသူများအတွက်အများတန်းတူအခွင့်အရေးနှင့်ခံစားခွင့်များအပြည့်အဝရရှိစေရေးဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊နိုင်ငံတော်အနေဖြင့်မသန်စွမ်းသူများ၏ဂုဏ်သိက္ခာ၊လူ့အခွင့်အရေးနှင့်လူမှုအသိုက်အဝန်းအတွင်းတန်းတူညီမျှပါဝင်ဆောင်ရွက်ခွင့်ရရှိရေး၊ခွဲခြားဆက်ဆံခံရမှုနှင့်မညီမျှမှုမရှိစေရေးအတွက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊မသန်စွမ်းသူများအနေဖြင့်အသက်မွေးဝမ်းကျောင်းပညာသင်ကြားခွင့်နှင့်အလုပ်အကိုင်အခွင့်အလမ်းရရှိမှသာကိုယ်ပိုင်ဝင်ငွေရရှိပြီး၊ဂုဏ်သိက္ခာရှိရှိအမှီအခိုကင်းစွာရပ်တည်နေထိုင်နိုင်ပြီးဘဝအရည်အသွေးတိုးတက်လာမှာဖြစ်ပါကြောင်း၊မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းသည်မသန်စွမ်းသူများအတွက်မူဝါဒများရေးဆွဲချမှတ်ရာမှာအချက်အလက်များတိကျမှန်ကန်စေရေးအတွက်အရေးပါသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
သင်တန်းသို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ချုပ်၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ချုပ်၊မြို့နယ်ကြက်ခြေနီအသင်း၊ဧရာဝတီတိုင်းဒေသကြီး၊မသန်စွမ်းသူများအသင်းနှင့်ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းကိုပုသိမ်မြို့နယ်နှင့်ကန်ကြီးထောင့်မြို့နယ်တို့တွင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးညောင်တုန်းမြို့နယ်တွင်ထပ်မံဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့်စုစုပေါင်းစီမံကိန်းမြို့နယ်(၃၉)ခုတွင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီးမသန်စွမ်းသူစုစုပေါင်း (၁၃,၄၂၂)ဦးအားမသန်စွမ်းသူမှတ်ပုံတင်လက်မှတ်များထုတ်ပေးထားပြီးဖြစ်ကြောင်းသတင်းရရှိပါသည်။








