လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အကြောပြင်အနှိပ်(၁)နှစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို (၁၉.၆.၂၀၂၃)ရက်နေ့တွင် လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးဌာနစုမှ တာဝန်ရှိသူများမှ Online ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှကျောင်းအုပ်၊ သင်တန်းတာဝန်ခံများ၊ သင်တန်းသား၊ သင်တန်းသူများမှ Inpersonဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃ခုနှစ်၊ ဇွန်လမှ ၂၀၂၄ခုနှစ်၊ မတ်လအထိဖွင့်လှစ်ပို့ချပေးမည့် အမြင်အာရုံမသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုဖြစ်သည့် အကြောပြင်အနှိပ်(၁)နှစ်သင်တန်းကို အမြင်အာရုံမသန်စွမ်းသူများ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကိုတတ်မြောက်ပြီး ကိုယ့်အားကိုယ်ကိုးလာနိုင်စေရန်၊ လူမှုအသိုက်အဝန်းအတွင်းပါဝင်နိုင်မှုတိုးမြှင့်လာစေရန်၊ ရရှိပြီးသည့် ကျန်းမာရေးအသိပညာများဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပါဝင်လုပ်ကိုင်ကူညီနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ၂၀၁၂ခုနှစ်မှစတင်၍ အကြောပြင်အနှိပ်(၁)နှစ်သင်တန်းကို ဖွင့်လှစ်ခဲ့ရာ ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် (၉)ကြိမ်မြောက်အထိဖွင့်လှစ်၍ သင်တန်းသား/သူ(၁၀၈)ဦးကို အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုဖွင့်လှစ်မည့်သင်တန်းသည် (၁၀)ကြိမ်မြောက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့သင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် အမြင်အာရုံမသန်စွမ်းသင်တန်းသား/သူများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုတတ်မြောက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာခြင်းအားဖြင့် နိုင်ငံ၏လုပ်သားဈေးကွက်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင်လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်မြင့်မားလာပြီး နောင်တစ်ချိန်တွင် အမြင်အာရုံမသန်စွမ်းသူများကို လက်ဆင့်ကမ်းပြန်လည်သင်ကြားပေးနိုင်ခြင်းကြောင့် အမြင်အာရုံမသန်စွမ်းသူ အကြောပြင်အနှိပ်ပညာရှင်များတိုးပွား၍ ကျန်းမာရေးအသိကိုအခြေခံသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ပါဝင်လုပ်ကိုင်ကူညီနိုင်လာမည်ဖြစ်သည့်အတွက် ယခုသင်တန်းကိုတက်ရောက်ကြမည့် သင်တန်းသား/သူများကို အထူးကြိုးစားအားထုတ်ကြရန်မှာကြားလိုပါကြောင်း၊ အမြင်အာရုံမသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းကိုတိုးတက်စေပြီး ပြည်သူ့အကျိုးပြုစေနိုင်မည့် သင်တန်းမျိုးကိုဖွင့်လှစ်ပေးသည့်အတွက် သက်ဆိုင်သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ရှေ့လာမည့်နှစ်များတွင်လည်း သင်တန်းများကို စဉ်ဆက်မပြတ်ဆက်လက်ဖွင့်လှစ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းဖွင့်ပွဲအခမ်းအနားကို အခမ်းအနားအစီအစဉ်အတိုင်း ကျင်းပခဲ့ရာ သင်တန်းသား(၆)ဦးနှင့် သင်တန်းသူ(၆)ဦး စုစုပေါင်းသင်တန်းသား/သူ(၁၂)ဦးမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး အခမ်းအနားကို နံနက်(၁ဝး၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှ သင်တန်းသား(၁)ဦးနှင့် သင်တန်းသူ(၁)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ သင်တန်းသား (၁)ဦးနှင့် သင်တန်း သူ(၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ သင်တန်းသား(၁)ဦးနှင့် သင်တန်းသူ(၃)ဦး၊ ကရင်ပြည်နယ်မှ သင်တန်းသား(၁)ဦးနှင့်သင်တန်းသူ(၁)ဦး၊ မွန်ပြည်နယ်မှ သင်တန်းသား(၁)ဦးနှင့် ရှမ်းပြည်နယ်မှ သင်တန်းသား(၁)ဦးတို့ဖြင့် ၂၀၂၃ခုနှစ်၊ ဇွန်လမှ ၂၀၂၄ခုနှစ်၊ မတ်လအထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။





နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR