ဝန်ဆောင်မှုလုပ်ငန်း

၁။ ယနေ့ကမ္ဘာပေါ်ရှိနိုင်ငံများတွင် လူငယ်မူဝါဒ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် နိုင်ခြင်းမရှိသေးသည့် နိုင်ငံပေါင်း(၃၀)ကျော်ရှိရာတွင် မြန်မာနိုင်ငံသည်လည်း တစ်နိုင်ငံအပါအဝင်ဖြစ်ပြီး လူငယ်မူဝါဒရေးဆွဲနိုင်ခြင်းမရှိသည့် နိုင်ငံများတွင် လူငယ်များ၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များ၊ အမြင်များအ‌ပေါ်အခြေခံ၍ လုံလောက်သည့် တုံ့ပြန်မှုများ ဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက်ရှိသောကြောင့် နိုင်ငံတော်အစိုးရသစ်လက်ထက် ရက် (၁၀၀) စီမံချက်တွင် လူငယ်ရေးရာမူဝါဒရေးဆွဲ အကောင်အထည်ဖော်ရေးစီမံချက်ကို ထည့်သွင်း ရေးဆွဲခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေစုစုပေါင်းမှာ (၅၁.၄) သန်းရှိပြီး အမျိုးသား၊ အမျိုးသမီး အချိုးမှာ (၉၃:၁၀၀) အချိုးဖြစ်ပါသည်။ လူငယ်၏အဓိပ္ပါယ် ဖွင့်ဆိုချက်အတွက် အကြုံးဝင်သော အသက်အပိုင်းအခြား (၁၅နှစ်မှ ၃၅နှစ် အတွင်း) လူဦးရေရာခိုင်နှုန်းမှာ ၃၃.၈၁% ဖြစ်ပါသည်။

၂။ လူငယ်ရေးရာမူဝါဒကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်‌သောအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များဖြင့် ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီ၊ မူကြမ်းရေးဆွဲရေးအဖွဲ့များ ဖွဲ့စည်း၍ (၂၀၁၆) ခုနှစ်တွင် စတင်ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး  တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူငယ်များကိုယ်တိုင် ဦးဆောင်ပါဝင် ရေးဆွဲခဲ့ပါသည်။ အဆိုပါ လူငယ်ရေးရာမူဝါဒတွင် လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍ(၁၆)ရပ်ကို ထည့်သွင်းရေးဆွဲခဲ့ပြီး မြန်မာ့လူငယ်ထုအတွက် အောင်မြင်မှုမှတ်တိုင် ဖြစ်သည့် မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်  ပြည်ထောင်စု အစိုးရအဖွဲ့မှ အတည်ပြုပေးခဲ့ပြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့၌ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင်  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် က မိတ်ဆက်ဖြန့်ချိပေးခဲ့ပါသည်။ 

၃။ အဆိုပါလူငယ်ရေးရာမူဝါဒတွင် မျှော်မှန်းချက်အဖြစ် မြန်မာ့လူငယ်ထုအတွက် နိုင်ငံ တကာနှင့်ရင်ဘောင်တန်းနိုင်မည့် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် လူငယ်များက အဓိကအခန်းကဏ္ဍတစ်ရပ်မှ စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင်ပူးပေါင်းကြိုးပမ်းဆောင်ရွက်လာနိုင်စေရန် ထည့်သွင်းထားပါသည်။ လူငယ်ရေးရာ မူဝါဒ ရည်မှန်းချက်အဖြစ် ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင်မှုအရည်အသွေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးစသည်တို့တွင် သာတူ ညီမျှ ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူငယ်များအဖြစ် ပျိုးထောင်ပေးပြီး နိုင်ငံ့သားကောင်း လူငယ်များ ပေါ်ထွန်းလာရန် ရည်မှန်းထားပါသည်။ 

  

မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဖွဲ့စည်းခြင်း

၄။ လူငယ်ရေးရာမူဝါဒအရ မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီကို နိုင်ငံတော် သမ္မတရုံးမှ ကော်မတီဝင် (၂၇) ဦးဖြင့် အတည်ပြုဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အဆင့်  လူငယ်ရေးရာကော်မတီများကို ဖွဲ့စည်းနိုင်ခဲ့ပြီး ခရိုင်/ မြို့နယ်အဆင့် လူငယ်ရေးရာကော်မတီများကိုလည်း ဆက်လက်ဖွဲ့စည်း၍ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ 

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်များကျင်းပခြင်း                                        

၅။ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပသော လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (ရန်ကုန်) ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁)၊ (၂) နှင့် (၃) ရက်နေ့တို့တွင် ရန်ကုန် တက္ကသိုလ်၌လည်းကောင်း၊ လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး) ကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၁၁)၊ (၁၂) နှင့် (၁၃) ရက်နေ့ တို့တွင် မန္တလေးတက္ကသိုလ်၌ လည်းကောင်း၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး) ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)၊ (၁၆) နှင့် (၁၇) ရက်နေ့တို့တွင် မကွေးတက္ကသိုလ်၌ လည်းကောင်း အသီးသီးကျင်းပခဲ့ရာ အဆိုပါ ပွဲတော်များ တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လူငယ်ရေးရာကော်မတီတို့က လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာကော်မတီပြခန်း များကို ထည့်သွင်းပြသခဲ့ပြီး အလွှာစုံမှ လူငယ်များပါဝင်ခဲ့ပါသည်။ 

  

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကျင်းပခြင်း

၆။ ၂၀၁၉ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီများ၏ ပြခန်းများတွင် လူငယ်များ၏လှုပ်ရှားမှုများကို ထည့်သွင်းပြသနိုင်ခဲ့ပါသည်။ ဆက်လက်၍ (၁၁.၈.၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ Online အခမ်းအနားကို “Youth Engagement In Global Action” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် လူငယ်များ၏ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုဆိုင်ရာ မှတ်တမ်းပြိုင်ပွဲမှ ဆုရရှိသည့် Video မှတ်တမ်းများကို ပြသခဲ့ပါသည်။ 

  

မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီအစည်းအဝေးများ ကျင်းပခြင်း

၇။ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ (ပထမအကြိမ်) အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် ကျင်းပခဲ့ရာ ကော်မတီဝင်ပြည်ထောင်စုဝန်ကြီးများ၊ ဌာန ဆိုင်ရာများမှ ကိုယ်စားလှယ်များနှင့် လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၁၁)ရက်နေ့တွင် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ (ဒုတိယအကြိမ်) အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၏ စုပေါင်းခန်းမ၌ ကျင်းပခဲ့ပြီး ကော်မတီဝင်ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ ဆက်စပ်ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီဝင် လူငယ်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ 

အာဆီယံအသင်း(မြန်မာနိုင်ငံ) ဖွဲ့စည်းခြင်း

၈။ အာဆီယံအသင်း (မြန်မာနိုင်ငံ)ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့ တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀၅/၂၀၁၉ ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ အာဆီယံအသင်း(မြန်မာနိုင်ငံ)၏ လုပ်ငန်းအဖွဲ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မှ ဥက္ကဌဖြစ်ပြီး အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး တာဝန်ကို ဥက္ကဌမှ တာဝန် ပေးအပ်သည့် လူငယ်ကိုယ်စားလှယ်(၂)ဦးက တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါသည်။ အာဆီယံအသင်း(မြန်မာနိုင်ငံ) ဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ  မြန်မာနိုင်ငံတွင် ပြည်သူများအကြား အာဆီယံဆိုင်ရာ အသိအမြင် ဗဟုသုတများ တိုးပွားရေးအတွက် ဆောင်ရွက်ရန်၊ အဆီယံ အသိုက်အဝန်းသည် အများပြည်သူနှင့် သက်ဆိုင်ပြီး အာဆီယံအသိုက်အဝန်း ထူထောင် ရာတွင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဆိုသည့် သိမြင်ခံစားစိတ်မြှင့်တင် ရန်၊ အာဆီယံ၏ သွင်ပြင် လက္ခဏာများကို တိုးမြှင့်ဖော်ထုတ်ရန်၊ အာဆီယံအသင်းများ ကွန်ရက်တွင်ပါဝင်၍ အတွေ့အကြုံ၊ ဗဟုသုတ များဖလှယ်ရေးနှင့် အာဆီယံဆိုင်ရာအသိ အမြင် ဗဟုသုတများ တိုးမြှင့်ရေးအတွက် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်နှင့် အာဆီယံမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လူငယ်များအပါအဝင် အများပြည်သူများထံမှ သဘောထား အမြင်များနှင့် အကြံဉာဏ်များရယူရန် ရည်ရွယ်ဖွဲ့စည်း ခြင်းဖြစ်ပါသည်။

လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) အတည် ပြုခြင်း

၉။ ယခုအခါ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) (၂၀.၈.၂၀၂၀) ရက်နေ့ကကျင်းပ ပြုလုပ်ခဲ့သော ပြည်ထောင်စုအစည်းအဝေး (၂၆/၂၀၂၀) ဖြင့် အတည်ပြုခဲ့ပြီး ဖြစ်ပါသည်။ 


MOS

DSW

DDM

DOR