ဝန်ဆောင်မှုလုပ်ငန်း

လူမှုဝန်ထမ်းဦးစီးဌာနမှ  ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရပ်များတွင် အာဆီယံ-လူငယ်ဆိုင်ရာ လုပ်ငန်းမှာ ဗဟိုချက်လုပ်ငန်း တစ်ခုအဖြစ် ပါဝင်ပါသည်။ အာဆီယံ-လူငယ်ဆိုင်ရာ လုပ်ငန်း၏ အဓိက ရည်မှန်းချက်များမှာ အာဆီယံ-လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်၊ အာဆီယံ-လူငယ်များ၏ ခေါင်းဆောင်မှု အရည်အသွေး တိုးတက်မြင့်မားစေရန်  အာဆီယံ လူငယ်ထုအတွင်း  မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကို ချစ်မြတ်နိုး တတ်စေရန်နှင့် အာဆီယံလူငယ်များ အချင်းချင်းလူငယ်ဆိုင်ရာ မူဝါဒရေးရာများကို ဆွေးနွေးဖလှယ်နိုင်စေရန် ဖြစ်ပါသည်။

    အာဆီယံနိုင်ငံများမှ လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်၊ ထောင်စုနှစ် ရည်မှန်းချက်များအား လူငယ်ထု၏ စွမ်းအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် လူငယ်ဆိုင်ရာ အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို ဒေသတွင်း နိုင်ငံများ၌ ပုံမှန်ကျင်းပလျက် ရှိပါသည်။ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို  အိမ်ရှင်နိုင်ငံအဖြစ် (၂)နှစ်တစ်ကြိမ် အလှည့်ကျ လက်ခံကျင်းပ လျက်ရှိရာ လူမှုဝန်ထမ်းဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီးများက ပုံမှန်တက်ရောက် လျက်ရှိပါသည်။ 

    ၂၀၁၁ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင်  ကျင်းပခဲ့သော သတ္တမအကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကလေး/လူငယ်) ဦးဆောင် တက်ရောက် ခဲ့ပြီး ဒေသတွင်း နိုင်ငံများမှ လူငယ်များ၏ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း တိုးမြှင့်ဆောင်ရွက်စေရး ကိစ္စရပ်များကို ဆွေးနွေးနိုင် ခဲ့ပါသည်။

      

အာဆီယံ လူငယ်များနေ့ အစည်းအဝေးကို ၁၉၉၂ ခုနှစ်မှစ၍  အာဆီယံနိုင်ငံများတွင် အလှည့်ကျဖိတ်ကြား ကျင်းပလျက်ရှိရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ လူငယ်ကိုယ်စားလှယ်များ   တက်ရောက်နိုင်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ဘာသာရပ် ဆိုင်ရာ ထူးချွန်လူငယ်များအတွက် အာဆီယံလူငယ်ဆု(ASEAN Youth Award) နှင့်  လူမှုရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ လှုပ်ရှားဆောင်ရွက်သော အဖွဲ့အစည်းများအတွက် Ten Accomplished  of  Youth  Organization  ( TAYO ) ဆုကို နှစ်စဉ်ချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံမှ အားကစားနှင့် ဘာသာရပ်ဆိုင်ရာ ထူးချွန်ဆုကို ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများဖြစ်သည့်   မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ဆုလက်ခံ ရယူနိုင်ခဲ့ပါသည်။                                                   

    မြန်မာနိုင်ငံတွင် အာဆီယံလူငယ်များနေ့ အစည်းအဝေးများကို ကျင်းပခဲ့ရာ (၉)ကြိမ် မြောက် အာဆီယံလူငယ်များနေ့ အစည်းအဝေးကို ၂၀၀၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ လည်းကောင်း၊ (၁၅)ကြိမ်မြောက် အာဆီယံလူငယ်များနေ့ အစည်းအဝေးကို ၂၀၀၉ ခုနှစ်တွင် နေပြည်တော်၌လည်းကောင်း၊ တတိယအကြိမ် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ၂၀၀၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၌လည်းကောင်း၊ အာဆီယံလူငယ်များဆိုင်ရာ IT နည်းပညာ ဆွေးနွေးပွဲကို ၂၀၀၅ ခုနှစ်တွင် ရန်ကုန်မြို့၌လည်းကောင်း ကျင်းပနိုင်ခဲ့ပါသည်။

    လူငယ်များဆိုင်ရာ လေ့လာရေးခရီးစဉ်များကို နှစ်စဉ်ဖိတ်ကြားလျက်ရှိရာ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မိခင်နှင့်ကလေးေ စာင့်ရှောက်ရေး အသင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ  ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့မှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်နိုင်ခဲ့ပါသည်။

    ၎င်းအပြင် အာဆီယံ+၃ နိုင်ငံများ၊ အာဆီယံ+၆ နိုင်ငံ များမှလည်း လူငယ်များနှင့် ပတ်သက်သော Meeting, Seminar, Workshop ,Symposium, Forum, Expo, Youth Camp တို့ ကို အခါအားလျော်စွာ ဖိတ်ကြားလျက်ရှိပြီး လူငယ်များနှင့်ပတ်သက်သော ပညာရေး၊ မျိုးဆက်ပွား ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ  တိုးမြှင့်ဆောင်ရွက်ရေး၊  လူငယ်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ခေါင်းဆောင်မှု အရည်အသွေး တိုးတက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း တိုးတက်ဆောင်ရွက်ရေး၊ လူငယ်များနှင့် အကြမ်းဖက်မှု ပြဿနာ၊ မူးယစ်ဆေးဝါးအန္တရာယ် စသည့် လုပ်ငန်းများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ တက်ရောက်နိုင်ခဲ့ ပါသည်။

    လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အာဆီယံလူငယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း၊ နိုင်ငံတကာ အစည်းအဝေးများသို့  တက်ရောက်နိုင်ခဲ့ခြင်းတို့ကြောင့် အာဆီယံ နိုင်ငံများအတွင်း လူငယ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးနိုင်ခဲ့သည့်အပြင် အာဆီယံဒေသတွင်း လူငယ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် မူဝါဒလမ်းစဉ်များကို အမြင်ချင်း ဖလှယ်ဆွးနွေး နိုင်ခဲ့ပါသည်။ ထို့အပြင် မြန်မာလူငယ်များအကြောင်းကို နိုင်ငံတကာမှ ပိုမိုသိရှိနိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ မြန်မာလူမျိုးတို့၏ ကောင်းမြတ်သော စေတနာ့ဝန်ထမ်းစိတ်ဓါတ် များကို နိုင်ငံတကာမှ သိရှိအောင် ဖော်ထုတ်နိုင်ခဲ့ပါသည်။


MOS

DSW

DDM

DOR