ဝန်ဆောင်မှုလုပ်ငန်း

လူငယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဟူ၍ နှစ်ပိုင်းခွဲခြားဆောင် ရွက်လျက်ရှိပါသည်။ ကြိုတင် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအနေဖြင့် လူငယ်များ လေလွင့်မှုကို ကာကွယ်ရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် အတွက် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးတွင် လူငယ့်ရိပ်သာ(၇၀)ခုကို ဖွင့်လှစ်၍ လူငယ်ပေါင်း (၇၅၈၉)ကို ပါဝင်လှုပ်ရှား ဆောင်ရွက်လျက်ရှိပါသည်။

     ထို့အပြင် နေ့ဘက်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်သော လူငယ်များအား မူလတန်းပညာ သင်ကြားနိုင်စေရန်အတွက် ပြည်နယ်/တိုင်းဒေသကြီးများတွင် စေတနာ့မူလတန်း ညကျောင်း(၈၉) ကျောင်း ဖွင့်လှစ်၍ ကျောင်းသား(၅၈၄၂)ဦးကို ဆရာ/ဆရာမ(၂၅၂)ဦးက ပညာသင်ကြားပေးလျက်ရှိပါသည်။ လူမှုဝန်ထမ်းဦးစီးဌာနသည် အဆိုပါ လူငယ်ရိပ်သာနှင့် စေတနာမူလတန်း ညကျောင်းများသို့ ဆရာ ဂုဏ်ပြုစရိတ်၊ ပရိဘောဂကြေး၊ မီတာခ၊ စာရေးကိရိယာနှင့် အားကစားပစ္စည်းများကို နှစ်စဉ် ထောက်ပံ့ပေးလျက် ရှိပါသည်။

     ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွင် လူမှုဝန်ထမ်းဦးစီးဌာနသည် သင်တန်းကျောင်း အခြေပြုကလေးသူငယ် ကာကွယ်စောင့်ရှာက်ရေး လုပ်ငန်းနှင့် ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ သင်တန်းကျောင်း အခြေပြု ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနသည် အောက်ဖော်ပြပါ သင်တန်းကျောင်း(၁၀)ကျောင်း ဖွင့်လှစ်၍ အသက်(၈)နှစ်မှ (၁၈)နှစ်အထိ ကလေးများကို လက်ခံစောင့်ရှောက်ပေးလျက် ရှိပါသည်-

(က) ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း

( ခ) သန်လျင်လူငယ်သင်တန်းကျောင်း

( ဂ) ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း

(ဃ) မော်လမြိုင်လူငယ်သင်တန်းကျောင်း

( င) မန္တလေးလူငယ်သင်တန်းကျောင်း

( စ) လားရှိုးလူငယ်သင်တန်းကျောင်း

(ဆ) လပွတ္တာလူငယ်အားမာန်သင်တန်းကျောင်း

( ဇ) အမျိုးသမီးကလေးများသင်တန်းကျောင်း(ရန်ကုန်)

( ဈ) အမျိုးသမီးကလေးများသင်တန်းကျောင်း(ထောက်ကြန့်)

(ည) အမျိုးသမီးကလေးများသင်တန်းကျောင်း(မန္တလေး)


     အဆိုပါ လူငယ်သင်တန်း ကျောင်းများတွင် အန္တရာယ်ကျရောက်လွယ်သော ကလေးများဖြစ်သည့် ကလးသူငယ်ဥပဒေပုဒ်မ(၃၂) အရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော မိဘမဲ့ကလေးများ၊ စွန့်ပစ်ခံရသောကလေးများ၊ ကလေးသူငယ် တရားရုံးတွင် ပြစ်မှုနှင့်ရင်ဆိုင် နေရသော ကလေးသူငယ်များ၊ ခေါင်းပုံဖြတ်ခြင်း၊ လျစ်လျူရှုခြင်း၊ လွဲမှားစွာပြုကျင့်ခြင်းနှင့် အကြမ်းဖက်ခြင်း ခံနေရသော ကလေးများအား လက်ခံစောင့်ရှောက် ပေးလျက်ရှိပါသည်။

     အဆိုပါ လူငယ်သင်တန်း ကျောင်းများတွင် ကလေးသူငယ်များ၏ အခြေခံလိုအပ်ချက်များ ဖြစ်သည့် စားဝတ်နေရေး၊ ကျန်းမားရေး၊ ပညာရေး၊ အားကစားလှုပ်ရှားမှု ၊ အသက်မွေးဝမ်းကြောင်း ပညာသင်ကြားခြင်း၊ ကျောင်းပြင်ပပညာရေး သင်ကြားပေးခြင်း များအပြင်၊ ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ တရားထိုင်စေခြင်း၊ အပန်းဖြေ လေ့လာရေး ခရီးများထွက်ခြင်း၊ လူမှုရေးပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး ပေးခြင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ကလေးသူငယ်များ၏ စိတ်ခံစားမှု၊ ဖိစီးမှုများအား ပြေလျော့စေပြီး၊ စိတ်ပိုင်းနှင့် စာရိတ္တပိုင်း ဖွံ့ဖြိုးတိုးတက်မှုများ ရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ စေတနာရှင် ပြည်သူများကလည်း သဒ္ဒါတရားထက်သန်စွာ လာရောက်လှူဒါန်းလျက်ရှိပါသည်။



လူမှုဝန်ထမ်းဦးစီးဌာနသည် UNICEF,Tdh-L တို့နှင့် ပူးပေါင်း၍ သင်တန်းကျောင်းများရှိ ကလေးသူငယ်များ၊ မိဘအုပ်ထိန်း သူများထံ ပြန်လည်အပ်နှံနိုင်ရေးအတွက် မိသားစု ပြန်လည်ပါင်းစည်းရေး အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် UNICEF နှင့် ပူးပေါင်း၍ သင်တန်းကျောင်းရှိ ကလေးများ၏ Data base အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။

     ရပ်ရွာအခြေပြု ကလေးသူငယ် စောင့်ရှောက်ရေး လုပ်ငန်းအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနသည် UNICEF နှင့်ပူးပေါင်း၍ မြို့နယ်အဆင့် လူမှုဝန်ထမ်းအရာရှိများအား တာဝန်ပေးအပ်ပြီး ရပ်ရွာအတွင်းရှိ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက် ပေးလျက်ရှိပါသည်။

     ထို့အပြင် စေတနာလူမှုဝန်ထမ်း အဖွဲ့အစည်းများကလည်း ရပ်ရွာအတွင်းရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ များကို ဖွင့်လှစ်၍ မိမဲ့၊ ဘမဲ့၊ ခိုကိုးရာမဲ့ကလေးများအား လက်ခံစောင့်ရှောက်ပေးလျက်ရှိပါသည်။ လူမှုဝန်ထမ်းဦးစီးဌာနမှ ဂေဟာပေါင်း(၂၁၁)အား ငွေကြေးနှင့် နည်းပညာရပ်ပိုင်းဆိုင်ရာများကို ကူညီပံ့ပိုးပေးလျက်ရှိပါသည်။

             

 လူမှုဝန်ထမ်းဦးစီးဌာနသည် လူငယ်စောင့်ရှောက်ရေးလုပ်ငန်းအား လုပ်ငန်းဆက်စပ်နေသည့် ဝန်ကြီးဌာနများ၊ NGOs ၊ INGOs ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ စေတနာ လူမှုဝန်ထမ်းသမားများ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။



MOS

DSW

DDM

DOR